14
တစ်နေ့သ၌ သားတော်ယောနသန်သည်၊ ခမည်းတော်ရှောလုမင်းကို ခွင့်မပန်ဘဲ၊ ဖိလိတ္တိကင်းတပ်သို့ ကူးသွားကြအံ့ဟု လက်နက်ကိုင်လုလင်အား မိန့်ဆိုလေ၏။ ရှောလုမင်းကား၊ ဂိဗာနယ်စွန်း၊ မိဂရုန်ရွာရှိ သလဲခြံတွင် နောက်ပါရဲမက်ခြောက်ရာခန့်နှင့် တကွ ချရပ်လေ၏။ ရှိလောမြို့တွင် ထာဝရဘုရား၏ ပရောဟိတ်ဧလိမြစ်၊ ဖိနဟတ်မြေး၊ ဣခဗုဒ်အစ်ကိုဖြစ်သူ အဟိတုပ်သား၊ အဟိယလည်း ဧဖုဒ်ရတနာပင့်ဆောင်လျက်ပါရှိ၏။ ယောနသန်ထွက်သွားကြောင်း မည်သူမျှမသိချေ။ ဖိလိတ္တိကင်းတပ်ရောက် ယောနသန်စူးစမ်းသော လမ်းကြားတစ်ဘက်တစ်ချက်တွင် ဗောဇက်အ မည်၊ သေနေအမည်ရှိသောကျောက်တောင်နှစ်လုံးရှိ၏။ တစ်လုံးကား မြောက်ဘက်၊ မိတ်မတ်မြို့နှင့်လည်းကောင်း၊ တစ်လုံးကား၊ တောင်ဘက်ဂေဗမြို့နှင့်လည်းကောင်း၊ ရင်ဆိုင်ကျသတည်း။ ယောနသန်က လှီးဖြတ်ခြင်းမင်္ဂလာမဲ့သူတို့ ကင်းတပ်သို့ကူးသွားကြအံ့။ လူများသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ ထာဝရဘုရားမကယ်စိမ့်သောငှါ ကန့်ကွက်ခြင်းမရှိနိုင်သည်ဖြစ်၍ ငါတို့ကို မစကောင်း မစတော်မူလိမ့်မည်ဟု လက်နက်ကိုင်လုလင်အားဆိုလျှင်၊ စိတ်တိုင်းကျရာပြုလုပ်ပါ။ ကျွန်တော်လည်းစိတ်တော်နှင့် ထပ်တူလိုက်ပါမည်ဟု လုလင်ဝန်ခံ သော်၊ ယောနသန်က၊ ထိုသူတို့ရှိရာသို့ ကူးသွား၍ ကိုယ်ကိုေဖာ်ပြမည်။ ငါတို့မရောက်မချင်းရပ်နေလော့ဟု သူတို့ဆိုလျှင် ငါတို့သည် သူတို့ရှိရာသို့ မသွားဘဲရပ်မြဲရပ်နေမည်။ 10 တက်ခဲ့လော့ဟုဆိုခဲ့မူ ငါတို့လက်တွင်းသို့ ထာဝရဘုရားအပ်နှင်းတော်မူမည့် လက္ခဏာဖြစ် သောကြောင့် တက်သွားကြအံ့ဟုဆိုပြီးလျှင် 11-12 နှစ်ဦးလုံးသည် ဖိလိတ္တိကင်းတပ်အား ကိုယ်ကိုေဖာ်ပြသောအခါ ဖိလိတ္တိကင်းတပ်သားတို့က၊ ကြည့်လော့။ ပုန်းအောင်းရာတွင်းများမှ ဟေဗြဲတို့ထွက်လာကြပြီတကားဟုဆိုပြီးမှ တက်ခဲ့ကြလော့။ ငါတို့အလိမ္မာသင်မည်ဟု ဆိုကြရာ လက်နက်ကိုင်လုလင်အား ယောနသန်က၊ လိုက်လော့။ ထိုသူတို့ကို ဣသရေလလူမျိုးလက်တွင်းသို့ ထာဝရဘုရားအပ်နှင်းတော်မူပြီဟုဆိုလျက် 13 လေးဘက်ထောက်တက်လျှင် လုလင်လည်း လိုက်လေ၏။ ယောနသန့်ရှေ့ဖိလိတ္တိတပ်သားတို့ ရှုံးသေ၍ လုလင်လည်းနောက်ထပ်လုပ်ကြံလေ၏။ 14 ယောနသန်နှင့် လုလင်တို့ ပဌမလုပ်ကြံခြင်းအားဖြင့် နွားတစ်ရှဉ်းထွန်လောက်သောမြေကွက် အတွင်းတွင် လူနှစ်ဆယ်ခန့်ရှုံးသေသည်ဖြစ်၍ 15 စစ်မြေပြင်ရှိ တပ်စခန်း၌လည်းကောင်း၊ လိုက်ပါသူအပေါင်းတို့၌လည်းကောင်း၊ ကြောက်ရွံ့ခြင်းဖြစ်သည့်ပြင် ကင်းတပ်သားတို့နှင့် စစ်တံခွန်တပ်သားတို့လည်း ကြောက်ရွံ့ကြလေ၏။ မြေလှုပ်ခြင်းကြောင့်လည်း အားကြီးစွာကြောက်ရွံ့လျက် 16 ရန်သူအလုံးအရင်းတို့ပျက်ပြားကွဲလွင့်ကြသည်ကို ဗင်္ယာမိန်နယ်၊ ဂိဗာမြို့ရှိ ရှောလုမင်း၏ ကင်းစောင့်တို့ ကြည့်မြင်ကြလေ၏။
17 ထိုအခါ ရှောလုမင်းက တပ်မတော်မှထွက်သွားသူ့ကိုသိအံ့သောငှါ ကြည့်ရှုစစ်ဆေးလော့ဟု အပါးတော်ရှိသူတို့အား မိန့်ဆိုသည့်အတိုင်း စစ်ဆေးရာ ယောနသန်နှင့် လက်နက်ကိုင်လုလင်ကို မတွေ့ချေ။ 18 ထိုကာလ၌ ဣသရေလအမျိုးသားတို့ရှေ့၊ ဧဖုဒ်ရတနာကိုပင့်ဆောင်လေ့ရှိသော ပရောဟိတ် အဟိယအား ရှောလုမင်းက ဧဖုဒ်ရတနာပင့်ဆောင်ခဲ့လော့ဟု မိန့်ဆိုသည့်အခိုက် 19 ဖိလိတ္တိအလုံးအရင်းတိုးတက်ပျက်ပြားသည်ဖြစ်၍ ရှောလုမင်းက၊ နေဦးလော့ဟု ပရောဟိတ်အား မိန့်ဆိုပြီးလျှင် 20 အပါးတော်ရှိရဲမက်အပေါင်းတို့ကို စုရုံးစေလျက် စစ်မြေပြင်သို့ရောက်လျှင် ဖိလိတ္တိရဲမက်တို့ သည် အချင်းချင်းခုတ်ကြသဖြင့် ကြီးစွာပျက်ပြားကြ၏။ 21 ဖိလိတ္တိတပ်သို့အရပ်ရပ်မှလိုက်ပါဝင်နေသူ ဟေဗြဲလူမျိုးတို့သည် ရှောလုမင်းနှင့် ယောနသန် တို့နောက်၌ လိုက်သောဣသရေလရဲမက်တို့ဘက်သို့ ကူးဝင်ကြသည့်ပြင် 22 ဧဖရိမ်ခင်တန်းတွင် ပုန်းအောင်း၍နေသော ဣသရေလလူအပေါင်းတို့လည်း ဖိလိတ္တိရဲမက် တို့ပြေးကြောင်းကြားလျှင် ထက်ကြပ်လိုက်လံတိုက်ခိုက်ကြကုန်၏။ 23 