9
ရှေဘပြည့်ရှင်ဘုရင်မသည် ရှောလမုန်မင်း၏ကျော်စောကိတ္တိသတင်းကိုကြားလျှင် နံ့သာမျိုး၊ ကျောက်မျက်၊ ရွှေအမြောက်အမြားကိုတင်ဆောင်သောကုလားအုပ်တို့နှင့်တကွ များစွာသောအခြံ အရံတို့ပါ ယေရုရှလင်မြို့သို့၊ စကားဝှက်များဖြင့် စုံစမ်းရန်ရောက်၍ ရှောလမုန်မင်းထံဝင်ပြီးလျှင် စိတ်၌ကြံစည်သမျှကို စောဒနာတင်သည့်ကာလ မဖြေနိုင်အောင် နက်နဲသောစောဒနာမရှိသည်နှင့်အညီ ရှောလမုန်မင်းသည် အကြွင်းမဲ့ဖြေဆိုလေ၏။ ရှေဘဘုရင်မသည် ရှောလမုန်မင်း၏ဉာဏ်ပညာ၊ တည်ဆောက်ပြီးနန်းတော်၊ ပွဲတော်စာကျေးကျွန်သင်းပင်းတို့နေထိုင်ပုံ၊ နန်းတော်သားတို့ဆင်ယင်ခစားပုံ၊ ရေကြည်တော်အရာရှိတို့ဆင်ယင်ပုံနှင့် ထာဝရဘုရားဗိမာန်တော်၌ မီးရှို့ပူဇော်နည်းများကို သိမြင်သောအခါ စိတ်အားလျော့၍ အကြည်တော်၏အပြုအမူနှင့် ဉာဏ်ပညာအကြောင်း ကိုယ့်ပြည်မှကြားရသောသတင်းမှန်ပေ၏။ သို့ရာတွင် ကိုယ်တိုင်ရောက်၍ မမြင်မီ၊ ကျွန်ုပ်မယုံသေးပါ။ ယခုမှာ အကြည်တော်ပညာကြီးသည်ဟူသော ယခင်သတင်းသည် ထက်ဝက်မျှမမှီချေ။ ကျွန်ုပ်ကြားရသောသတင်းထက် အကြည်တော်လွန်ကဲပေ၏။ အပါးတော်တွင် အမြဲခစားလျက် ပညာတော်ကို နာယူရသော အကြည်တော်၏အမှုထမ်း၊ ကျေးကျွန်သင်းပင်းတို့သည် သာယာကြလေစွ။ အကြည်တော်ကိုနှစ်သက်၍ ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ ကိုယ်စားအဖြစ် ရာဇပလ္လင်တော်ထက်တင်တော်မူသော အကြည်တော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါ စေသော။ ဣသရေလလူမျိုးအားမြတ်နိုး၍ အစဉ်တည်မြဲစေတော်မူလိုသောကြောင့် တရားသဖြင့် စီရင်ဆုံးဖြတ်စေရန် အကြည်တော်ကို ဘုရင်အဖြစ် ကိုယ့်ဘုရားသခင်ခန့်ထားတော်မူပြီဟု သြဘာ ပြုပြီးလျှင် ရွှေချိန်ခွက်သုံးထောင်ခြောက်ရာ၊ ကျောက်မျက်နှင့်နံ့သာမျိုးအမြောက်အမြားကို ဆက်သွင်းလေ၏။ ရှောလမုန်မင်းထံ ရှေဘဘုရင်မဆက်သွင်းသော နံ့သာမျိုးကဲ့သို့ နောက်တစ်ဖန် မရောက်ချေ။ 10 သြဖိရပြည်မှ ရွှေတင်ယူသော ဟုရံမင်း၏သင်္ဘောသားများနှင့် ရှောလမုန်မင်း၏သင်္ဘောသား တို့ဖြင့် နံ့သာသား၊ ကျောက်မျက်များကိုလည်း တင်ဆောင်ခဲ့သည်နှင့်အညီ 11 ဗိမာန်တော်နှင့်နန်းတော်လက်ရန်းများကိုလည်းေကာင်း၊ အငြိမ့်တော်တို့တီးရန် စောင်း၊ တယောများကိုလည်းေကာင်း၊ ဘုရင်မင်းလုပ်လေ၏။ ဤမျှလောက်ကောင်းသောနံ့သာသားသည် ယုဒပြည်သို့ ထိုကာလမပေါ်မရောက်သေး။ 12 ရှေဘဘုရင်မဆက်သသောလက်ဆောင်တော်ပြင်၊ ရှောလမုန်မင်းသည် ဘုရင်မလိုသမျှ တောင်းတိုင်းပြန်ပေးလိုက်ပြီးမှ ဘုရင်မသည် ကျေးကျွန်သင်းပင်းနှင့်တကွ ကိုယ့်ပြည်သို့ပြန်သွားလေ၏။ 13-14 ကူးသန်းရောင်းဝယ်သောကုန်သည်တို့အပ်ပေးရသော ကြေးငွေပြင်၊ ရှောလမုန်မင်းထံ နှစ်စဉ်ဆက်သွင်းရသော ရွှေချိန်ကား၊ ခွက်နှစ်သောင်းခန့်တည်း။ အာရပ်စော်ဘွားတို့နှင့် ဝန်မင်းရှိ သမျှတို့သည် ရှောလမုန်မင်းထံ ရွှေငွေများကို ဆက်သွင်းရကြ၏။ 15 