24
ယောရှမင်းသည်၊ အိမ်နိမ့်ခုနစ်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ နှစ်ပေါင်းလေးဆယ်စိုးစံလေ၏။ မယ်တော့်အမည်ကား၊ ဗေရရှေဘမြို့သူ ဇိဗိတည်း။ ယောရှမင်းသည်၊ ပရောဟိတ်ယောယဒ၏အသက်ကာလပတ်လုံး၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ ယောယဒဆောင်နှင်းသောမိဖုရားနှစ်ပါးတွင်၊ သားတော်သမီးတော်တို့ကိုရ၏။
4-7 ထို့နောက်၊ ထာဝရဘုရား၏ဗိမာန်တော်အဖို့သီးသန့်ထားခဲ့သော ဘဏ္ဍာဖြင့်၊ ဗာလရုပ်ပွားများကိုသွန်းလုပ်သူ၊ ယုတ်မာသောအာသလိ၏ သားတို့ဖောက်ထွင်းခဲ့သော ဘုရားသခင့်ဗိမာန်တော်ကိုပြုပြင်ရန်၊ ယောရှမင်းအကြံရှိလျက်၊ ပရောဟိတ်နှင့် လေဝိဂိုဏ်းသားတို့ကိုခေါ်၍၊ ယုဒပြည်လုံးနှံလျှောက်လျက်၊ သင်တို့၏ ဘုရားသခင့်ဗိမာန်တော် ခိုင်ခံ့စေရန်၊ ပြည်သူပြည်သားတို့ထံ အလှူတော်နှစ်စဉ်ကောက်ခံ၍ လုံ့လပြုကြလော့ဟုမိန့်ဆိုသော်လည်း၊ လေဝိဂိုဏ်းသားတို့လုံ့လမပြုကြသောကြောင့်၊ ဘုရင်မင်းသည်၊ ပရော ဟိတ်မင်းယောယဒကိုခေါ်၍၊ သက်သေတော်ရှိတဲတော်အဖို့ ထာဝရဘုရား၏ကျွန်တော်ရင်းမောရှေနှင့် ဣသရေလပရိသတ်တို့ဝန်ခံခဲ့သောအလှူငွေကို၊ ယေရုရှလင်မြို့မှစ သောမြို့ရွာရှိသမျှကဆောင်ခဲ့စေရန်၊ လေဝိဂိုဏ်းသားတို့အားဆရာမမှာထားသည်ကား အသို့နည်းဟု မိန့်ဆိုသည်နှင့်အညီ၊ သေတ္တာတစ်လုံးကိုလုပ်ပြီးလျှင်၊ ဗိမာန်တော်တံခါးပြင်တွင်ချထားကြ၏။ သဲတော၌ဣသရေလလူမျိုးအပေါ်တွင် ဘုရားသခင်ကျွန်တော်ရင်း မောရှေစီမံခဲ့သော အလှူတော်ငွေကိုဆက်သွင်းကြစေရန်၊ ယေရုရှလင်မြို့မှစ၍ပြည်လုံးနှံ့ထုတ် ဆင့်ကြော်ငြာသည့်အတိုင်း၊ 10 မှူးတော်မတ်တော်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည်၊ ဝမ်းမြောက်စွာဆက်သွင်းလျက်၊ သေတ္တာတော်မပြည့်မချင်းထည့်လှူကြ၏။ 11 အလှူငွေမြောက်မြားသည်ကိုမြင်၍၊ ထိုသတ္တာတော်ကိုရွှေတိုက်တော်သို့ လေဝိဂိုဏ်းသားတို့ပို့သွင်းတိုင်း၊ သံတော်ဆင့်နှင့်သာသနာစာရေးတော်ကြီးတို့လာရောက် ထုတ်ယူပြီးမှ၊ သေတ္တာတော်ကိုနေရာရင်းသို့ပြန်ပို့ရကြ၏။ ထိုသို့နေ့စဉ်ပြု၍ ငွေများစွာသိုမှီးရရှိသော်၊ 12 ဘုရင်မင်းနှင့်ယောယဒတို့သည်၊ ဗိမာန်တော်လုပ်ကိုင်မှုကို ဆောင်ရွက်သူတို့အားအပ်၍၊ ဗိမာန်တော်ကိုပြုပြင်ခိုင်ခံ့စေရန် ဗိသုကာ၊ ပန်းရန်၊ ပန်းပဲ၊ ပန်းတဉ်းသမား တို့ကို ငှားသည့်အလျောက်၊ 13 ထိုသူတို့လုပ်ဆောင်လျက်၊ ဘုရားသခင်ဗိမာန်တော်ကို၊ မူလအတိုင်းခိုင်ခံ့စွာပြုပြင် ထေးဖာ၍ ပြီးစီးကြလေ၏။ 14 ထိုအခါ၊ ကျန်ငွေကိုဘုရင်မင်းနှင့်ယောယဒတို့ထံဆက်သွင်းရာ၊ ဗိမာန်တော်ဝတ်ကို ဆောင်ရွက်ပူဇော်ရန်ကိရိယာတန်ဆာ၊ ခွက်၊ ရွှေငွေအသုံးအဆောင်တော်များကို လုပ်စေပြီးလျှင်၊ ယောယဒအသက်ကာလပတ်လုံး၊ ဗိမာန်တော်တွင်မီးရှို့ရာသက္ကာများကိုနေ့စဉ်ပူဇော်လေ့ရှိ၏။ 15 ယောယဒသည် အိုမင်းလျက်၊ အသက်တရာ့သုံးဆယ်ရှိ၍ ကွယ်လွန်သော်၊ 16 ဘုရားသခင်၏အမှုတော်နှင့် ဗိမာန်တော်အမှု၊ ဣသရေလပြည်ကျိုးများကို သယ်ပိုးရွက်ဆောင်သူဖြစ်သောကြောင့်၊ ဒါဝိဒ်မြို့တော်ရှိ သင်္ချိုင်းတော်တွင် စျာပနပြုကြ ကုန်၏။