ထိုနေ့ရက်တွင် ထာဝရဘုရားသည် ဣသရေလလူမျိုးကို ကယ်ဆယ်တော်မူ၍ ဗေသဝင်မြို့ အလွန်စစ်ရောက်လေ၏။ 24 ထိုနေ့ရက်၌ ဣသရေလရဲမက်တို့ပင်ပန်းကြသော်လည်း ရှောလုမင်းက၊ ရန်သူတို့အပေါ် တွင် လက်စားချေခွင့်ရ၍ ညဉ့်ဦးမတိုင်မီ အစာစားသူတိုင်း အမင်္ဂလာဖြစ်စေဟု ဗိုလ်ထုအား သစ္စာတော် ခံစေသည့်အလျောက် မည်သူမျှအစာမစားရ။ 25 မြေပြင်တွင် ပျားရည်လွှမ်းမိုးသောပျားလပို့ပေါရာသို့ ပြည်သားတို့ရောက်လာကြ၏။ 26 ဗိုလ်ထုသည် ပျားလပို့ပေါရာသို့ရောက်လျှင် ပျားရည်ယိုကျလျက်ရှိသော်လည်း သစ္စာတော် ခံမိသောကြောင့် မည်သူမျှခံတွင်းကိုလက်နှင့်မတို့ဝံ့။ 27 ယောနသန်မူကား၊ ဗိုလ်ထုအား ခမည်းတော်သစ္စာခံစေကြောင်းကို မကြားမသိသည်နှင့် လက်သုံးတော်လှံဖျားဖြင့် ပျားလပို့ကိုကော်၍ လက်နှင့်ခံတွင်းသို့ ယူသွင်းသဖြင့် စက္ခုကြည် လင်သော်၊ 28 ယနေ့အစာစားသောသူ၌ အမင်္ဂလာဖြစ်စေဟု ခမည်းတော်သစ္စာပေးကြောင်း လူတစ်ယောက် ကြားလျှောက်လျှင် ဗိုလ်ထုမောပန်းသည်ကို ယောနသန်သိ၍ 29 ခမည်းတော်သည် ပြည်သားတို့ကိုနှောင့်ရှက်လေပြီ။ ဤပျားရည်အနည်းငယ်ကို ငါစား၍ စက္ခု ကြည်လင်သည်တကား။ 30 ရန်သူတို့လက်မှ သုံ့ရသောအစာကို ဗိုလ်ထုစားသောက်ရလျှင်၊ မည်မျှအကျိုးရှိမည်နည်း။ ယခုမှာဖိလိတ္တိတပ်ကို လုပ်ကြံရခြင်းသည် အကျိုးကြီးမဟုတ်စွတကားဟု ဆိုလေ၏။ 31 ထိုနေ့ချင်းတွင် ဖိလိတ္တိတပ်ကို မိတ်မတ်မြို့မှ အာယလုန်မြို့တိုင်အောင် လုပ်ကြံရသဖြင့် ဗိုလ်ထုသည် အလွန်မောပန်းသည်ဖြစ်၍ 32 သုံ့ရသောသိုး၊ ဆိတ်၊ နွား၊ နွားသားငယ်များကို တစ်ဟုန်တည်းသိမ်းရုံးခုတ်သတ်ပြီးလျှင် အသွေးပါစားကြလေ၏။ 33 ဗိုလ်ထုသည် ထိုသို့အသွေးပါစားမိသည်နှင့် ထာဝရဘုရားကို ပြစ်မှားရာရောက်ပြီဟု ရှောလုမင်းအား တင်လျှောက်ကြလျှင် ရှောလုမင်းက သင်တို့သည် တရားပျက်ကြလေပြီ။ ယခုငါ့ထံ သို့ကျောက်ဖျာကြီးကို လှိမ့်ခဲ့လော့ဟူ၍လည်းကောင်း၊ 34 အသီးအသီးလက်ရသောနွား၊ သိုး၊ ဆိတ်ဟူသမျှကို ဤဌာနသို့ဆောင်ယူသတ်ဖြတ်ပြီးလျှင် စားကြလော့။ အသွေးပါစားခြင်းအားဖြင့် ထာဝရဘုရားကို မပြစ်မှားနှင့်ဟူသောအမိန့်တော်ကို ဗိုလ်ထုအတွင်းအနှံ့အပြားထုတ်ဆင့်လော့ဟူ၍လည်းကောင်း၊ မိန့်ဆိုသည့်အတိုင်း အသီးအသီးတို့သည် ထိုညဉ့်တွင်ပင် နွားစသည်တို့ကို ၎င်းဌာနသို့ဆောင်ယူသတ်ဖြတ်ကြသည့်အတိုင်း 35 ရှောလုမင်းလည်း ထာဝရဘုရားအား ပူဇော်ရာပလ္လင်ကိုတည်လေ၏။ ထိုပလ္လင်တော်ကား ဦးစွာတည်သောပလ္လင်တည်း။
36 တစ်ဖန် ရှောလုမင်းက၊ ညဉ့်အခါဖိလိတ္တိတပ်ကို လိုက်လံ၍၊ မိုးလင်းတိုင်အောင် တစ်ယောက် မကျန်ဖျက်ဆီးကြအံ့ဟု မိန့်ဆိုရာ စိတ်တော်ရှိရာပြုတော်မူပါဟု ဗိုလ်ထုဝန်ခံကြ၏။ ပရောဟိတ် ကလည်း ဤဌာနတွင် ဘုရားသခင့်အထံတော်သို့ တိုးဝင်ကြကုန်အံ့ဟု နှိုးဆော်သည့်အတိုင်း 37 အကျွန်ုပ်သည် ဖိလိတ္တိတပ်ကို လိုက်လံရပါမည်လော။ ဣသရေလလူမျိုးလက်တွင်းသို့ အပ်နှင်းတော်မူပါမည်လောဟု ထာဝရဘုရားအား ရှောလုမင်းမေးလျှောက်ရာ ထိုနေ့တွင်ဗျာဒိတ်ပြန်တော်မမူ။ 38 သို့ဖြစ်၍ ရှောလုမင်းက၊ ဗိုလ်မှူးဗိုလ်ချုပ်အပေါင်းတို့ အပါးတော်သို့ချဉ်းကြလော့။ ယနေ့မည်သည့်အမှုဖြင့် ပြစ်မှားမိသည်ကို သိမြင်အံ့သောငှါ စစ်ဆေးကြလော့။ 39 ဣသရေလလူမျိုးကို ကယ်ဆယ်သောထာဝရဘုရား အသက်ရှင်တော်မူသည့်အတိုင်း သားတော်ယောနသန်ပင်ဖြစ်သော်လည်း မုချသေဒဏ်ခံရမည်ဟု မိန့်ဆိုလျှင် လူပရိသတ်တွင် တစ်စုံတစ်ယောက်မျှ မပြန်မလျှောက်ချေ။ 40 ရှောလုမင်းကလည်း၊ သင်တို့တစ်ဘက်၊ ငါနှင့်သားတော်ယောနသန်တစ်ဘက်၊ ရပ်နေကြအံ့ဟု မိန့်ဆိုလျှက် စိတ်တော်ရှိရာပြုတော်မူပါဟု ဗိုလ်ထုဝန်ခံကြ၏။ 41 ထိုနောက် ရှောလုမင်းက ဟုတ်မှန်ရာမဲကျစေတော်မူပါဟု ဣသရေလလူမျိုး၏ ဘုရားသခင် ထာဝရဘုရားအား တောင်းလျှောက်ပြီးလျှင် မဲချရာ ဗိုလ်ထုလွတ်၍ ရှောလုမင်းနှင့် ယောနသန်အပေါ်သို့ကျသော်၊ 42 ရှောလုမင်းက၊ ငါတစ်ဘက်၊ သားတော်ယောနသန်တစ်ဘက်၊ မဲချဦးလော့ဟု မိန့်ဆိုသည့်အတိုင်း 43 မဲကျသောယောနသန်အား၊ သင်ပြုမိသောအမှုကို ေဖာ်ပြလော့ဟု မိန့်ဆိုလျှင်၊ လက်သုံးတော် လှံဖျားဖြင့် ပျားရည်အနည်းငယ်ကို ကော်စားမိပါပြီ။ အမိန့်အတိုင်း သေဒဏ်ခံပါတော့မည်ဟု ယောနသန် ဝန်ခံသော် 44 ရှောလုမင်းက၊ ယောနသန် သင်မုချသေဒဏ်ခံရမည်။ မသေစေလျှင် ဘုရားသခင်သည် ငါ့အပေါ်တွင် သာ၍အပြစ်စီရင်ပါစေသောဟု တိုင်တည်ရာ 45 ဗိုလ်ထုက၊ ဣသရေလလူမျိုးအဘို့ ဤကြီးစွာသောအောင်မြင်ခြင်းကို ပြုဘူးသူ ယောနသန် သည် သေဒဏ်ခံရမည်လော။ ကင်းဝေးစေတော်မူပါ။ သူသည် ယနေ့ဘုရားသခင်နှင့်အတူ ဆောင်ရွက်သည်ဖြစ်၍ ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း ဦးဆံတစ်ပင်မျှ မြေသို့မကျရဟု တင်လျှောက်လျက် ယောနသန်ကို သေဘေးမှရွေးနုတ်ကြကုန်၏။ 46 ရှောလုမင်းလည်း ဖိလိတ္တိတပ်ကို မလိုက်လံဘဲ ဆုတ်ပြန်ရာ ဖိလိတ္တိတပ်သည် နေရင်းပြည်သို့ ပြန်သွားကြကုန်၏။
47 ရှောလုမင်းသည် ဣသရေလလူမျိုးကို အုပ်စိုးရန် အခွင့်တော်ရသည်နှင့် ပတ်ဝန်းကျင်ရန်သူတည်းဟူသော မောဘနှင့်ဧဒုံမှစ၍ အမ္မုန်အမျိုးသားတို့ကိုလည်းကောင်း၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးကိုလည်းကောင်း စစ်တိုက်လေရာရာ၌ ရဲရင့်စွာပြု၍ အောင်မြင်သည့်ပြင် အာမလက်လူမျိုးကိုလည်း လုပ်ကြံသဖြင့် 48 ဣသရေလလူမျိုးကို လုယက်ဖျက်ဆီးသူတို့လက်တွင်းမှ ကယ်နုတ်လေ၏။
49 သားတော်များကား ယောနသန်၊ ဣရွှိ၊ မေလိခိရွှတို့တည်း။ သမီးတော်နှစ်ပါးကား အကြီးမေရပ်၊ အငယ်မိခါလတည်း။ 50 မိဖုရားကား၊ အဟိမတ်သမီးအဟိနောင်တည်း။ ဗိုလ်ချုပ်ကား ဘထွေးတော်နေရသား အာဗနာတည်း။ 51 ခမည်းတော်ကိရှနှင့် အာဗနာ့အဘနေရတို့သည် အဗျေလ၏သားဖြစ်၏။
52 ရှောလုမင်းလက်ထက်ကာလပတ်လုံး၊ ဖိလိတ္တိလူမျိုးနှင့် အကြီးအကျယ်စစ်ရေဖြစ်ပွား၍ ရှောလုမင်းသည် သူရသတ္တိရှိသူ၊ အစွမ်းသတ္တိရှိသူဟူသမျှကို တွေ့တိုင်းခေါ်ယူဖွဲ့စည်းလေ့ရှိ၏။