15
တစ်ဖန် အခြားမဟာနိမိတ်ထူးကို ကောင်းကင်ဘုံ၌ငါမြင်ရသည်မှာ၊ ဘေးခုနစ်မျိုးဆောင် စေတမန်တော်ခုနစ်ပါးတည်း။ ထိုဘေးများကား ဘုရားသခင့်အမျက်တော်ပြီးစီးသောကြောင့် အန္တိမဘေးများတည်း။
တစ်ဖန် မီးရောင်ထွက်သော ဖန်သမုဒ္ဒရာအဆင်းကိုလည်းေကာင်း၊ သားရဲမှစ၍ရုပ်ပုံနှင့်အမည်ဂဏန်းအန္တရာယ်မှ လွတ်မြောက်အောင်မြင်သူတို့သည် ဘုရားသခင့်စောင်းတော်များကိုပိုက်လျက် ဖန်သမုဒ္ဒရာပေါ်တွင်ရပ်နေသည်ကိုလည်းေကာင်း ငါမြင်ရ၏။ ထိုသူတို့သည် ဘုရားသခင့်ကျွန်တော်ရင်းမောရှေ၏ဧချင်းကိုလည်းေကာင်း၊ သိုးငယ်တော်၏ဧချင်းကိုလည်းေကာင်း၊ သီဆိုလျက် အိုအနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အမှုတော်များသည်ထူးဆန်းကြီးမြတ်လှပါ၏။ အိုလူအမျိုးမျိုးတို့၏ဘုရင်မင်းမြတ်၊ နည်းလမ်းတော်များသည်ဖြောင့်မတ်မှန်ကန်လှပေ၏။ အိုထာဝရဘုရား၊ နာမတော်ကိုခန့်ညားခြင်း၊ ချီးမွမ်းခြင်းမပြုဘဲနေဝံ့သူကား မည်သူပါနည်း။ ကိုယ်တော်သာလျှင်သန့်ရှင်းလျက် ဖြောင့်မတ်မှုတော်များထင်ရှားပြီးဖြစ်၍ လူမျိုးရှိသမျှသည် ရှေ့တော်သို့ ဝင်ရောက်ရှိခိုးကြလတ္တံ့ဟုသီဆိုကြ၏။
ထိုနောက်ငါမျှော်ကြည့်သော် ကောင်းကင်ဘုံတွင်သက်သေတော်ရှိ၊ စံတော်မူရာဗိမာန်တော်ပွင့်ရာ၊ ဘေးခုနစ်မျိုးဆောင် စေတမန်တော်ခုနစ်ပါးသည် ဖြူစင်သောပိတ်ချောထည် ဝတ်ဆင်လျက်၊ ရွှေရင်စည်း စည်းလျက်၊ ထိုဗိမာန်တော်မှထွက်လာကြပြီးလျှင်၊ သတ္တဝါလေးပါးအဝင်တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင့်အမျက်တော်နှင့်ပြည့်သည့် ရွှေဖလားခုနစ်လုံးကို ထိုစေတမန်တော်ခုနစ်ပါးအားပေးအပ်သည်နှင့်၊ ဗိမာန်တော်သည် ဘုရားသခင့်ဘုန်းတော့်၊ တန်ခိုးတော့်ဆိုင်ရာ အခိုးနှင့်ပြည့်သဖြင့် စေတမန်တော်ခုနစ်ပါးတို့၏ဘေးခုနစ်မျိုးမကုန်မီ မည်သူမျှမဝင်နိုင်။