31
ထိုအမှုပြီးစီးပြီးနောက်၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့ရွာများသို့ထွက်သွား၍၊ ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်၊ မနာရှေနယ်များရှိကျောက်တိုင်၊ တံခွန်တိုင်များကိုခုတ်လှဲချိုးဖဲ့လျက်၊ မြင့်ရာဌာနနှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်လျက်၊ မကြွင်းမကျန်ဖျက်ဆီးပြီးမှ၊ နေရင်းမြို့ရွာပိုင်ဆိုင်ရာအိမ်သို့၊ အသီးအသီးပြန်သွားကြ၏။ ဟေဇကိမင်းသည်၊ ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့အား၊ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာပူဇော်ခြင်း၊ အမှုတော်ဆောင်ရွက်ခြင်း၊ ထာဝရဘုရားစံရာ တပ်တော် တံခါးအတွင်း ကျေးဇူးတော်ဂုဏ်တော်ချီးမွမ်းခြင်းတည်းဟူသော၊ အသီးအသီးဆိုင်ရာတာဝန်များကို၊ အလှည့်ကျ အလိုက်ချထားလေ၏။
ထာဝရဘုရား၏ ပညတ္တိကျမ်းအရ၊ ညဉ့်နံနက်ဥပုသ်နေ့၊ လဆန်းနေ့၊ ပြုမြဲပွဲနေ့များတွင်မီးရှို့ရာသက္ကာများအဖို့၊ ဝတ္တရားအတိုင်း၊ ပိုင်တော်မူရာအနက် လှူဒါန်းသည့်ပြင်၊ ထာဝရဘုရားတရားတော်ဘက်သို့ ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့ လုံးလုံးလိုက်နိုင်ကြစေရန်၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ဝတ္တရားအတိုင်းလှူဒါန်းကြရမည့် အကြောင်းမိန့်ဆို၏။ ထိုအမိန့်တော်ကိုကြားလျှင်ကြားချင်း၊ ဣသရေလအမျိုးသားတို့သည်၊ ဆန်၊ စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်မှစသော မြေအသီးအနှံလက်ဦးလက်ဖျားကိုလည်းေကာင်း၊ အခြားဥ စ္စာအနက်ဆယ်ဖို့တစ်ဖို့ကိုလည်းေကာင်း၊ အမြောက်အမြားဆောင်ယူလှူဒါန်းကြသည့်ပြင်၊ ယုဒမြို့ရွာနေ ဣသရေလ၊ ယုဒအမျိုးသားတို့သည်၊ နွား၊ သိုး၊ ဆိတ်နှင့်တကွ၊ သူတို့ဘုရားသခင်ထာဝရဘုရားအဖို့သီးသန့်ထား၍ လှူအပ်သော ဆယ်ဖို့တစ်ဖို့ကို ဆောင်ယူလျက်၊ အပုံပုံစုထားကြသည်မှာ၊ တတိယလအစပြု၍၊ သတ္တမလတိုင်သော်ပြီးစီးကြသတည်း။ ဟေဇကိမင်းနှင့်မှူးတော်မတ်တော်တို့သည်၊ အပုံပုံစုထားကြသည်ကိုလာရောက်ရှုမြင်ကြသောအခါ၊ ထာဝရဘုရားအားဩဘာဆက်လျက်၊ ဣသရေလလူမျိုးတော်တို့ကို ကောင်းကြီးပေးကြပြီးလျှင်၊ ဟေဇကိမင်းသည်၊ ပရောဟိတ်နှင့် လေဝိဂိုဏ်းသားတို့ကို စုပုံထားသည့်အကြောင်းမေးမြန်းရာ၊ 10 ဇာဒုတ်အဆက်ပရောဟိတ်မင်းအာဇရိက၊ လူမျိုးတော်ကိုထာဝရဘုရားကောင်းကြီး ပေးတော်မူသည်နှင့်အညီ၊ မြှောက်ဆက်ရာအလှူကိုဗိမာန်တော်သို့ဆောင်သွင်းကြသည်ကစ၍၊ အကျွန်ုပ်တို့သည် လုံလောက်စွာစားသောက်ရသည့်ပြင်၊ အများအပြားကြွင်းကျန်ပါ၏။ ဤတွင်ထားသမျှမှာ၊ အကြွင်းအကျန်တည်းဟုလျှောက်သော်၊ 11 ဟေဇကိမင်းအမိန့်တော်အတိုင်း၊ ဗိမာန်တော်တွင် ဘဏ္ဍာခန်းများကိုလုပ်ပြီးလျှင်၊ 12-13 မြှောက်ဆက်ရာအလှူ၊ ဆယ်ဖို့တစ်ဖို့အလှူ၊ သီးသန့်ရာအလှူများကို၊ သစ္စာစောင့်လျက်သွင်းထားကြ၏။ ဟေဇကိမင်းနှင့်ဗိမာန်တော်မှူးအာဇရိစီမံသည့်အလျောက်၊ လေဝိအနွယ်ကောနနိကိုဘဏ္ဍာတိုက်စိုး၊ ညီရှိမိကိုဘဏ္ဍာတိုက်ကြပ်၊ ၎င်းတို့လက်အောက်တွင်ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗဒ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ မေနာယ တို့ကိုဘဏ္ဍာထိန်းများအဖြစ်၊ ခန့်ထား၏။ 14 အရှေ့တံခါးတော်စောင့်၊ လေဝိဂိုဏ်းဝင်၊ ယိမနသားကောရကို၊ ထာဝရဘုရားအဖို့ မြှောက်ဆက်ရာအလှူနှင့်အထူးသီးသန့်ရာအလှူများကိုဝေငှရန်၊ ဘုရားသခင်အား စေတနာအလျောက် လှူသောဝတ္ထုများတွင် အအုပ်အချုပ်ခန့်ထား၏။ 15-16 ကောရေ၏လက်အောက်၊ ဧဒင်၊ မိညာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်၊ ဘေးစဉ်ဘိုးဆက်စာရင်းဝင်သော၊ အသက်သုံးနှစ်လည်သူတို့မှစ၍၊ အလှည့် ကျတာဝန်ရှိသည့်အလျောက်၊ ဗိမာန်တော်သို့နေ့စဉ်ဆွမ်းခံဝင်သူတို့အပြင်၊ ပရောဟိတ်တို့ဝတ္ထုကံမြို့များတွင်၊ အလှည့်ကျ ခွဲထားသောဆွေမျိုးသားချင်းအကြီးအငယ်တို့အားဝေ ငှရန်ဝတ်မှတစ်ပါး၊ 17 ပရောဟိတ်တို့ကို၊ အိမ်ထောင်များအလိုက်၊ လေဝိဂိုဏ်းသားတို့ကို၊ အသက်နှစ်ဆယ်ကျော်လျက် အလှည့်ကျခွဲထားသည့် တာဝန်အလိုက်၊ စာရင်းသွင်း၍၊ 18 တဘောင်လုံးဆိုင်ရာမယား၊ သား၊ သမီးတို့ကို၊ စာရင်းသွင်းရန်ဝတ်ကို၊ သီးသန့်ထားသူဖြစ်သည့်အလျောက်ပြုရကြ၏။ 19 ထိုမြို့များတွင်လည်း၊ နိဂုံးကျေးလက်နေသော အာရုန့်အနွယ်သားပရောဟိတ်အပေါင်း တို့နှင့်၊ စာရင်းဝင်သမျှသောလေဝိဂိုဏ်းသားတို့အား ဝေငှရသောသူတို့သည်၊ အမည်စာရင်းနှင့်တကွ ရှိသေးသတည်း။ 20 ထိုသို့ဟေဇကိမင်းသည် ယုဒပြည်လုံးနှံ့ စီမံလျက်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရား မျက်မှောက်တော်တွင်၊ သစ္စာတရားနှင့်အညီဖြောင့်မှန်သင့်လျော်စွာပြုကျင့်၍၊ 21 ကိုယ့်ဘုရားသခင်ကိုရှာဖွေမည့်အကြံနှင့်၊ ပညတ်တရားနှင့် မိန့်မှာတော်မူသမျှအတိုင်း ဗိမာန်တော်ဝတ်ကို ဆောင်ရွက်ရာ၊ စိတ်ပါကိုယ်ရောက် ပြုသည့်အတွက်၊ ကြံတိုင်းထမြောက်လေ၏။