17 ယောယဒကွယ်လွန်ပြီးနောက်၊ ယုဒမှူးတော်မတ်တော်တို့သည် ဘုရင်မင်းထံတိုးဝင်ပျပ်ဝပ်၍၊ ပေးကြသောအကြံကို ဘုရင်မင်းလိုက်နာသည့်အလျောက်၊ 18 ဘိုးဘေးတို့ ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကိုစွန့်လျက်၊ တံခွန်တိုင်နှင့်ရုပ်တုများကိုဝတ်ပြုကြကုန်၏။ ထိုပြစ်မှုကြောင့်၊ ယုဒပြည်နှင့်ယေရုရှလင်မြို့ပေါ်သို့ အမျက်တော်သင့်ရောက်သတည်း။ 19 ဆုံးမသတိပေး၍ ထာဝရဘုရားထံ ပြန်လာကြစေရန်၊ ပရောဖက်တို့ကို စေလွှတ်တော်မူသော်လည်း၊ ထိုသူတို့မလိုက်မနာကြချေ။ 20 ထိုကာလ၊ ဘုရားသခင်ဝိညာဉ်တော်သည်၊ ပရောဟိတ်ယောယဒသားဇာခရိအပေါ်သို့ သက်ရောက်၍၊ လူပရိသတ်အထက်ရပ်လျက်ဆင့်ဆိုသည်မှာ၊ သင်တို့သည် ကိုယ်ကျိုးယုတ်စေခြင်းငှာ၊ ငါထာဝရဘုရား၏ ပညတ်တော်များကိုအဘယ့်ကြောင့် လွန်ကျူးကြသနည်း။ ငါထာဝရဘုရားကို စွန့်ခွာကြသောကြောင့်၊ ငါလည်းသင်တို့ကို စွန့်ခွာ တော်မူပြီ၊ ဟူသောဘုရားသခင်ဗျာဒိတ်တော်ကိုဆင့်ဆိုရာ၊ 21 လူပရိသတ်တို့သည် သင်းဖွဲ့လျက်၊ ဗိမာန်တော်တံတိုင်းအတွင်း၊ ဘုရင်မင်းအမိန့်တော်အရ၊ ခဲနှင့်ပစ်သတ်ကြ၍၊ 22 သေလုဆဲအခါ၊ ဤအမှုကိုထာဝရဘုရားရှုကြည့်စီရင်တော်မူပါစေသောဟုဆိုခဲ့၏။ ယောရှမင်းသည်၊ ဇာခရိအဘယောယဒပြုခဲ့သော ကျေးဇူးကိုမထောက်ထားဘဲ၊ သားကို သတ်လေစွတကား။
23 နှစ်လည်သောအခါ၊ ရှုရိအလုံးအရင်းတို့သည်၊ ယုဒပြည်ယေရုရှလင်မြို့သို့ ချီတက်ဝင်ရောက်၍၊ မှူးတော်မတ်တော်အပေါင်းတို့ကိုသုတ်သင်လျက်၊ လက်ရဥစ္စာဟူသမျှ ကိုဒမာသက်မြို့ရှိ ဘုရင်မင်းထံပို့ဆက်ကြ၏။ 24 ယုဒလူမျိုးသည်၊ များပြားသောအလုံးအရင်းဖြစ်လျက်၊ ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ခွာကြသောကြောင့်၊ သိမ်ငယ်သောရှုရိအလုံးအရင်းလက်သို့ ထာဝရဘုရားအပ်နှင်းတော်မူသဖြင့်၊ ယောရှမင်းကိုပြစ်ဒဏ်စီရင်စေတော်မူ၏။ 25 ရန်သူတို့ပြန်ဆုတ်ပြီးနောက်၊ ယောရှမင်းကျေးကျွန်တို့သည်၊ ဝေဒနာပြင်းစွာခံနေရသော ဘုရင်မင်းတစ်ဘက်၊ ပရောဟိတ်မင်းယောယဒသား၏အသွေးသွန်းမှုအတွက် အတွင်းမီးထ၍၊ သာလွန်ပေါ်တွင် အသေလုပ်ကြံပြီးလျှင်၊ ဒါဝိဒ်မြို့တော်၌ စျာပနပြုသော်လည်း၊ သင်္ချိုင်းတော်တွင်မပြုကြချေ။ 26 လုပ်ကြံသူတို့ကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သားဇာဗဒ်၊ မောဘအမျိုးသမီး ရှိမရိတ်သား ယောဇဗက်တို့တည်း။ 27 ယောရှမင်း၏ သားတော်တို့နှင့်၊ ကြီးလေးစွာခံရသောဗျာဒိတ်၊ ဗိမာန်တော်ထေးဖာသောအမှုများသည်၊ ရာဇဝင်ဋီကာတွင် ရေးထားလျက်ရှိ၏။ သားတော်အမဇိသည်၊ အရိုက်အရာ၌နန်းစံလေ၏။