29
ဖိလိတ္တိအလုံးအရင်းတို့သည် အာဖက်မြို့၌ စုရုံးကြ၏။ ဣသရေလရဲမက်တို့ကား ယေဇရေလ မြို့ရှိ စမ်းရေတွင်းအနီးတပ်စွဲကြ၏။ ဖိလိတ္တိမင်းတို့သည် ရာတပ်၊ ထောင်တပ်၊ ဖွဲ့စည်းချီသွား၍ ဒါဝိဒ်နှင့်အပေါင်းပါတို့လည်း နောက်တပ်မတွင် အာခိတ်မင်းနှင့်အတူချီရကြသော်၊ ဖိလိတ္တိမင်းတို့က လိုက်ချီသောဟေဗြဲတို့ကား မည်သို့နည်းဟုမေးကြလျှင် ဤသူသည် ငါ့ထံ ကြာမြင့်စွာခိုနေသော ဣသရေလဘုရင်ရှောလုမင်း၏ ကျွန်ဒါဝိဒ်ဖြစ်သည်မဟုတ်လော။ ခိုဝင် သောနေ့မှစ၍ယခုတိုင်၊ သူ၌အပြစ်တစ်စုံတစ်ခုမျှမတွေ့ဟု အာခိတ်မင်းပြန်ဆိုသော်လည်း၊ ဖိလိတ္တိမင်း တို့စိတ်ဆိုး၍ ဘုရင်စီမံထားသောမြို့သို့ ပြန်လွှတ်တော်မူပါ။ စစ်ရေးတွင် ရန်မူမည်ကို စိုးရိမ်ဖွယ်ရှိသဖြင့် ကျွန်တော်တို့နှင့်အတူ စစ်ချီခွင့်ပြုတော်မမူပါလင့်။ သူသည် မည်သည့်လက်ဆောင်ဖြင့် ကိုယ့်သခင် စိတ်ပြေစေမည်နည်း။ ကျွန်တော်တို့ရဲမက်များ၏ခေါင်းမဟုတ်ပါလော။ ထိုဒါဝိဒ်ကို ရည်သဖြင့် ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းလုပ်ကြံလေပြီတကား ဟူ၍ ကခုန်လျက် တဘောင်ဖွဲ့ဆိုကြပြီမဟုတ်လောဟု ပြန်လျှောက်ကြသောအခါ အာခိန်မင်းသည် ဒါဝိဒ်ကိုခေါ်ပြီးမှ ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း၊ သင်ဖြောင့် မတ်စွာပြုလေပြီ။ ဝင်ရောက်သည့်နေ့မှစ၍ ယခုတိုင်မတော်သောအရာတစ်ခုမျှ ငါမတွေ့သည့် အလျောက် ငါနှင့်အတူစစ်ဝင်ခြင်း၊ စစ်ထွက်ခြင်းအမှုကို ငါအားရခဲ့ပြီ။ သို့ရာတွင် သင့်ကိုဖိလိတ္တိ မင်းတို့ သဘောမကျသည့်အတွက် ၎င်းတို့မျက်မုန်းမကြိုးစေရန် အသာအကြည်ပြန်သွားလော့ဟု မိန့်ဆိုလျှင် ကျွန်တော်သည် မည်သည့်ပြစ်မှုကို ပြုဘူးပါသနည်း။ ကျွန်တော့်အရှင်ဘုရင်မင်း၏ ရန်သူတို့ကို ချီလိုက်၍ မတိုက်စေရန် ဝင်နေသည့်နေ့မှစ၍ ယခုတိုင် မည်သည့်ပြစ်မှုကို တွေ့ဘူးပါသနည်းဟု ဒါဝိဒ် မေးလျှောက်သော် အာခိတ်မင်းက၊ ဘုရားသခင့်စေတမန်တော်ကဲ့သို့ သင့်ကိုငါအားရသော်လည်း ဖိလိတ္တိမင်းတို့မူ ငါတို့နှင့်အတူ စစ်တိုက်မလိုက်ရဟူ၍ ဆုံးဖြတ်ခဲ့ကြပြီ။ 10 ထိုကြောင့် လိုက်ပါသောသင့်အရှင်၏ကျွန်တို့နှင့်အတူ နံနက်အချိန်ထ၍ မိုးလင်းလျှင်လင်းချင်း ပြန်သွားလော့ဟု ဒါဝိဒ်အားမိန့်ဆိုသည့်အတိုင်း 11 ဒါဝိဒ်သည် အပေါင်းပါတို့နှင့်တကွ နံနက်အချိန်ထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားလေ၏။ ဖိလိတ္တိတပ်ကား ယေဇရေလမြို့သို့ချီသွားသတည်း။