24
ရှောလုမင်းသည် ဖိလိတ္တိတပ်ကို လိုက်လံရာမှပြန်လျှင် အဂေဒိတော၌ ဒါဝိဒ်ခိုနေသောသတင်း ကြားသောကြောင့် ဣသရေလရဲမက်တို့အနက် သုံးထောင်ကိုရွေးကောက်၍ တောင်ဆိတ်များနေရာကျောက်တောင် ပေါ်တွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ကို ချီထွက်လိုက်ရှာလေ၏။ လိုက်ရှာစဉ် သိုးခြံများအနီးရှိဥမင်ကိုတွေ့သဖြင့်၊ ရှောလုမင်းသည် ကိုယ်သုတ်သင်ရန်ဝင်သွား ရာ၊ ဒါဝိဒ်နှင့်အပေါင်းပါတို့လည်း ဥမင်အဆုံး၌ခိုလျက်ရှိကြ၏။ ထိုအခါ အပေါင်းပါတို့က၊ အလိုအတိုင်းပြုခွင့်ရစေရန် ရန်သူကိုသင့်လက်တွင်းသို့အပ်နှင်းမည် ဟူ၍ ထာဝရဘုရားဗျာဒိတ်ပေးတော်မူသောနေ့ရက်သည် ယခုတိုင်ရောက်ပြီဟုဆိုကြသည့်အတိုင်း ဒါဝိဒ်ထ၍ရှောလုမင်း၏ဝတ်လဲတော်အမြိတ်ကို တိတ်တဆိတ်ဖြတ်ယူလေ၏။ ထိုနောက် ရှောလုမင်း ဝတ်လဲတော်မြိတ်ကို ဖြတ်ယူမိသည့်အတွက် နောင်တရသည်နှင့် ဒါဝိဒ်က၊ ထာဝရဘုရား၏ဘိသိက်တော်ခံမင်းဖြစ်သောကြောင့် ငါ့အရှင်၊ ထိုဘိသိက်တော်ခံမင်း ကို လက်ရောက်မှုအပြစ်သည် ငါနှင့်ကင်းဝေးပါစေသောဟု အပေါင်းပါတို့အားဆိုလျက် ရှောလုမင်းတစ်ဘက်၌ သောင်းကျန်းမှုကို ကန့်ကွက်လေ၏။ ရှောလုမင်းသည် ချီမြဲချီရန် ဥမင်မှထွက်ပြီးနောက်၊ ဒါဝိဒ်လည်း ဥမင်မှထွက်လာ၍ အိုအရှင်မင်းမြတ်ဟု နောက်တော်ကဟစ်ခေါ်သဖြင့်၊ ရှောလုမင်း လှည့်ကြည့်ရာ ဒါဝိဒ်သည်ပျပ်ဝပ်ရှိခိုးလျှင် အကျိုးတော်ပျက်ရန် ဒါဝိဒ်ရှာကြံသည်ဟုမလိုသူတို့ ကုန်းစကားကို အဘယ်ကြောင့် နားယောင်တော်မူပါသနည်း။ 10 ရှုတော်မူပါ။ ယနေ့တွင်အရှင်သိတော်မူသည့်အတိုင်း ထာဝရဘုရားသည် ဥမင်အတွင်း အရှင်ကိုကျွန်တော့်လက်သို့ အပ်နှင်းတော်မူသည်နှင့် လုပ်ကြံရန်တိုက်တွန်းကြသော်လည်း ထာဝရဘုရား၏ ဘိသိက်တော်ခံမင်းဖြစ်သော ကျွန်တော့်အရှင်ကို လက်ရောက်ကျူးလွန်မည်မဟုတ် ဟုပြဌာန်းလျက် အသက်တော်ကိုချမ်းသာစေပါ၏။ 11 အိုခမည်းတော် ကျွန်တော်လက်ဝယ်ရှိသောဝတ်လဲတော်မြိတ်ကို ရှုကြည့်တော်မူပါ။ ထိုအမြိတ် သာဖြတ်လျက် မလုပ်ကြံသည်ကိုထောက်၍ ကျွန်တော်၌လက်​ေရာက်မှု၊ လွန်ကျူးမှုမရှိကြောင်း ကိုလည်းကောင်း၊ ကျွန်တော့်အသက်ကျော့မိရန် အရှင်မင်းလိုက်ရှာသော်လည်း၊ ကျွန်တော်ရန်တုံ့မမူကြောင်း ကိုလည်းကောင်း၊ သိမှတ်တော်မူပါ။ 12 ထာဝရဘုရားသည် အရှင်နှင့် ကျွန်တော့်အလယ်တွင်စီရင်၍ ပြစ်မှားသူ့အပေါ်တွင် ဆပ်ပေးတော်မူပါစေသော။ ကျွန်တော်မူကား၊ လက်ရောက်ကျူးလွန်မည်မဟုတ်ပါ။ 13 ဆိုးသွမ်းသူမှ ဆိုးသွမ်းမှုထွက်တတ်သည်ဟူသော ရှေးစကားပုံအတိုင်း ကျွန်တော်လက်ရောက် ကျူးလွန်မည်မဟုတ်ပါ။ 14 ဣသရေလဘုရင်မင်းဖြစ်သောအရှင်သည် မည်သူ့ကိုလိုက်လံရန် ထွက်ချီခဲ့ပါသနည်း။ ခွေးသေကောင်၊ ခွေးလှေးကောင်မျှသာ မဟုတ်ပါလော။ 15 ထာဝရဘုရားသည် တရားမင်းအဖြစ်၊ ကိုယ်တော်နှင့်ကျွန်တော့်အလယ်တွင်စီရင်လျက် ကျွန်တော့်အမှုကိုထောက်ရှုချေပ၍ အရှင့်လက်တော်မှ လွှတ်တော်မူပါစေသောဟု တင်လျှေက်လေ ၏။ 16 ထိုသို့သောစကားကို ဒါဝိဒ်တင်လျှောက်ပြီးသော်၊ ရှောလုမင်းက၊ အိုငါ့သားဒါဝိဒ်၊ သင့်စကား သံလောဟုမေးလျက် အော်ဟစ်ငိုကြွေးလေ၏။ 17 တစ်ဖန်ရှောလုမင်းက၊ သင်၌အဆိုးကိုငါပြုသော်လည်း ငါ၌အကောင်းသင်ပြုသည်ကို ထောက်၍ ငါ့ထက်သင်ဖြောင့်မတ်လေပြီ။ 18 ငါ့ကိုသင့်လက်တွင်းသို့ ထာဝရဘုရားအပ်နှင်းတော်မူသော်လည်း မလုပ်မကြံမူ၍ ကျေးဇူးပြုကြောင်း ယခုသင်ဖော်ပြလေပြီ။ 19 လူတို့သည် ရန်သူကိုတွေ့မိလျှင် ဘေးမဲ့လွှတ်လိမ့်မည်လော။ ငါ၌ယနေ့သင်ပြုသောကျေးဇူးအစား၊ ထာဝရဘုရားဆပ်ပေးတော်မူပါစေသော။ 20 ယခုမှာ သင်သည်ဘုရင့်အဖြစ်သို့ရောက်၍ ဣသရေလူမျိုးအပေါ်တွင် အုပ်စိုးခွင့်တည်မြဲလိမ့်မည်ဟု ငါသိသည့်အလျောက် 21 ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်မသင်၊ ဆွေမျိုးသားချင်းတို့ဘောင်မှ ငါ့နာမကို မဖျက်မပယ်မည့်အကြောင်း ထာဝရဘုရားကိုတိုင်တည်၍ သစ္စာမူလော့ဟုဆိုသည့်အတိုင်း 22 ဒါဝိဒ်သစ္စာမူပြီးနောက် ရှောလုမင်းသည် နန်းတော်သို့ပြန်သွား၍ ဒါဝိဒ်လည်း အပေါင်းပါတို့နှင့် တကွ လုံခြုံသောနေရာရင်းသို့ တက်သွားလေ၏။