13
ရှောလုမင်းသည် အိမ်နိမ့်သုံးဆယ်ရှိသော်၊ နန်းတက်၍ ဣသရေလလူမျိုးကိုအုပ်စိုးသော နန်းစံနှစ်နှစ်တွင် ဣသရေလရဲမက်သုံးထောင်ကို ရွေးကောက်ပြီးလျှင် ယာယီနန်းစိုက်သော မိတ်မတ်မြို့၌လည်းကောင်း၊ ဗေသလတောင်ပေါ်၌လည်းကောင်း၊ လူနှစ်ထောင် ယောနသန်နေရာ၊ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့၌လူတစ်ထောင်ကို ထား၍ ကြွင်းသူတို့ကိုအသီးအသီးနေအိမ်သို့ပြန်လွှတ်လေ၏။ ယောနသန်သည် ဂေဗမြို့ရှိ ဖိလိတ္တိကင်းတပ်ကိုလုပ်ကြံရာ လုပ်ကြံကြောင်း ဖိလိတ္တိလူမျိုးတို့ သတင်းကြားကြ၏။ ရှောလုမင်းကလည်း၊ ဟေဗြဲလူတို့ကြားသိကြစေဟု မိန့်ဆိုလျက် တစ်နိုင်ငံလုံး တံပိုးမှုတ်စေ၏။ ဖိလိတ္တိကင်းတပ်ကို ရှောလုမင်းလုပ်ကြံသည်ဟူ၍လည်းကောင်း၊ ကိုယ့်လူမျိုးကို ဖိလိတ္တိလူတို့ရွံရှာသည် ဟူ၍လည်းကောင်း ဣသရေလတစ်မျိုးလုံးကြားသိသော် ရှောလုမင်းရှိရာ ဂိလဂါလမြို့သို့သွားရောက်စုရုံးကြ၏။
ဖိလိတ္တိတပ်လည်း၊ ဣသရေလတပ်နှင့်တိုက်ခိုက်ရန် စုရုံးလျက် စစ်ရထားသုံးသောင်း၊ မြင်းစီး သူရဲခြောက်ထောင်၊ သမုဒ္ဒရာကမ်းရှိသဲလုံးနှင့်အမျှ များသောခြေသည် သူရဲတို့ချီတက်၍ ဗေသဝင်မြို့ ရှေ့၊ မိတ်မတ်မြို့တွင်စွဲရပ်ကုန်၏။ ဣသရေလလူမျိုးတို့သည် နှိပ်စက်ညှဉ်းပန်းခံရ၍ ဆင်းရဲသည်ကိုသိကြသောအခါ ဥမင်၊ ဆူးချုံ၊ ကျောက်ဂူ၊ မြေတိုက်၊ မြေတွင်းများ၌ ပုန်းအောင်း၍နေရသည့်ပြင် ဟေဗြဲအချို့တို့သည် ယော်ဒန်မြစ်တစ်ဘက်၊ ဂဒ်နယ်၊ ဂိလဒ်နယ်များသို့ ကူးသွားကြ၏။ ရှောလုမင်းကား ဂိလဂါလမြို့၌ နေရစ်ရာ နောက်ပါသူအပေါင်းတို့ တုန်လှုပ်ချောက်ချားလျက် ကွဲသွားကြကုန်၏။
ရှောလုမင်းသည် ရှမွေလချိန်းချက်သောခုနစ်ရက်တိုင်တိုင်ဆိုင်းလင့်ရာ ဂိလဂါလမြို့သို့မလာ မရောက်နောက်ပါသူတို့လည်း ကွဲလွင့်သည်ဖြစ်၍ ရှောလုမင်းက၊ မီးရှို့ရာသက္ကာနှင့် မိတ်သဟာယသက္ကာများကို ယူဆောင်ခဲ့လော့ဟု တောင်း ဆိုလျက် မီးရှို့ရာသက္ကာကို ပူဇော်လေ၏။ 10 ထိုသို့မီးရှို့ရာသက္ကာကို ပူဇော်ပြီးလျှင် ပြီးချင်၊ ရှမွေလရောက်လာ၍ ရှောလုမင်းခရီးဦးကြို ရာ၊ 11 ရှမွေလက၊ မည်သို့ပြုဘိသနည်းဟု မေးလျှင် ရှောလုမင်းက၊ နောက်ပါသူတို့ကွဲလွင့်ကြောင်းကိုလည်းကောင်း၊ ချိန်းချက်သောနေ့ရက်တွင် ကိုယ်တော်မကြွလာကြောင်းကိုလည်းကောင်း၊ မိတ်မတ်မြို့၌ ဖိလိတ္တိတပ်စု ရုံးကြောင်းကိုလည်းကောင်း၊ သိရသဖြင့် 12 အကျွန်ုပ်သည် ထာဝရဘုရားမျက်မှောက်တော်၌ အသနားတော်မခံရမီ ဖိလိတ္တိတပ်ချီလာမည် ဟု စိုးရိမ်သည့်အတွက် ကိုယ်ကိုတိုက်တွန်း၍ မီးရှို့ရာသက္ကာကိုပူဇော်ရပါပြီဟု ပြန်လျှောက်ရာ 13 ရှမွေလက၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူချက်ကို မစောင့်ရှောက်သည်မှာ မိုက်လေစွတကား။ စောင့်ရှောက်ခဲ့လျှင် ထာဝရဘုရားသည် ဣသရေလလူမျိုးအပေါ်တွင် အုပ်စိုး ခွင့်ကို သင့်အမျိုးမပြတ်၊ ဆက်လက်တည်စေတော်မူလိမ့်မည်။ 14 ယခုမူကား၊ အုပ်စိုးခွင့်ဆက်လက်တည်တော့မည်မဟုတ်။ ထာဝရဘုရားမိန့်တော်မူချက်ကို သင်မစောင့်ရှောက်သောကြောင့် ထာဝရဘုရားသည် သဘောတော်မြတ်ရာ လူတစ်ဦးကို ရှာတွေ့ပြီး ဖြစ်၍ လူမျိုးတော့်အပေါ်တွင် မင်းအဖြစ် ခန့်ထားတော်မူလိမ့်မည်ဟု ရှောလုမင်းအား မိန့်ဆိုပြီး လျှင် 15 ဂိလဂါလမြို့မှ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့ ထသွားလေ၏။
ရှောလုမင်းလည်း၊ ကျန်ရစ်သောရဲမက်ခြောက်ရာခန့်ကို ကြည့်ရှုစစ်ဆေးပြီးလျှင် 16 ထိုသူတို့နှင့် သားတော်ယောနသန်ပါ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့၌ ရပ်ဆိုင်းကြ၏။ ဖိလိတ္တိတပ်ကား မိတ်မတ်မြို့တွင် စွဲရပ်လျက်နေသေး၏။ 17 ဖိလိတ္တိတပ်မက တိုက်ခိုက်လုယူရန် စစ်တံခွန်သုံးသွယ်ထွက်လာပြီးလျှင် တစ်သွယ်ကား ရွာလခရိုင်၊ သြဖရမြို့လမ်းသို့လည်းကောင်း 18 တစ်သွယ်ကား ဗေသောရုန်မြို့လမ်းသို့လည်းကောင်း၊ တစ်သွယ်ကား သဲကန္တာရအနီး ဇေဘိုင်ချိုင့်နှင့်ရင် ဆိုင်၊ နယ်စပ်လမ်းသို့လည်းကောင်း လွှင့်သွားကြသတည်း။
19 ထိုကာလဖိလိတ္တိလူမျိုးတို့သည် ဓား၊ လှံများကို ဟေဗြဲလူမျိုးတို့လုပ်ကြမည်ကို စိုးရိမ်သော ကြောင့် ဣသရေလတစ်ပြည်လုံးတွင် ပန်းပဲတစ်ယောက်မျှမရှိစေသည်နှင့် 20-21 ဣသရေလလူမျိုးအပေါင်းတို့သည် ထယ်သွား၊ ထွန်သွား၊ ကော်ဆူး၊ ပုဆိန်၊ နွားကန်စူး ဟူသမျှ ဟောင်းနွမ်းသောအခါ ဆိုခဲ့သည်ကိရိယာများကို ဖိလိတ္တိလူမျိုးတို့ထံသွား၍ သရကြ၏။ 22 သို့ဖြစ်၍ စစ်တိုက်ရာကာလတွင် ရှောလုမင်းနှင့် သားတော်ယောနသန်မှတစ်ပါး၊ ရဲမက်တို့ လက်၌ ဓား၊ လှံ၊ မရှိချေ။ 23 ဖိလိတ္တိကင်းတပ်သည် မိတ်မတ်မြို့လမ်းထိပ်သို့ ရွှေ့ချကြ၏။