20
ထိုနောက်၊ မောဘ၊ အမ္မုန်အမျိုးသားတို့နှင့်မဟုနိမ်လူမျိုးတို့သည်၊ ယောရှဖတ်မင်းကို တိုက်ခိုက်ရန် ချီလာကြရာ၊ အိုင်ကြီးတစ်ဘက် 20.1 ပါဠိၒ ၒ- အာရံ။ဧဒုံပြည်မှ အလုံးအရင်းများစွာချီလာ၍၊ အင်္ဂေဒိခေါ်ဟာဇုဇုန္တာမာမြို့၌ စွဲရပ်သည်ဟု၊ ယောရှဖတ်မင်းသတင်းကြားလျှင်၊ ကြောက်ရွံ့၍၊ ထာဝရဘုရားကို စိတ်ပါကိုယ်ရောက်ရှာဖွေလျက်၊ ယုဒပြည်လုံးနှံ့ အစာရှောင်ရာနေ့ကိုကြော်ငြာ၏။ ယုဒပြည်လုံးရှိမြို့သူမြို့သားတို့လည်း၊ ထာဝရဘုရားထံရှာဖွေတောင်းလျှောက်အံ့သောငှာ၊ လာရောက်စည်းဝေးကြကုန်၏။ ယောရှဖတ်မင်းသည်၊ ဗိမာန်တော်တံတိုင်းသစ်ဥပစာတွင် စည်းဝေးသော၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ရှေ့ရပ်လျက်၊ အိုဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်၊ မိုးကောင်းကင်ကို စိုးပိုင်လျက်၊ လူမျိုးတို့တိုင်းနိုင်ငံဟူသမျှကို အုပ်စိုးတော်မူသောဘုရားဖြစ်တော်မူ သည်မဟုတ်ပါလော။ မည်သူမျှမတန့်စားနိုင်သော လက်ရုံးတန်ခိုးရှိတော်မူပါ၏။ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ်တော်သည် တိုင်းရင်းသားတို့ကို၊ လူမျိုးတော် ဣသရေလရှေ့နှင်ထုတ်လျက်၊ အဆွေတော်အာဗြံဟံ၏ သားစဉ်မြေးဆက်တို့အား၊ တိုင်းပြည်ကိုပေးသနားတော်မူခဲ့သည်မဟုတ်ပါလော။ ထိုသူတို့သည် အတည်ကျ၍၊ နာမတော်အဖို့သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ကြလျက်၊ အကျွန်ုပ်တို့အပေါ်မှာ၊ ဓားဘေး၊ ဒဏ်စီရင်ခြင်းဘေး၊ ရောဂန္တရကပ်ဘေး၊ ဒုဗ္ဘိက္ခန္တရကပ်ဘေးသင့်ရောက်လျှင်၊ နာမတော်တည်ရာဤဗိမာန်တော်သို့မျက်နှာမူလျက်၊ မျက်မှောက်တော်တွင် ရပ်တန့်ပဌနာပြုသောအခါ၊ နားညောင်း၍ကယ်ဆယ်တော်မူလိမ့်မည်ဟု ကိုးစားကြပါ၏။ 10 အိဂျစ်ပြည်မှထွက်လာသော၊ ဣသရေလအမျိုးသားတို့အား၊ ကွင်းရှောင်စေလျက် တိုက်ဖျက်ခွင့်မပေးဘဲ၊ ခြွင်းထားတော်မူခဲ့သော ဤအမ္မုန်၊ မောဘအမျိုးသားတို့နှင့် စိရတောင်တန်းသားတို့သည်၊ 11 အပိုင်ပေးတော်မူသော၊ ကိုယ်တော်ပိုင်ရာမှ၊ အကျွန်ုပ်တို့ကိုနှင်ထုတ်ရန်ချီ၍၊ ယခုကျေးဇူးဆပ်ကြပါပြီတကား။ 12 အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့နှင့်အင်အားမမျှ၊ ချီလာသောဤအလုံးအရင်းကြီးကို စီရင်တော်မူမည်မဟုတ်ပါလော။ မည်သို့ပြုရမည်ကိုမသိနိုင်သောအကျွန်ုပ်တို့သည်၊ ကိုယ်တော်ကိုသာအာရုံပြုကြပါသည်ဟုတောင်းလျှောက်စဉ်၊ 13 ယုဒပြည်သားအပေါင်းတို့လည်း၊ သားမယားတို့နှင့်တကွ၊ ထာဝရဘုရားမျက်မှောက် တော်တွင်ရပ်နေကြကုန်၏။ 14 ထိုအခါ၊ ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ လေဝိအနွယ်၊ အာသပ်ဂိုဏ်းသား၊ မဿနိတီ၊ ယေလမြစ်၊ ဗေနာယမြေး၊ ဇာခရိသား၊ ယဟာဇေလ အပေါ်သို့၊ 15 ပရိသတ်အလယ်တွင်သက်ရောက်၍၊ ထိုသူက၊ အိုယောရှဖတ်မင်းမှစသော ယုဒပြည်သူယေရုရှလင်မြို့သားတို့၊ နာခံကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီးကြောင့်၊ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြလင့်။ ဤစစ်မှုသည် သင်တို့တာမဟုတ်၊ ငါဘုရားတာဖြစ်၏။ 16 ဇိဇလမ်းဖြင့်တက်လာသောရန်သူတို့ရှိရာသို့ နက်ဖြန်ချီသွားကြလော့။ ယေရွေလတောစပ်ချိုင့်အစွန်းတွင် တွေ့ဆုံကြလိမ့်မည်။ 17 သို့သော်လည်း၊ သင်တို့စစ်တိုက်ရန်အကြောင်းမရှိ။ ငါထာဝရဘုရားကယ်ဆယ်ခြင်းအမှုကို ရပ်နေတန့်စားကြည့်ရှုကြလော့။ အိုယုဒပြည်သူယေရုရှလင်မြို့သားတို့၊ ကြောက်ရွံ့လျက်တုန်လှုပ်ခြင်းကင်းလျက် နက်ဖြန်ချီထွက်ကြလော့။ သင်တို့နှင့်အတူ၊ ငါထာဝရဘုရားရှိတော်မူမည်ဟူသော ဗျာဒိတ်တော်ကို ဆင့်ဆိုရာ၊ 18 ယောရှဖတ်မင်းပျပ်ဝပ်ဦးညွှတ်လျှင်၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့လည်း၊ ထာဝရဘုရားရှေ့ပျပ်ဝပ်ရှိခိုးစဉ်၊ 19 လေဝိအနွယ် ကောဟတ်နှင့် ကောရဂိုဏ်းသားတို့သည်၊ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကိုသံကုန်ဟစ်၍ ထရပ်ချီးမွမ်းကြလေ၏။
20 နောက်နေ့နံနက်ထ၍၊ တေကောတောလမ်းဖြင့် ချီထွက်ကြစဉ်၊ ယောရှဖတ်မင်းရပ်လျက်၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နားထောင်ကြလော့။ သင်တို့၏ ဘုရားသခင်ထာဝရ ဘုရားကိုယုံကြည်လျှင်၊ တည်မြဲခွင့်ရကြလိမ့်မည်။ ပရောဖက်တော်တို့ကိုယုံကြည်လျှင်လည်း၊ အောင်မြင်ရကြလိမ့်မည်ဟု မိန့်ဆိုပြီးမှ၊ ဗိုလ်ထုနှင့်တိုင်ပင်၍၊ 21 ကာလအစဉ်ကရုဏာတော်တည်ရာထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု ဂုဏ်တော်ကိုဖွဲ့ဆိုလျက်၊ တပ်ဦးမှ သန့်ရှင်းစွာဆင်ယင်၍ ချီသွားသူတို့ကို ခန့်ထားသည်နှင့်အညီ၊ ဂုဏ်တော်ကိုဖွဲ့ဆိုလျှင်ဆိုချင်း၊ 22 ထာဝရဘုရားသည်၊ ယုဒလူမျိုးတို့ကို ရန်မူလာသောအမ္မုန်၊ မောဘအမျိုးသားတို့နှင့် စိရတောင်တန်းသားတို့တစ်ဘက်၊ တပ်ပုန်းချတော်မူသဖြင့်၊ 23 အမ္မုန်၊ မောဘအမျိုးသားတို့သည်၊ စိရတောင်တန်းသားတို့ကို တိုက်ခိုက်ပယ်ရှားဖျက်ဆီးပြီးမှ၊ အချင်းချင်းဝိုင်းအုံဖျက်ဆီးကြ၏။ 24 ယုဒရဲမက်တို့သည်၊ တောရှိမြော်စင်သို့ရောက်၍၊ ထိုအလုံးအရင်းကိုရှုကြည့်ရာ၊ တစ်ယောက်မကျန်၊ မြေပေါ်တွင် ကျဆုံးသော အလောင်းများကို မြင်ရကြသဖြင့်၊ 25 ယောရှဖတ်မင်းနှင့်သူရဲတို့ပါ၊ လက်ရသိမ်းယူရန် ချဉ်းလာရာ၊ မသယ်ပိုးနိုင်အောင်များပြားသော အဖိုးထိုက်တန်ဆာ၊ အဝတ်အစား၊ ပစ္စည်းများကိုတွေ့သည်နှင့်၊ အလွန်များပြားသောကြောင့်၊ သုံးရက်တိုင်တိုင်သိမ်းဆည်းချွတ်ယူလျက်နေပြီးမှ၊ 26 စတုတ္ထနေ့တွင်၊ ဗရာခချိုင့်၌စည်းဝေးကြကုန်၏။ ထိုချိုင့်၌ ထာဝရဘုရားအား ဩဘာဆက်ကြသည်ကို အစွဲပြု၍၊ ယနေ့တိုင်အောင် ဗရာခချိုင့်ဟုတွင်သတည်း။ 27-28 ထိုနောက်ရန်သူတို့အပေါ်တွင် ထာဝရဘုရားအောင်ခွင့်ပေးတော်မူသောကြောင့်၊ ဦးတည်သောယောရှဖတ်မင်းနှင့်တကွ၊ ယုဒပြည်ယေရုရှလင်မြို့၊ ရဲမက်အသီးအသီးတို့သည်၊ အောင်သံလွှင့်လျက်၊ တယော၊ စောင်း၊ တံပိုးများကိုတီးမှုတ်လျက်၊ ယေရုရှလင်မြို့၊ ဗိမာန်တော်သိုပြန်သွားကြ၏။ 29 ဣသရေလလူမျိုး၏ ရန်သူတို့ကို၊ ထာဝရဘုရားတိုက်ဖျက်တော်မူသည်ဟု၊ တိုင်းနိုင်ငံတကာတို့ကြားသိလျှင်၊ ဘုရားသခင်ထံမှထိတ်လန့်ခြင်းသင့်ရောက်သည့်အတိုင်း၊ 30 ပတ်ဝန်းကျင်အရပ်ရပ်၌၊ ယောရှဖတ်မင်း၏ဘုရားသခင်ငြိမ်းချမ်းခွင့်ပေးတော်မူ သောကြောင့်၊ ပြည်ထဲရေး သာယာလေ၏။ 31 ယောရှဖတ်မင်းသည်၊ အိမ်နိမ့်သုံးဆယ့်ငါးနှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌ ယုဒနိုင်ငံကို၊ နှစ်ဆယ့်ငါးနှင့်စိုးစံလေ၏။ မယ်တော့်အမည်ကား။ ရှိလဟိသမီးအဇုဘတည်း။ 32 ထိုမင်းသည်၊ ခမည်းတော်အာသမင်းနည်းလမ်းကိုမလွှဲဘဲလိုက်၍၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ 33 မြင့်ရာဌာနများကိုကား၊ မစွန့်မပယ်။ ပြည်သူပြည်သားတို့လည်း၊ ဘိုးဘေးတို့ဘုရားသခင်ကို စွဲလမ်းသောစိတ်မရှိကြသေး။ 34 ယောရှဖတ်မင်းအစအဆုံးပြုမူသောအကြွင်းအကျန်သည်၊ ဣသရေလရာဇဝင်တွင်ပါဝင်သော၊ ဟာနန့်သား ယေဟုအတ္ထုပ္ပတ္တိ၌ ရေးထားလျက်ရှိ၏။ 35-36 ထိုနောက်၊ ယုဒဘုရင်ယောရှဖတ်မင်းသည်၊ ဆိုးသွမ်းမှုကိုပြုလေ့ရှိသော၊ ဣသရေလဘုရင်အာခဇိမင်းနှင့် မဟာမိတ်ဖွဲ့လျက်၊ တာရှူမြို့သွားသင်္ဘောများကို၊ ဧဇယုန် ဂါဗာမြို့တွင် တည်လုပ်ကြ၏။ 37 သို့ဖြစ်၍၊ မရေရှမြို့နေ့ဒေါဒဝသားဧလျေဇာက၊ ဘုရင်မင်းသည်အာခဇိမင်းနှင့် မဟာမိတ်ဖွဲ့သောကြောင့်၊ အလုပ်အဆောင်တော်များကိုထာဝရဘုရားဖျက်ပယ်တော်မူ လတ္တံ့ဟု ဟောပြောသည်နှင့်အညီ၊ ထိုသင်္ဘောများပျက်၍ တာရှူမြို့သို့မသွားရချေ။