5
1-2 ရုဗင်သည် ဣသရေလ၏သားဦးဖြစ်လျက် အဘအိပ်ရာကိုညစ်ညူးစေသည်ဖြစ်၍ သြရသအခွင့်အရာကို ဣသရေလသားယောသပ်၏ သားစဉ်မြေးဆက်တို့ထံလွှဲအပ်ခဲ့၏။ သြရသအခွင့်အရာကို ယောသပ်အနွယ်ခံရသော်လည်း ယုဒအနွယ်သည် ဆွေမျိုးသားချင်းတို့ထက်လွန်ကဲ၍ မင်းပေါ်ထွန်းသောကြောင့် သားဦးအခွင့်အရာခံရသောသားစဉ်မြေးဆက်ကို ဦးစွာစာရင်းမတင်ချေ။ ဣသရေလ၏သားဦးရုဗင့်သားများကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့တည်း။ ယောလသားကား၊ ရှေမာယ။ ၎င်းသား ဂေါဂ။ ၎င်းသားရှိမိ။ ၎င်းသားမိက္ခာ။ ၎င်းသားရာယ။ ၎င်းသားဗာလ။ ၎င်းသား အာရှုရိဘုရင်တိဂလတ်ပိလေသာမင်း သိမ်းသွားသော ရုဗင့်အနွယ် တွင် အကြီးအကဲဖြစ်သူ၊ ဗေရာတည်း။ 7-9 ညီအစ်ကိုချင်းတို့ကား အဆက်အနွယ်များအလိုက် ဘေးစဉ်ဘိုးဆက်စာရင်းဝင်သည့်ကာလ၊ အအုပ်အချုပ်ယေလ၊ ဇာခရိမှစ၍၊ ဂိလဒ်နယ်တွင် သိုးနွားတိုးပွားသည့်အတွက် အာရော်မြို့မှ နေဗော တောင်နှင့် ဗာလမောင်မြို့တိုင်အောင်လည်းကောင်း၊ အရှေ့မျက်နှာဥဖရတ်မြစ်အနီးရှိ သဲကန္တာရအဝင်တိုင် အောင်လည်းကောင်း၊ နေထိုင်သော ယောလမြစ်၊ ရှေမမြေး၊ အာဇတ်သားဗေလတို့တည်း။ 10 ရှောလုမင်းလက်ထက်၊ ဟာဂရလူမျိုးတို့ကိုစစ်တိုက်၍လုပ်ကြံသဖြင့် ဂိလဒ်ပြည်အရှေ့ဘက် တစ်လျှောက်လုံးတွင် သူတို့တဲများ၌ဝင်နေကြ၏။
11 ဗာရှန်ပြည်တွင် သာလကမြို့တိုင်အောင် သူတို့ရင်ဆိုင်နေရာကျသော ဂဒ်အနွယ်သားတို့ကား၊ 12 ပဌမယောလ၊ ဒုတိယရှာဖံ၊ ယာနဲ၊ ရှာဖတ်တို့နှင့်၊ 13 သူတို့အဆွေအမျိုးဖြစ်သော မိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇာယာ၊ ဟေဗာ၊ ခုနစ် ယောက်တို့တည်း။ 14 ထိုသူတို့အဘကား၊ အဘိဟဲလ။ ၎င်းအဘဟုရိ၊ ၎င်းအဘယာရော်၊ ၎င်းအဘဂိလဒ်၊ ၎င်းအဘမိက္ခေလ၊ ၎င်းအဘယေရှိရှဲ၊ ၎င်းအဘယာဒေါ၊ ၎င်းအဘဗုဇတည်း။ 15 ဂုနိမြေး၊ အာဗဒဒျေလသားအာဟိသည် ၎င်းတို့အိမ်ထောင်များတွင် အအုပ်အချုပ်ဖြစ်၏။ 16 သူတို့သည် ဗာရှန်ပြည်၊ ဂိလဒ်နယ်မြို့ရွာများတွင်လည်းကောင်း၊ အစွန်းရောက် ရှာရုန်စားကျက်များတွင်လည်းကောင်း နေရာကျကြ၏။ 17 ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းနှင့် ဣသရေလဘုရင်ယေရောဗောင်မင်းတို့လက်ထက် သားစဉ်မြေးဆက်စာရင်းဝင်ကြ၏။
18 ရုဗင့်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေ့အနွယ်တစ်ဝက်တွင် ဒိုင်းနှင့်ဓားကိုကိုင်၍ လေးနှင့်ပစ်တတ်သူ၊ စစ်ရေးကျွမ်းကျင်သဖြင့် စစ်ချီနိုင်သောသူရဲကောင်း လေးသောင်းလေးထောင့်ခုနစ်ရာ့ခြောက်ဆယ်ရှိသည်နှင့်၊ 19 ဟာဂရ၊ ယေတုရ၊ နာဖိရှ၊ နောဒပ်လူမျိုးတို့ကို စစ်တိုက်ကြရာ၊ 20 တိုက်ခိုက်ရာ၌ ဘုရားသခင်အားကိုးစားဟစ်ခေါ်သောကြောင့် ဘုရားသခင်နားညောင်း၍ မစတော်မူသဖြင့် ဟာဂရလူမျိုးမှစသောဘက်ပါအပေါင်းတို့ကိုရသည့်ပြင်၊ 21 ကုလားအုပ်ငါးသောင်း၊ သိုးဆိတ်နှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတစ်သိန်းတို့ကို သုံ့ပန်းရကြ၏။ 22 ဘုရားသခင့်အလိုတော်နှင့်စစ်တိုက်သောကြောင့် ရန်သူအများကျဆုံးသည်နှင့် ကိုယ့်လူမျိုးသိမ်းသွားခံရသည့်ကာလတိုင်အောင် ၎င်းတို့ပြည်၌နေရာကျကြ၏။
23 မနာရှေ့အနွယ်တစ်ဝက်သည် ထိုပြည်တွင် ဗာရှန်မြို့မှစ၍ဗာလဟေရမုန်မြို့၊ စနိရတောင်၊ ဟေရမုန်တောင်တိုင်အောင် တိုးပွားလျက်နေ၏။ 24 အိမ်ထောင်များတွင် အအုပ်အချုပ်ဖြစ်လျက် ကျော်စောကိတ္တိရှိသောစစ်ခေါင်းမာသူများကား ဧဖေရ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတို့တည်း။
25 ရုဗင့်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေ့အနွယ်တစ်ဝက်သည် ဘိုးဘေးတို့၏ဘုရားသခင့်သစ္စာတော်ကို ဖောက်ကျော်၍ ကိုယ့်ရှေ့ဘုရားသခင်ပယ်ရှားတော်မူခဲ့သော ပြည်သားတို့ဘုရားများနှင့် မှားယွင်းကြသဖြင့်၊ 26 ဣသရေလလူမျိုး၏ဘုရားသခင်သည် အာရှုရိဘုရင်ပုလမင်း၊ တိဂလတ်ပိလေသာမင်းတို့သဘောကို ဆော်သြတော်မူသည်နှင့် ဟာလနယ်၊ ဟာဗော်နယ်၊ ဟာရနယ်များသို့လည်းကောင်း၊ ဂေါဇန်နယ်ရှိမြစ်အနီးသို့လည်းကောင်းသိမ်းသွားလျက် ယနေ့တိုင်အောင်နေရာချထား၏။