11
တောင်ဝှေးနှင့်တူသောတာဝါးတစ်လုံးကို ငါခံယူပြီးလျှင်၊ ကြားနာရသည်မှာ ထ၍ဘုရားသခင့်ဗိမာန်တော်မှစသော ပူဇော်ရာပလ္လင်တော်နှင့် အတွင်းဝတ်ပြုသူလူပရိတ်သတ်ကို တိုင်းလော့။ အပြင်တံတိုင်းကိုကား မတိုင်းဘဲလှပ်ထားလော့။ ထိုတံတိုင်းကို လူမျိုးခြားတို့အားအပ်ပေးပြီ။ သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် ထိုသူတို့ကျော်နင်းကြလိမ့်မည်။ 3-4 မြေကြီးပိုင်ရှင်ရှေ့တော်တွင်ခစားရသူ သံလွင်နှစ်ပင်၊ မီးခုံနှစ်ခုံဖြစ်သော ငါ့သက်သေနှစ်ရပ်တို့သည် ငါအခွင့်ပြုသဖြင့်လျှော်တေဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ခြောက်ဆယ်တိုင်တိုင် ဟောပြောကြလိမ့်မည်။ မည်သူမဆို သူတို့ကိုအန္တရာယ်ပြုလိုလျှင် သူတို့ခံတွင်းမှမီးထွက်၍ ရန်သူတို့ကိုကျွမ်းလောင်လိမ့်မည်။ မည်သူမဆို သူတို့ကိုအန္တရာယ်ပြုလိုလျှင် ထိုသို့သောသေဒဏ်ခံလိမ့်မည်။ ထိုသူတို့သည် ဟောပြောရာနေ့ရက်ကာလအတွင်းမိုးမရွာစေရန် ကောင်းကင်ကိုပိတ်ထားခွင့်ရသည့်ပြင် အလိုရှိတိုင်း ရေကိုသွေးဖြစ်စေသောဒဏ်မှစ၍ မြေကြီးကို ဘေးအမျိုးမျိုးဒဏ်ခတ်ခွင့်ရကြ၏။ အပြီးသတ်သက်သေခံကြပြီးနောက် ငရဲချောက်မှတက်လာသောသားရဲသည် တိုက်လှန်အောင်မြင်လုပ်ကြံသဖြင့်၊ သူတို့အလောင်းများသည် ကိုယ့်အရှင်ကားတင်ခံတော်မူရာအနက်သဘောအတိုင်း သောဒုံနှင့်အိဂျစ်ဟူ၍ခေါ်သော မြို့တော်ကြီးလမ်းပေါ်တွင်ရှိစဉ်၊ ဘာသာစကား အပုံပုံပြောဆိုသောလူအမျိုးအနွယ်တို့သည် ထိုအလောင်းများကိုမသဂြ်ိုဟ်စေဘဲ၊ သုံးရက်ခွဲတိုင်တိုင်ကြည့်နေကြမည့်ပြင်၊ 10 မြေကြီးပေါ်မှာနေထိုင်သူတို့သည် ညိုညင်စေခဲ့သောထိုပရောဖက်နှစ်ပါးတို့အလောင်းများကြောင့် အားရရွှင်လန်းလျက် အချင်းချင်းလက်ဆောင်ပေးပို့ကြလိမ့်မည်။ 11 ဆိုခဲ့သောသုံးရက်ခွဲလွန်ပြီးနောက် ဘုရားသခင့်အထံတော်မှဇီဝအသက်ပြန်ရသော ထိုပုဂ္ဂိုလ်တို့ခြေစုံရပ်ကြရာ ကြည့်မြင်သမျှသောသူတို့၌ များစွာကြောက်ရွံ့ခြင်းဖြစ်လိမ့်မည်၊၊ 12 ကောင်းကင်ဘုံမှ ဤသို့တက်ခဲ့ကြလော့ဟုကျယ်သောအမိန့်သံကို ကြားကြရာ တိမ်တိုက်စီးလျက်တက်သွားသည်ကို ရန်သူတို့မြင်ကြလိမ့်မည်။ 13 ထိုအချိန်နာရီ၌ငလျင်လှုပ်သဖြင့် မြို့တော်ဆယ်ပုံတစ်ပုံပြိုလဲ၍ လူဦးရေခုနစ်ထောင်သေကြရာ ကြွင်းသောမြို့သူမြို့သားတို့သည်ထိတ်လန့်လျက် ကောင်းကင်ဘုံရှင်ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်းကြလိမ့်သတည်း။
14 ဒုတိယအမင်္ဂလာကုန်ပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန်သင့်ရောက်လတ္တံ့။
15 သတ္တမစေတမန်တော်တံပိုးမှုတ်သော် ဤလောကနိုင်ငံကို ငါတို့အရှင်နှင့်ဘိသိက်တော်ခံမင်းသည် ပိုင်ရလေပြီ။ ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်ဟု ကောင်းကင်ဘုံ၌ ကျယ်သောမြွက်ဆိုသံများကိုငါကြားရ၏။ 16 ထိုအခါ ဘုရားသခင့်ရှေ့တော်၌ ဆိုင်ရာပလ္လင်များထက်ထိုင်နေသူ အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည်။ ပျပ်ဝပ်ဦးညွှတ်၍ ဘုရားသခင်ကိုရှိခိုးလျက်၊ 17 ပစ္စုပ္ပန်၊ အတိတ်တည်တော်မူသော၊ အိုအနန္တတန်ခိုးရှင် ထာဝရဘုရားသခင်၊ မဟာတန်ခိုးတော်ကိုသိမ်းယူ၍ စိုးစံတော်မူပြီဖြစ်သောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။ 18 လူမျိုးခြားတို့အမျက်ထွက်ရာ၌ ကိုယ်တော်တိုင်အမျက်ဒဏ်ထား၍ သူသေတို့ကိုစီရင်ဆုံးဖြတ်တော်မူရန်အချိန် ကျွန်တော်ရင်းပရောဖက်ဖြစ်သူ၊ သီးသန့်ထားတော်မူသူ၊ နာမတော်ကိုခန့်ညားသူ၊ အယုတ်အမြတ်တို့အားဆုသနားတော်မူရန်အချိန်၊ မြေကြီးကိုဖျက်ဆီးသူတို့အား ဖျက်ဆီးတော်မူရန်အချိန်တိုင်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။
19 ကောင်းကင်ဘုံရှိ ဘုရားသခင်ဗိမာန်တော်ပွင့်၍ အတွင်းရှိပဋိညာဉ်တော်သေတ္တာထင်ပေါ်ရာ လျှပ်ပြက်ခြင်း၊ မိုးချုန်းခြင်း၊ ထစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ သည်းစွာမိုးသီးကျခြင်းများဖြစ်၏။