16
အာသမင်းနန်းစံသုံးဆယ့်ခြောက်နှစ်တွင်၊ ဣသရေလဘုရင်ဗာရှာမင်းသည်၊ ယုဒပြည်နယ်စပ်သို့ချီသွားပြီးလျှင်၊ ယုဒဘုရင်အာသမင်းထံထွက်ဝင်ခွင့်မရှိကြစေရန်၊ ရာမမြို့ကိုတည်ရာ၊ အာသမင်းသည်၊ ဗိမာန်တော်၊ နန်းတော်ရှိရွှေငွေ ဘဏ္ဍာများကိုထုတ်ယူ၍၊ ဒမာသက်မြို့စံ၊ ရှုရိဘုရင်ဗင်္ဟာဒဒ်မင်းထံပေးပို့လျက်၊ ကျွန်ုပ်သည်အကြည်တော်နှင့်လည်းေကာင်း၊ ခမည်းတော်သည်အကြည်တော့်ခမည်းတော်နှင့်လည်းေကာင်း၊ မဟာမိတ်ဖြစ်ကြသည့်အလျောက်၊ ရွှေငွေများကိုကျွန်ုပ်ပေးပို့ပါ၏။ ကျွန်ုပ်နယ်စပ်မှ ဣသရေလဘုရင်ဗာရှာမင်းထွက်သွားစေရန်၊ သူနှင့်ဖွဲ့ခဲ့သောမဟာမိတ်ကိုဖျက်၍၊ ကူညီပါဟူသော အမှာတော်ကို၊ ဗင်္ဟာဒဒ်မင်းလိုက်နာလျက်၊ ဣသရေလမြို့ရွာများသို့တပ်ဗိုလ်တို့ကိုချီတက်စေသည့်အတိုင်း၊ ဣယုန်၊ ဒန်၊ အဗေလမိမ်မှစ၍၊ နဿလိတစ်နယ်လုံးရှိ ရိက္ခာတော်သိုထားရာ မြို့များကို လုပ်ကြံကြ၏။ ထိုသတင်းကို ဗာရှာမင်းကြားသော်၊ ရာမမြို့တည်ဆောက်မှုကိုလက်လွှတ်ခဲ့ရာတွင်၊ အာသမင်းသည်၊ ယုဒတစ်မျိုးလုံးကို ဆင့်ခေါ်ပြီးလျှင်၊ ဗာရှာမင်းတည်ဆဲဖြစ်သောရာမမြို့မှ၊ ကျောက်၊ သစ်သားများကိုသယ်ယူ၍၊ မိဇပါ၊ ဂေဗမြို့များကိုချဲ့တည်လေ၏။
ထိုအခါ အမြော်အမြင်ဆရာဟာနန်သည်၊ ယုဒဘုရင်အာသမင်းထံဝင်လာ၍၊ ဘုရင်မင်းသည်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားအားမကိုးစားဘဲ၊ ရှုရိဘုရင်ကိုကိုးစား သည့်အတွက်၊ ရှုရိဘုရင့်အလုံးအရင်းသည်၊ ဘုရင်မင်းလက်တွင်းမှ လွတ်မြောက်လေစွတကား။ ကုရှ၊ လိဗုရဲမက်တို့သည်၊ ရထား၊ မြင်းစီးသူရဲအမြောက်အမြားပါသော အလုံးအရင်းကြီးဖြစ်လျက်၊ ထာဝရဘုရားကို ဘုရင်မင်းကိုးစားသောကြောင့်၊ လက်တွင်းသို့ အပ်နှင်းတော်မူခဲ့သည်မဟုတ်လော။ ထာဝရဘုရား ဘက်တော်သို့စုံလင်သောစိတ်ရှိသူတို့အဖို့ တန်ခိုးပြခြင်းငှာ၊ မြေတစ်ပြင်လုံးနှံ့စက္ခုတော်လှည့်လှည်ကြည့်ရှု၏။ ဤအရေး၌ ဘုရင်မင်းမိုက်မဲစွာပြုလေစွ တကား။ ယခုမှစ၍ စစ်ရေးပေါ်ထွက်ရလတ္တံ့ဟု ဆင့်ဆိုလေ၏။ 10 ထိုသို့သောစကားကြောင့်၊ အာသမင်းသည်ဒေါသအမျက်ခြောင်းခြောင်းထွက်လျက်၊ အမြော်အမြင်ဆရာကို နှောင်အိမ်တွင်သွင်းထားလေ၏။ ထိုကာလပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းပန်းလေ၏။ 11 အာသမင်းအစအဆုံးပြုမူသမျှသည်၊ ယုဒ၊ ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။ 12 နန်းစံသုံးဆယ့်ကိုးနှစ်ရှိသော်၊ ခြေတော်တွင် အနာဆိုးရောက်သော်လည်း၊ ထာဝရဘုရားကိုမရှာ၊ ဆေးဆရာများကိုသာမှီဝဲလေ၏။ 13 အာသမင်းသည်၊ နန်းစံလေးဆယ့်တစ်နှစ်တွင်၊ ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်ကွယ်လွန်လျက်၊ 14 ဒါဝိဒ်မြို့တော်တွင်၊ အမွှေးပညာသည်အတတ်ဖြင့် ဖော်စပ်ပြီး နံ့သာပေါင်းအမွှေးအကြိုင်နှင့်ပြည့်သော၊ ကိုယ်ထွင်းခဲ့သည့်သင်္ချိုင်းဂူရှိသောသလွန်တော်၌စျာပနပြုကြရာ၊ ကြီးစွာသော မီးပွဲသဘင်ကျင်းပကြကုန်၏။