ရှောလမုန်မင်းသည် ရွှေချိန်ခြောက်ပိဿာစီ စီးသောဒိုင်းလွှားရှည်နှစ်ရာ၊ 16 သုံးပိဿာစီစီးသောဒိုင်းလွှားဝိုင်း သုံးရာများကို ထုလုပ်စေပြီးလျှင် လေ​ဗနုန်တောခေါ် နန်းတော်တွင် ဆွဲထားလေ၏။ 17 ဆင်စွယ်ဖြင့်ပြီးသော ရွှေစင်မွမ်းမဟာရာဇပလ္လင်တော်ကို တည်လုပ်သည်မှာ 18 လှေခါးသဖွယ်အောက်ခြေခြောက်ဆင့်နှင့် ခြေတော်တင်ရွှေခုံကို ရာဇပလ္လင်နှင့် ယှဉ်ထားလျက် စံရာတော်ဝဲယာ၊ လက်ရုံးတန်းအနီး၊ ရပ်ဟန်ခြင်္သေ့နှစ်စီးပြင်၊ 19 အခြေခြောက်ဆင့်ဝဲယာအစွန်းပေါ်တွင်လည်း ရပ်ဟန်ခြင်္သေ့ဆယ့်နှစ်စီးကိုတင်၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။ 20 ရှောလမုန်မင်းသောက်တော်ဖလားများသည် ရွှေဖြင့်ပြီး၏။ လေဗနုန်တောခေါ် နန်းတော်ရှိ အသုံးအဆောင်ဟူသမျှလည်း ရွှေစင်ဖြင့်ပြီး၏။ ရှောလမုန်မင်းလက်ထက် ငွေကိုအရေးမယူချေ။ 21 ဟုရံမင်း၏သင်္ဘောသားများနှင့်အတူ တာရှုမြို့သို့ သုံးနှစ်တစ်ကြိမ်ခေါက်ပြန်သွားသော ဘုရင်မင်း၏သင်္ဘောများဖြင့် ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို တင်ဆောင်ခဲ့ကြ၏။
22 ထိုသို့ရှောလမုန်မင်းသည် မြေပေါ်ရှိ ဘုရင်တကာတို့ထက် ဉာဏ်ပညာ၊ စည်းစိမ်ချမ်းသာလွန်ကဲ၍ 23 နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသောဉာဏ်ပညာကို နာယူရန် မြေတစ်ပြင်လုံးရှိ ဘုရင်မင်းအပေါင်းတို့အဖူးအမြော်လင့်ကြရာ 24 အသီးအသီးတို့သည် ရွှေထည်၊ ငွေထည်၊ အဝတ်ထည်၊ နံ့သာမျိုး၊ လက်နက်၊ မြင်း၊ လားများကို ပဏ္ဏာအဖြစ် နှစ်စဉ်ဆက်သကြ၏။ 25 ရှောလမုန်မင်းပိုင်စစ်ရထားကသောမြင်းလေးထောင်၊ မြင်းစီးသူရဲတစ်သောင်းနှစ်ထောင်တို့ကို ရထားထိန်းမြို့များ၌လည်းေကာင်း၊ ယေရုရှလင်မြို့၊ အပါးတော်၌လည်းေကာင်း၊ ထားလေ၏။ 26 မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အိဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ်ရပ်ရှိဘုရင်တကာတို့အပေါ်တွင်အုပ်စိုးရလေ၏။ 27 ဘုရင်မင်းသည် ယေရုရှလင်မြို့တွင် ငွေကို၊ ကျောက်ခဲများနှင့်အမျှလည်းေကာင်း၊ သစ်ကတိုးပင်များကို ရှဖေလာခရိုင်တွင် အလေ့ပေါက်ပိုးစာပင်များနှင့်အမျှလည်းေကာင်း၊ ပွားများစေ၏။ 28 အိဂျစ်ပြည်နှင့်အတိုင်းတိုင်း အပြည်ပြည်မှ မြင်းများကို ရှောလမုန်မင်းထံ ဆောင်ခဲ့ကြ၏။
29 ရှောလမုန်မင်းအစအဆုံးပြုမူသော အကြွင်းအကျန်သည် ပရောဖက်နာသန့် အတ္ထုပ္ပတ္တိ၊ ရှိလောမြို့သားအဟိယပရောဖက်ကျမ်း၊ နေဗတ်သား ယေရောဗောင်မင်းကို ရည်သောအမြော်အမြင်ဆရာဣဒ္ဒေါ၏ဗျာဒိတ်ကျမ်းများတွင် ရေးထားလျက်ရှိ၏။ 30 ရှောလမုန်မင်းသည် ယေရုရှလင်မြို့များ၌ ဣသရေလနိုင်ငံလုံးကို နှစ်ပေါင်းလေးဆယ်စိုးစံပြီး မှ 31 ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ခမည်းတော်ဒါဝိဒ်မြို့တော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်ရောဗောင်သည် အရိုက်အရာ၌နန်းစံလေ၏။