33
မနာရှေမင်းသည်၊ အိမ်နိမ့်ဆယ့်နှစ်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ ငါးဆယ့်ငါးနှစ်စိုးစံလေ၏။ ထိုမင်းသည်၊ ဣသရေလအမျိုးသားတို့ရှေ့၊ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့ ရွံရှာဖွယ်ဓလေ့အလိုက်၊ မျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက်၊ ခမည်းတော်ဟေဇကိမင်းဖြိုဖျက်ခဲ့သော မြင့်ရာဌာနများကိုတည်ပြန်ခြင်း၊ ဗာလနတ်တို့အဖို့ယဇ်ပလ္လင်များကိုတည်လုပ်ခြင်း၊ တံခွန်တိုင်စိုက်ထူခြင်းများကိုပြုလျက်၊ ကမ္ဘာ့တန်ဆာရှိသမျှအား ရှိခိုးဝတ်ပြုလေ၏။ ယေရုရှလင်မြို့၌ ငါ့နာမတည်မြဲမည်ဟု၊ ထာဝရဘုရားမိန့်မြွက်တော်မူရာဗိမာန်တော်အတွင်း၊ ပူဇော်ရန် ပလ္လင်များကိုတည်လုပ်သည့်ပြင်၊ တံတိုင်းတော်နှစ်ထပ်တွင်လည်း၊ ကမ္ဘာ့တန်ဆာရှိသမျှအားပူဇော်ရန် ပလ္လင်များကိုတည်လုပ်လေ၏။ သားတော်သမီးတော်တို့ကိုဟိန္နုံချိုင့်တွင်မီးဖြင့်ဆက်ကပ်၍၊ ဗေဒင်၊ ဇော်ဂနီနှင့် ပရောဂအတတ်ကိုလေ့လာလျက်၊ ကဝေနှင့်မှော်ဝင်တို့ကိုချီးမြှင့်လျက်၊ ထာဝရဘုရား မျက်မှောက်တော်တွင်၊ အမျက်တော်တိုက်ဆိုးသွမ်းမှုကို များစွာပြုလေ၏။ ဘုရားသခင်ဗိမာန်တော်တွင်လည်း၊ ရုပ်တုကိုထုလုပ်တင်ထားလေ၏။ ထိုဗိမာန်ကိုရည်၍၊ ဒါဝိဒ်မင်းနှင့်သားတော်ေရှာလမုန်မင်းတို့အား၊ ဘုရားသခင်မိန့်တော်မူခဲ့သည်မှာ၊ ဣသရေလအနွယ်အပေါင်းတို့နေရာမြို့ရွာများအနက်၊ ငါရွေးချယ်သော ယေရုရှလင်မြို့ရှိ ဤဗိမာန်တော်၌၊ ငါ့နာမအစဉ်တည်၍၊ မောရှေအားဖြင့်ငါမှာထားခဲ့သည့်ဥပဒေချက်၊ ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များအရ၊ ဣသရေလလူမျိုးစောင့်ရှောက်ကျင့်ကြံလျှင်၊ ဘိုးဘေးတို့အားငါချထားခဲ့သောပြည်မှ ခြေကြွစေမည်မဟုတ်ဟု မိန့်တော်မူလျက်ပင်၊ မနာရှေမင်းသည်၊ ဣသရေလအမျိုးသားတို့ရှေ့ ထာဝရဘုရားပယ်ရှားတော်မူခဲ့သော၊ လူမျိုးခြားတို့ထက်သာ၍ ပြစ်မှားစေရန်၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့ကို မှားယွင်းစေ၏။ 10 ထာဝရဘုရားသည် မနာရှေမင်းနှင့်လူမျိုးတော်တို့အား ဗျာဒိတ်ပေးလျက်ပင်၊ မနာမယူကြသောကြောင့်၊ 11 အာရှုရိဘုရင်ရဲဗိုလ်တို့ကိုနှိုးဆော်တော်မူသည့်အတိုင်း၊ သူတို့သည်ချီတက်၍မနာရှေမင်းကို ဖမ်းဆီးချည်နှောင်ပြီးလျှင်၊ ဗာဗုလုန်မြို့သို့နှာကွင်းတပ်လျက်ပို့ကြလေ၏။ 12 မနာရှေမင်းသည် ကျဉ်းမြောင်းသောအခါ၊ ဘိုးဘေးတို့ဘုရားသခင်ရှေ့၊ အထူးနှိမ့်ချလျက်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားထံ၊ ခညောင်းတောင်းလျှောက်လျှင်၊ 13 ဘုရားသခင်သည်၊ အသနားတော်ခံချက်ကိုနားညောင်း၍၊ နိုင်ငံတော်ယေရုရှလင်မြို့သို့ ပြန်သွားခွင့်ပြုတော်မူ၏။ ထိုကြောင့်၊ ယေဟောဝါသည်ဘုရားသခင်မှန်ကြောင်းကို၊ မနာရှေမင်းသိလေ၏။
