13
1-2 ယေရောဗောင်မင်းနန်းစံဆယ့်ရှစ်နှစ်တွင် အဘိယမင်းနန်းတက်၍ ယေရုရှလင်မြို့၌ ယုဒနိုင် ငံကို သုံးနှစ်သာစိုးစံရ၏။ မယ်တော့်အမည်ကား ဂိဗာမြို့သား ဥရေလ၏သမီး၊ မိက္ခာတည်း။ အဘိယမင်းနှင့် ယေရောဗောင်မင်းတို့စစ်ဖြစ်ကြသော်၊ လက်ရွေးသူရဲကောင်းအလုံးအရင်းလေးသိန်းနှင့် အဘိယမင်းစစ်ခင်းကျင်းရာ ယေရောဗောင် မင်းသည် လက်ရွေးစစ်ခေါင်းမာသူ ရှစ်သိန်းနှင့်ဆီးဆို့ခင်းကျင်းလေ၏။ အဘိယမင်းသည် ဧဖရိမ်ခင်တန်း၊ ဇေမရိမ်ကုန်းပေါ်မှာရပ်လျက် အိုယေရောဗောင်နှင့် ဣသရေလ လူအပေါင်းတို့ နားထောင်ကြလော့။ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းနှင့်သားစဉ်မြေးဆက်တို့အား ဣသရေလနိုင်ငံကို သစ္စာတော်ဆားဖြင့် ပဋိညာဉ်ဖွဲ့လျက် အပ်တော်မူကြောင်း သိရကြသည်မဟုတ်လော။ သို့ဖြစ်လျက် ဒါဝိဒ်မင်းသားတော်ရှောလမုန်မင်းကျွန်၊ နေဗတ်သားယေရောဗောင်သည် ကိုယ့် သခင်ကိုပုန်ကန်၍ အတွင်းမီးထသောအခါ အသက်ငယ်၍ စိတ်နုသေးသောကြောင့်မနှိပ်ကွပ်နိုင်သူ ရှောလမုန်မင်းသားတော် ရောဗောင်မင်းတစ်ဘက်၌၊ လူသွမ်းလူပေါ့တို့ပါဝင်ခိုင်မာကြသည်မှန်၏။ ယခုမှာ၊ ဘုရားအဖြစ်ယေရောဗောင်သွန်းလုပ်သည့် ရွှေနွားရုပ်ပါသော သင်တို့အမြောက်အမြားသည်၊ ဒါဝိဒ်မင်းသားမြေးတို့လက်ရှိ၊ ထာဝရဘုရား၏ နိုင်ငံကို၊ နှိပ်ကွပ်ရန်ကြံစည်ကြလေစွ။ သင်တို့သည်၊ ထာဝရဘုရား၏ပရောဟိတ်ဖြစ်သူအာရုန့်အနွယ်၊ လေဝိဂိုဏ်းသားတို့ကို နှင်ထုတ်လျက်၊ လူမျိုးခြားတို့ထုံးနည်းအလိုက်၊ ပရောဟိတ်များကိုခန့်ထားကြပြီမဟုတ်လော။ မည်သူမဆို၊ နွားပေါက်တစ်ကောင်၊ သိုးထီးခုနစ်ကောင်ပါလျက်၊ ကိုယ်ကိုသီးသန့်ရာလာလျှင်၊ ဘုရားမဟုတ်သောအရုပ်ထံ၊ ပရောဟိတ်အရာကိုခံနိုင်ကြသည်တကား။ 10 ငါတို့မှာမူ၊ ထာဝရဘုရားကိုမစွန့်။ ကိုယ်တော်သည် ငါတို့ဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားထံအမှုတော်ကိုဆောင်ရွက်သောအာရုန့်အနွယ်ပရောဟိတ်များနှင့် ဆိုင်ရာဆောင်ရွက်ကြသူ လေဝိဂိုဏ်းသားများရှိကြလျက်၊ 11 ထာဝရဘုရားထံ၊ မီးရှို့ရာသက္ကာနှင့် နံသာပေါင်းအသင်းအထုံကို၊ နံနက်တိုင်း၊ ညဉ့်ဦးတိုင်း၊ ပူဇော်ခြင်း၊ ရွှေစင်စားပွဲပေါ်တွင်ရှေ့တော်တင်မုန့်ကိုခင်းကျင်းခြင်း၊ ညဉ့်ဦးတိုင်း၊ ထွန်းရသောရွှေမီးခုံဆိုင်ရာမီးခွက်များကို ပြင်ဆင်ခြင်းများဖြင့်၊ သင်တို့စွန့်ခွာသော ငါတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုကျိုးနွံလျက်နေကြပါ၏။ 12 ဘုရားသခင်သည် ငါတို့၏တပ်ဦး၌ရှိတော်မူ၍၊ ပရောဟိတ်တော်တို့လည်း အချက်ပေးသံနှင့်တံပိုးမှုတ်ရန်အသင့်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့ ဘုရားသခင်ထာဝရ ဘုရားကိုရန်မူ၍ စစ်မတိုက်ကြနှင့်။ အောင်နိုင်မည်မဟုတ်ဟုကြော်ငြာစဉ်တွင်၊ 13 ယေရောဗောင်မင်းသည် နောက်ပိုးတပ်ပုန်းချလျက်၊ ယုဒတပ်ရင်ဆိုင်၌တပ်မ၊ နောက်ပိုး၌ တပ်ပုန်းညှပ်၏။ 14 ယုဒရဲမက်တို့သည် လှည့်ကြည့်၍၊ ရှေ့နောက်တပ်ညှပ်သည်ကိုမြင်လျှင်၊ ထာဝရဘုရားထံဟစ်ခြင်း၊ ပရောဟိတ်တို့တံပိုးမှုတ်ခြင်းကိုပြုပြီးမှ၊ တပ်သံပေးသောအခါ၊ 15 ယေရောဗောင်မင်းနှင့်ဣသရေလရဲမက်တို့ကို၊ အဘိယမင်းနှင့်ယုဒအလုံးအရင်းတို့ရှေ့၊ ဘုရားသခင်ဒဏ်စီရင်တော်မူ၏။ 16 ဆုတ်ပြေးရသောဣသရေလအမျိုးသားတို့ကို၊ ယုဒလက်သို့ဘုရားသခင်အပ်တော်မူသည့်အလျောက်၊ 17 အဘိယမင်းနှင့် ဘက်ပါရဲမက်တို့သည် လုပ်ကြံသတ်ဖြတ်၍၊ ဣသရေလလက်ရွေး သူရဲငါးသိန်းကျဆုံးသဖြင့်၊ 18 ဣသရေလအမျိုးသားတို့သည် ထိုအခါရှုံးနိမ့်၍၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားအား ကိုးစားသောယုဒအမျိုးသားတို့အောင်မြင်ကြ၏။ 19 အဘိယမင်းသည် ယေရောဗောင်မင်းကို လိုက်လံလျက်၊ ဗေသလ၊ ယေရှန၊ ဧဖရိမ်မြို့များနှင့်နိဂုံးများကိုသိမ်းယူပြီးနောက်၊ 20 အဘိယမင်းလက်ထက်ကာလပတ်လုံး၊ ယေရောဗောင်မင်းသည် အာဗလယုတ်လက်၊ ထာဝရဘုရားခတ်တော်မူသောဒဏ်ချက်နှင့်ကွယ်လွန်လေ၏။ 21 အဘိယမင်းမူကား၊ အားဗလတိုးတက်လျက်၊ မိဖုရားတစ်ကျိပ်လေးပါးတို့နှင့်သင့်မြတ်၍၊ သားတော်နှစ်ကျိပ်နှစ်ပါး၊ သမီးတော်တစ်ကျိပ်ခြောက်ပါးတို့ကိုရ၏။ 22 အဘိယမင်းပြုမူသမျှအကြွင်းအကျန်နှင့်၊ အကျင့်အကြံအပြောအဆိုများပါ၊ ပရောဖက် ဣဒ္ဒေါ့အဋ္ဌကထာတွင်ရေးထားလျက်ရှိ၏။