18
ထိုနောက် ကြီးစွာသောအခွင့်အာဏာဆောင် စေတမန်တော်တစ်ပါးသည် ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါမြင်ရာ မြေကြီးသည် သူ့ဘုန်းရောင်နှင့်ထွန်းလင်းလျက်ရှိ၏။ သူကလည်း ဗာဗုလုန်မြို့ကြီးပြိုပြီ၊ ပြိုပြီ။ နတ်ဆိုးတို့နေထိုင်ရာ မသန့်သောဝိညာဉ်ဟူသမျှအောင်းရာ ငှက်ယုတ်ငှက်ဆိုးတို့အောင်းရာဖြစ်လေပြီ။ လူမျိုးခပ်သိမ်းတို့သည် ထိုမြို့၏မတရားသော မေထုန်စပျစ်ရည်အရှိန်ကို သုံးသောက်ခြင်း၊ မြေကြီးဘုရင်မင်းတို့သည် သူနှင့်မှားယွင်းခြင်း၊ မြေကြီးကုန်သည်တို့လည်း သူ့အပျော်အပါးစည်းစိမ်ကြောင့် ကြွယ်ဝခြင်းသို့ရောက်ခဲ့ကြလေစွဟု အလွန်ကျယ်သောအသံနှင့်ကြွေးကြော်၏။
ကောင်းကင်ဘုံမှ အခြားသောကြွေးကြော်သံကိုငါကြားရသည်ကား အိုလူမျိုးတော်၊ ထိုမြို့၏ဒုစရိုက်များနှင့်ဆက်ဆံခြင်း၊ ဆိုင်ရာဘေးများကိုခံစားခြင်းမရှိအံ့သောငှါ ထွက်လာကြလော့။ ထိုမြို့၏ဒုစရိုက်များသည် ကောင်းကင်ဘုံရောက်များပြားသဖြင့် ထိုအဓမ္မမှုများကို ဘုရားသခင်သတိရတော်မူပြီ။ ထိုမြို့စီရင်ခဲ့သည့်အတိုင်းပင်စီရင်ခြင်း၊ အကျင့်အကြံများအလိုက်နှစ်ဆတုန့်ပြန်ခြင်း၊ ရောစပ်ခဲ့သောခွက်၌နှစ်ဆရောစပ်ခြင်း၊ ကိုယ်ကိုဂုဏ်တင်၍ပျော်ပါးခဲ့သည်နှင့်အမျှ ညှင်းဆဲမြည်တမ်းခြင်းများကို ဆပ်ပေးကြလော့။ ငါကားမုဆိုးမမဟုတ်။ ဘုရင်မအဖြစ်စံနေ၏။ မြည်တမ်းခြင်းကိုခံစားရတော့မည်မဟုတ်ဟု စိတ်တွင်အောက်မေ့သောကြောင့်၊ စီရင်ဆုံးဖြတ်တော်မူမည့် ထာဝရဘုရားသခင်သည် တန်ခိုးကြီးတော်မူသည့်အလျောက် ခံရမည့်ဘေးများတည်းဟူသော သေခြင်း၊ မြည်တမ်းခြင်း၊ အစာခေါင်းပါးခြင်းများသည် နေ့ချင်းသင့်ရောက်သည့်ပြင်၊ မီးဖြင့်ကျွမ်းလောင်ခံရလတ္တံ့။ သူနှင့်မှားယွင်းပျော်ပါးခဲ့သော မြေကြီးဘုရင်မင်းတို့သည် ထိုကျွမ်းလောင်ရာ မီးခိုးကိုကြည့်မြင်ကြသည့်ကာလ၊ 10 ထိုညှဉ်းဆဲခြင်းကိုကြောက်ရွံ့၍ အဝေးကရပ်နေလျက် ဗာဗုလုန်မြို့ကြီးမြို့ခိုင်သည် အမင်္ဂလာ၊ အမင်္ဂလာရှိလေစွ။ တစ်နာရီချင်းတွင် စီရင်ဒဏ်သင့်ရောက်ပြီတကားဟု ငိုကြွေးရင်တီးလျက်ဆိုကြလိမ့်မည်။ 11-13 မြေကြီးကုန်သည်တို့သည် ရွှေ၊ ငွေ၊ ကျောက်မျက်၊ ပုလဲ၊ ပိတ်ချော၊ အမောင်းထည်၊ ပိုးထည်၊ အနီထည်၊ နံ့သာသားအမျိုးမျိုး၊ ဆင်စွယ်အသုံးအဆောင်မှစ၍ အဖိုးထိုက်သစ်သား၊ကြေး၊ သံ၊ ကျောက်ဖြူအသုံးအဆောင်၊ သစ်ကြံပိုး၊ ဖာလာ၊ နံ့သာပေါင်း၊ နံ့သာဆီ၊ လောဗန်စေး၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ စပါး၊ နွား၊ သိုး၊ မြင်း၊ ရထားနှင့်၊ ကိုယ်ကာယအသက်ဝိညာဉ်ပါ လူတည်းဟူသောကုန်စည်များကို နောင်မည်သူမျှဝယ်ယူတော့မည်မဟုတ်သောကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ 14 နှစ်ခြိုက်သောအသီးမြတ်ပပျောက်လျက် မြိန်ရှက်သောခဲဖွယ်နှင့်ကျက်သရေပျက်စီးပြီဖြစ်၍ နောင်တွေ့ရှိတော့မည်မဟုတ်။ 15 ထိုမြို့ထွက်ကုန်စည်များကို ရောင်းဝယ်ကြွယ်ဝသောကုန်သည်တို့သည် ဤညှဉ်းဆဲခြင်းကိုကြောက်ရွံ့၍ အဝေးကရပ်နေလျက်၊ 16 ပိတ်ချောထည်၊ အမောင်းထည်၊ အနီထည်၊ ရွှေ၊ ကျောက်မျက်၊ ပုလဲများကိုဝတ်ခြုံဆင်ယင်သောမြို့ကြီးသည် အမင်္ဂလာ၊ အမင်္ဂလာ ရှိလေစွ။ 17 တစ်နာရီချင်းတွင် ထိုမျှလောက်စည်းစိမ်ဆုံးပါးပြီ တကားဟု ငိုကြွေးမြည်တမ်းလျက် ဆိုကြလိမ့်မည်။ သင်္ဘောသူကြီးရှိသမျှ၊ သင်္ဘောစီးရှိသမျှ၊ သင်္ဘောသားတို့နှင့်ပင်လယ်ဖြင့်အသက်မွေးသူ ဟူသမျှလည်း၊ 18 ကျွမ်းလောင်ရာမီးခိုးကိုကြည့်မြင်သော် အဝေးကရပ်နေလျက် ဤမြို့ကြီးနှင့်အဘယ်မြို့တူသနည်းဟု ဟစ်သည့်ပြင်၊ 19 ဦးခေါင်းထက်မြေမှုန့်ကြဲလျက် စည်းစိမ်ကြောင့် ပင်လယ်သွားသင်္ဘောရှင်ရှိသမျှကို ကြွယ်ဝစေခဲ့ရာ ထိုမြို့ကြီးသည် အမင်္ဂလာ၊ အမင်္ဂလာရှိလေစွ။ တစ်နာရီချင်းတွင်မြို့ဆိုးကုန်းဖြစ်ပြီတကားဟု အော်ဟစ်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ 20 အချင်းကောင်းကင်ဘုံမှစ၍ သီးသန့်ထားသူတမန်တော်ပရောဖက်တို့၊ ထိုမြို့အတွက်ရွှင်လန်းကြလော့။ ဘုရားသခင်သည်ထိုမြို့ကိုဒဏ်ခတ်သဖြင့် သင်တို့အမှုကိုစီရင်တော်မူပြီဟူ၍တည်း။
21 တစ်ဖန် ခွန်အားကြီးသောစေတမန်တော်တစ်ပါးသည် ကြိတ်ဆုံကြီးခန့်ရှိကျောက်တစ်လုံးကိုယူ၍ သမုဒ္ဒရာထဲသို့ပစ်ချပြီးလျှင် ဗာဗုလုန်မြို့ကြီးကို ဤသို့ပြင်းထန်စွာပစ်ချသဖြင့် တွေ့တော့မည်မဟုတ်။ 22 စောင်းသမား၊ အငြိမ့်သမား၊ ပြွေသမား၊ တံပိုးခရာသမားတို့တီးမှုတ်သံကို သင်၌ကြားရတော့မည်မဟုတ်။ လက်မြေှာက်သူမည်သည်ကိုမျှ တွေ့တော့မည်မဟုတ်။ ကြိတ်ဆုံသံကိုကြားရတော့မည်မဟုတ်။ 23 မီးအလင်းထွန်းရတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီး ကြွေးကြော်သံကို ကြားရတော့မည်မဟုတ်။ အသို့ဆိုသော် သင့်ကုန်သည်တို့သည် မြေပေါ်တွင်အကြီးအမှူးဖြစ်ခဲ့ကြရာ သင့်နတ်မှော်ဟောခြင်းဖြင့် လူအမျိုးမျိုးတို့လှည့်ဖြားခံရကြသည့်ပြင်၊ 24 ပရောဖက်နှင့် သီးသန့်ထားသူတို့အသွေးမှစ၍ မြေကြီးပေါ်တွင် ကွပ်မျက်ခံရသူခပ်သိမ်းတို့အသွေးကို ထိုမြို့၌ တွေ့မိခဲ့သောကြောင့်တည်းဟု ကြွေးကြော်၏။