14 ထိုနောက်မနာရှေမင်းသည်၊ ဂိဟုန်စမ်းအနောက်ဘက်၊ ငါးတံခါးတိုင်အောင်၊ ချိုင့်တစ်လျှောက်၊ ဒါဝိဒ်မြို့တော်ပြင်မြို့ရိုးကိုလည်းေကာင်း၊ ဩဖေလအငူပတ်လည်၌၊ အလွန်မြင့် သောမြို့ရိုးကိုလည်းေကာင်း၊ တည်ဆောက်ပြီးမှ၊ ယုဒပြည်၌ရှိသမျှသော ခံတပ်မြို့များတွင်၊ ရဲဗိုလ်တို့ကိုခန့်ထားလေ၏။ 15 လူမျိုးခြားတို့ဘုရားများကိုလည်းေကာင်း၊ ဗိမာန်တော်တွင်တင်ထားခဲ့သောရုပ်တုကိုလည်းေကာင်း၊ ဗိမာန်တော်တည်ရာတောင်ပေါ်မှစ၍ ယေရုရှလင်မြို့အရပ်ရပ်၌တည်လုပ်ခဲ့သောယဇ်ပလ္လင်များကိုလည်းေကာင်း၊ မြို့ပြင်သို့ထုတ်ပစ်ပြီးလျှင်၊ 16 ထာဝရဘုရား၏ပူဇော်ရာပလ္လင်တော်ကိုပြုပြင်လျက်၊ မိတ်သဟာယပူဇော်ရာသက္ကာနှင့် ချီးမွမ်းရာသက္ကာများကိုပူဇော်၍၊ ယုဒအမျိုးကို၊ ဣသရေလဘုရားသခင်ထာဝရဘုရားအားဝတ်ပြုကြရန် မိန့်ဆိုလေ၏။ 17 လူပရိသတ်တို့သည်၊ မြင့်ရာဌာနများတွင် ပူဇော်လေ့ရှိသေးသော်လည်း၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားကိုသာပူဇော်ကြလေ၏။
18 မနာရှေမင်းစီရင်သောအကြွင်းအကျန်နှင့်၊ ကိုယ့်ဘုရားသခင်အားပဌနာပြုချက်၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားနာမတော်ဖြင့်၊ အမြော်အမြင်ဆရာတို့ ဆုံးမချက်များပါ၊ ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။ 19 ဆိုခဲ့သောပဌနာပြုချက်၊ နားညောင်းတော်မူချက်များပြင်၊ စိတ်မနှိမ့်ချမီသစ္စာတော်ကို ဖောက်ကျော်၍ပြစ်မှားချက်များ၊ မြင့်ရာဌာနမှစသောတံခွန်တိုင်နှင့် ရုပ်တုများကို တည်လုပ်ခဲ့သောအရပ်များသည်၊ ဆရာတော်တို့အတ္ထုပ္ပတ္တိတွင် တင်သွင်းလျက်ရှိ၏။ 20 မနာရှေမင်းသည်၊ ဘေးတော်ဘိုးတော်တို့နှင့်အတူကျိန်းစက်လျက်၊ နန်းမြို့တော်အတွင်းစျာပနပြုခြင်းကိုခံရလျှင်၊ သားတော်အာမုန်သည်၊ အရိုက်အရာ၌နန်းစံလေ၏။
21 အာမုန်မင်းသည်၊ အိမ်နိမ့်နှစ်ဆယ့်နှစ်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ နှစ်နှစ်သာစိုးစံရ၏။ 22 ခမည်းတော်မနာရှေမင်းအလိုက်၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက်၊ ခမည်းတော်ထုလုပ်ခဲ့သောရုပ်ပွားများကိုဝတ်ပြုပူဇော်၍၊ 23 ထာဝရဘုရားရှေ့၊ ခမည်းတော်မနာရှေမင်းစိတ်နှိမ့်ချပြန်သည့်နည်းတူ မချဘဲ၊ အားကြီးစွာမှားယွင်းလေ၏။ 24 ကျေးကျွန်တို့သည်၊ အတွင်းမီးထလျက်၊ နန်းတော်တွင် အာမုန်မင်းကိုလုပ်ကြံကြရာ၊ 25 ပြည်သူပြည်သားတို့သည်၊ အတွင်းမီးထသူတို့ကိုကွပ်မျက်ပြီးလျှင်၊ သားတော်ယောရှိကိုအရိုက်အရာ၌မင်းမြှောက်ကြ၏။