11
ယေရုရှလင်မြို့သို့ ရောဗောင်မင်းပြန်ရောက်သောအခါ ဣသရေလအမျိုးနှင့်စစ်တိုက်၍ နိုင်ငံ တော်ကို ရောဗောင်မင်းလက်သို့ပြန်ရောက်စေရန် ယုဒ၊ ဗင်္ယာမိန့်အနွယ်တို့တွင် လက်ရွေးသူရဲပေါင်း တစ်သိန်းရှစ်သောင်းတို့ကို စုရုံးသည့်ကာလ၊ ဘုရားသခင့်လူယုံတော်ရှေမာယသို့ ဗျာဒိတ်တော်ရောက်လာသည်မှာ 3-4 ဤအမှုသည် ငါ့ထံမှဖြစ်သောကြောင့် ေဆွမျိုးသားချင်းတို့နှင့် စစ်တိုက်ရန်မချီမထွက်ဘဲ အသီးအသီးကိုယ့်အိမ်သို့ပြန်သွားကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်း ရှောလမုန့်သား ယုဒဘုရင်ရောဗောင်မှစ၍ ယုဒ၊ ဗင်္ယာမိန်နယ်ရှိ ဣသရေလလူအပေါင်းတို့အား ဆင့်ဆိုလော့ဟူသော ထာဝရဘုရားအမိန့်တော်ကိုနားထောင်၍ ယေရောဗောင်နှင့် စစ်မတိုက်ဘဲပြန်သွားကြကုန်၏။
ရောဗောင်မင်းသည် ယေရုရှလင်မြို့၌စံ၍ ယုဒပြည်တွင် ခံတပ်မြို့များကိုတည်ဆောက်ရာ 6-10 ယုဒနယ်၊ ဗင်္ယာမိန်နယ်ရှိ၊ ဗက်လင်၊ ဧတံ၊ တေကော၊ ဗက်ဇုရ၊ စောခေါ၊ အဒုလံ၊ ဂါသ၊ မရေရှ၊ ဇိဖ၊ အဒေါရိမ်၊ လာခိရှ၊ အဇေကာ၊ ဇောရာ၊ အာယလုန်၊ ဟေဗြုန်ခံတပ်မြို့များကို တည်ဆောက် ခိုင်ခံ့စေလျက် 11 ဗိုလ်မှူးများကိုခန့်ထားပြီးလျှင် ဆီ၊ စပျစ်ရည်၊ ရိက္ခာတော်များကို သိုထား၍ 12 ခံတပ်မြို့အသီးအသီးကို ဒိုင်းလွှား၊ လှံလက်နက်များနှင့် အလွန်ခိုင်ခံ့စေ၏။ ယုဒနယ်၊ ဗင်္ယာမိန်နယ်သည် ဘက်တော်ပါဖြစ်လျက် 13 ဣသရေလနိုင်ငံတစ်ဝှမ်းလုံးရှိ ပရောဟိတ်နှင့် လေဝိဂိုဏ်းသားတို့ ခိုဝင်ကြကုန်၏။ 14-15 ယေရောဗောင်မင်းနှင့်သားတော်တို့သည် လေဝိအနွယ်သားတို့ကို ထာဝရဘုရား၏ ပရောဟိတ်ရာထူးမှချ၍ ကိုယ်လုပ်သောနွားရုပ်၊ နတ်မိစ္ဆာ၊ မြင့်ရာဌာနများအတွက် အခြားပရောဟိတ်များကို ခန့်ထားသောကြောင့် ထိုသူတို့သည် ပိုင်ရာစားကျက်များကိုစွန့်၍ ယုဒပြည်၊ ယေရုရှလင်မြို့သို့ ရောက်ကြသတည်း။ 16 ၄င်းပြင် ဣသရေလအမျိုးအနွယ်တို့အနက် ကိုယ့်ဘုရားသခင်ထာဝရဘုရားကို စိတ်ပါကိုယ် ရောက်ရှာဖွေသူအပေါင်းတို့သည် ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရန် 17 ယေရုရှလင်မြို့သို့နောက်ထပ်ရောက်လာ၍ ဒါဝိဒ်မင်းနှင့် ရောလမုန်မင်းတို့နည်းလမ်းအတိုင်း သုံးနှစ်တိုင်တိုင်လျှောက်လိုက်သဖြင့် ယုဒနိုင်ငံနှင့် ရှောလမုန်မင်းသားတော်ရောဗောင်မင်းကို သုံးနှစ်ပတ်လုံးအားပေးလျက် ခိုင်ခံ့စေကြ၏။
18 ရောဗောင်မင်းသည် ဒါဝိဒ်မင်းသားတော်ယေရိမုတ်နှင့် ယေရှဲမြေး၊ ဧလျာဘသမီးအဘိဟဲလတို့ရသောသမီးမဟာလတ်ကို မိဖုရားမြှောက်၍ 19 ယုရှ၊ ရှေမရိ၊ ဇာဟံ၊ သားတော်များကိုရ၏။ 20 ထိုနောက် အဗရှလုံ့သမီးမာခါနှင့် သင့်မြတ်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကိုရ၏။ 21 မိဖုရားဆယ့်ရှစ်ပါး၊ မောင်းမကိုယ်လုပ်ခြောက်ကျိပ်တို့ကိုသိမ်းပိုက်လျက် သားတော်နှစ် ကျိပ်ရှစ်၊ သမီးတော်ခြောက်ကျိပ်ရသောရောဗောင်မင်းသည် မိဖုရားမောင်းမကိုယ်လုပ်အပေါင်းတို့ထက် အဗရှလုံ့သမီးမာခါကို မြတ်နိုးသောကြောင့် 22 မာခါတွင်ရသောသားတော်အဘိယအား၊ ထီးနန်းဆက်ခံစေရန် ညီတော်နောင်တော်တို့အပေါ်၌ ဥပရာဇာဘွဲ့ကိုချီးမြှင့်လေ၏။ 23 သားတော်တို့ကိုကား၊ ယုဒနယ်၊ ဗင်္ယာမိန်နယ်အရပ်ရပ် ခံတပ်မြို့များတွင် သတိပညာနှင့် ရာထူးပေးလျက် ရိက္ခာတော်များစွာ ထောက်မသည့်ပြင် ကြင်ဘက်များကိုလည်းဆောင်နှင်း၏။