8
ရှောလမုန်မင်းသည် ဗိမာန်တော်၊ နန်းတော်များကိုဆောက်၍ နှစ်ပေါင်းနှစ်ဆယ်ပြည့်သောအခါ ဟုရံမင်းထံမှရသော မြို့ရွာများကို ပြုစုလျက် ဣသရေလအမျိုးသားတို့ကိုနေရာချလေ၏။
ထိုနောက် ရှောလမုန်မင်းသည် ဟာမတ်ဇောဘနယ်သို့ချီတက်အောင်မြင်ပြီးလျှင် သဲကန္တာရရှိတာဒမော်မြို့ကိုလည်းေကာင်း၊ ဟာမတ်နယ်၌တည်ထောင်သမျှသော ရိက္ခာတော်သိုရာမြို့ များကိုလည်းေကာင်း၊ မြို့ရိုး၊ တံခါး၊ မင်းထုပ်နှင့်ပြည့်စုံသော အထက်၊ အောက်၊ ဗေသောရုန်ခေါ်ခံတပ်များကိုလည်းေကာင်း၊ ဗာလတ်မြို့ကိုလည်းေကာင်း၊ ရိက္ခာတော်သိုရာမြို့များ၊ စစ်ရထားထိန်းမြို့များ၊ မြင်းစီးသူရဲတို့ နေရန်မြို့များကိုလည်းေကာင်း၊ ယေရုရှလင်မြို့၊ လေဗနုန်တောင်၊ နိုင်ငံတော်အရပ်ရပ်တွင် တည်ဆောက်လိုသမျှကိုလည်းေကာင်း၊ တည်ဆောက်၏။ 7-8 ဣသရေလအမျိုးသားတို့ မဖျက်ဆီး၍ ပြည်တော်အတွင်းကြွင်းသေးသောတစ်ပါးအမျိုးသား၊ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအနွယ်၊ သားစဉ်မြေးဆက်တို့ကို ယနေ့တိုင်အောင် လမိုင်းအမှုထမ်းဖွဲ့လျက် ဣသရေလအမျိုးသားတို့ကို လမိုင်းအမှုထမ်းမဖွဲ့ဘဲ ရဲမက်တော်၊ စစ်ကဲချုပ်၊ ရထားတပ်ဗိုလ်၊ မြင်းတပ်ဗိုလ်ရာထူးများတွင်သာ ခန့်ထားလေ၏။ 10 အမှုတော်ကိုလုပ်ဆောင်သူတို့အပေါ်တွင် ကြီးကြပ်ကြည့်ရှုရသောအကြီးအကဲနှစ်ရာ့ငါးဆယ် ရှိသတည်း။
11 ရှောလမုန်မင်းကလည်း၊ ထာဝရဘုရား၏ သေတ္တာတော်ရောက်လေရာဌာနတိုင်း သီးသန့်ပြီးဖြစ်သောကြောင့် ဣသရေလဘုရင်ဒါဝိဒ်မင်းနန်းတော်တွင် မိဖုရားမစံထိုက်ဟု အောက်မေ့လျက် ဖာရောမင်းသမီးတော်ကို ဒါဝိဒ်မြို့တော်မှ ခေါ်၍ မိဖုရားအဖို့တည်ဆောက်သောနန်းမတွင် စံစေလေ၏။
12 ထိုနောက် ရှောလမုန်မင်းသည် ဗိမာန်တော်မုတ်ဆောင်ရှေ့တည်ထားသော ထာဝရဘုရား၏ ပူဇော်ရာပလ္လင်တော်ပေါ်တွင် 13 မောရှေပညတ်အတိုင်း နေ့စဉ်ပူဇော်ထိုက်သမျှသောမီးရှို့ရာသက္ကာများကို ဆက်ကပ်လျက် ဥပုသ်နေ့၊ လဆန်းနေ့များပြင် တစ်နှစ်သုံးကြိမ်ပြုမြဲတဆေးမဲ့မုန့်ပွဲ၊ သိတင်းပွဲ၊ တဲနေပွဲနေ့များ၌ ပူဇော်လေ့ရှိ၏။ 14 ခမည်းတော်ဒါဝိဒ်မင်းစီမံသည့်အလိုက်၊ အလှည့်ကျခွဲထားသော ပရောဟိတ်တို့တာဝန်ကို လည်းေကာင်း၊ နေ့စဉ်ဝတ်အတိုင်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် ပရောဟိတ်တို့ရှေ့အမှုဆောင်ရွက်ရသော လေဝိဂိုဏ်းသားတို့တာဝန်ကိုလည်းေကာင်း၊ တံခါးတိုင်းတွင် ခွဲထားသောတံခါးစောင့်ဝန်ကိုလည်းေကာင်း၊ အသီးအသီးအား ချထားသည်ကား၊ ဘုရားသခင့်လူယုံတော်ဒါဝိဒ်မင်းထားခဲ့သည့်အလျောက်တည်း။ 15 အမှုတော်များ၊ ဘဏ္ဍာတော်များနှင့် စပ်ဆိုင်သောအရေးမှာ ဘုရင်မင်းအမိန့်တော်အတိုင်းပြုရကြ၏။ 16 အမြစ်ချသည်ကစ၍ အပြီးသတ်သည့်တိုင်အောင် ပြင်ဆင်ပြီးသည့်အလျောက်၊ ရှောလမုန်မင်း ပြုလုပ်၍ ထာဝရဘုရား၏ဗိမာန်တော်ပြီးစီးထမြောက်သတည်း။
17 ရှောလမုန်မင်းသည် ဧဒုံပြည်၊ ပင်လယ်ကမ်းရှိ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့ထွက်သွား ရာ၊ 18 ဟုရံမင်းလည်း ပင်လယ်သွားကျွမ်းကျင်သူတို့ပါ သင်္ဘောများကို ရှောလမုန်မင်း၏သင်္ဘော သားတို့နှင့်အတူ သြဖိရပြည်သို့၊ စီးစေသည့်အတိုင်း ရွှေချိန်ခွက်တစ်သောင်းသုံးထောင့်ငါးရာကို ဆောင်ယူခဲ့ပြီးလျှင် ရှောလမုန်မင်းထံ ဆက်သကြလေ၏။