28
တစ်ဖန်ဒါဝိဒ်မင်းသည် ဣသရေလအမျိုးအနွယ်တို့ ဦးစီးဦးကိုင်အလှည့်ကျအမှုတော်ထမ်း ဗိုလ်မှူး၊ ထောင်တပ်မှူး၊ ရာတပ်မှူး၊ ဘုရင်မင်းနှင့်သားတော်တို့ပိုင် သက်ရှိသက်မဲ့ဘဏ္ဍာတော်ဝန်တည်းဟူသော မှူးတော်မတ်တော်တို့မှစ၍ မိန်းမစိုးများနှင့်စစ်ခေါင်းမာသူအပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုဝေးစေပြီးလျှင်၊ ရပ်လျက်မိန့်ဆိုသည်မှာ ငါ့ညီအစ်ကို၊ ငါ့လူမျိုးတို့၊ နားထောင်ကြလော့။ ငါတို့ဘုရားသခင် ခြေတော်တင်ခုံတည်းဟူသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတည်မြဲရာ ဗိမာန်တော်ကိုငါဆောက်မည်ကြံရွယ်လျက် ကိုယ်တိုင်ပြင်ဆင်ခဲ့သော်လည်း၊ ဘုရားသခင်က သင်သည်စစ်တိုက်၍ လူ့အသွေးသွန်းသူဖြစ်သောကြောင့် ငါ့နာမအဖို့ ဗိမာန်ကိုမတည်မဆောက်ထိုက်ဟု မိန့်တော်မူပြီ။ သို့ရာတွင် ယုဒကိုလည်းကောင်း၊ ယုဒအနွယ်တွင် ငါ့အဘအိမ်ထောင်ကိုလည်းကောင်း၊ မင်းအဖြစ်ရွေးကောက်တော်မူသည်နှင့်အညီ ဆွေမျိုးသားချင်းညီအစ်ကိုများအနက် ငါ့ကိုမြတ်နိုး၍ အစဉ်ဣသရေလတစ်မျိုးလုံးတွင် ဘုရင်ဖြစ်စေရန်ရွေးကောက်တော်မူသော ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည်၊ ပေးသနားတော်မူသောသားများတို့အနက် ဣသရေလလူမျိုးအပေါ်တွင် ထာဝရဘုရား၏နိုင်ငံ ရာဇပလ္လင်ထက်ထိုင်ရန် သားတော်ရှောလမုန်ကိုရွေးချယ်လျက် ငါ့အားမိန့်တော်မူသည်မှာ၊ ငါနှင့်သားအဘဖြစ်အံ့သောငှါ ရွေးကောက်သောသင့်သားရှောလမုန်သည် ငါ့ဗိမာန်တော်၊ တံတိုင်းတော်များကိုတည်ဆောက်ရလိမ့်မည်။ ငါမိန့်မှာဆုံးဖြတ်ချက်များကို ယနေ့ကဲ့သို့ စိတ်ပါကိုယ်ရောက်သူလိုက်နာလျှင် အုပ်စိုးခွင့်ကိုကာလအစဉ်ငါတည်စေမည်ဟု မိန့်တော်မူပြီ။ သို့ဖြစ်၍ ဤပြည်ကိုပိုင်ရလျက် သားစဉ်မြေးဆက်၊ ဆက်ခံခွင့်ရှိကြစေရန် ငါတို့ဘုရားသခင့်မျက်မှောက်တော်တွင်လည်းကောင်း၊ ထာဝရဘုရား၏ ပရိသတ်တော်တည်းဟူသော ဣသရေလတစ်မျိုးလုံးရှေ့တွင်လည်းကောင်း ကိုယ့်ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူချက်များကို အကြွင်းမဲ့စီစစ်လိုက်ေလျှာက်ကြလော့။ သားတော်ရှောလမုန်၊ ခမည်းတော်၏ဘုရားသခင်ကိုသိကျွမ်း၍ ကြည်ညိုသောစိတ်နှလုံးနှင့် စုံလင်စွာဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသောစိတ်နှလုံးစီစစ်လျက် အကြံအစည်ဟူသမျှကို သိမြင်တော်မူ၏။ ကိုယ်တော်ကိုရှာဖွေလျှင် အတွေ့ခံတော်မူလိမ့်မည်။ ခွာလျှင်မူကား အစဉ်စွန့်ပစ်တော်မူလိမ့်မည်။ 10 သတိပြုလော့။ သန့်ရှင်းရာဌာနဆိုင်ရာဗိမာန်တော်ကိုတည်ဆောက်စေရန် သင့်ကိုထာဝရဘုရားရွေးချယ်တော်မူပြီ။ အားယူ၍ တည်ဆောက်လော့ဟု မိန့်ဆိုလေ၏။
11 ထိုအခါ ဒါဝိဒ်မင်းသည် သားတော်ရှောလမုန်အား ထာဝရဘုရား၏ဗိမာန်တော်မုတ်ဆောင်၊ ဘဏ္ဍာတိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ အပြစ်ဖြေရာပလ္လင်တော်ခန်းများမှစသော အဆောင်ဆောင်၏ပုံစံကိုလည်းကောင်း၊ 12 တံတိုင်း၊ ပတ်ဝန်းကျင်ရှိလှိုင်တန်း၊ ဘုရားသခင့်ဗိမာန်အဆောင်အရွက်တော်နှင့် အလှူတော်ဘဏ္ဍာတိုက်များ၏ပုံစံကိုလည်းကောင်း၊ ဝိညာဉ်တော်အားဖြင့် ရရှိသည့်အတိုင်းပေးလျက်၊ 13 ခွဲထားသောပရောဟိတ်များ၊ လေဝိဂိုဏ်းသားများတို့နေရာနှင့် ထာဝရဘုရား၏ဗိမာန်တော်လုပ်ကိုင်မှုမှစ၍ ဆိုင်ရာအဆောင်အရွက်တော်ရှိသမျှပုံစံများနှင့်တကွ၊ 14 ရွှေအသုံးအဆောင်တော်အမျိုးမျိုးအဖို့ ရွှေချိန်ကိုလည်းကောင်း၊ ငွေအသုံးအဆောင်တော်အမျိုးမျိုးအဖို့ ငွေချိန်ကိုလည်းကောင်း၊ 15 ရွှေမီးခွက်ပါမီးခုံတော်ဟူသမျှအဖို့ ရွှေချိန်ကိုလည်းကောင်း အသုံးဝင်သည့်အတိုင်း၊ 16 ငွေမီးခွက်ပါမီးခုံတော်ဟူသမျှအဖို့ ငွေချိန်ကိုလည်းကောင်း၊ ရှေ့တော်မုန့်တင်စားပွဲဟူသမျှအဖို့ ရွှေချိန်နှင့် ငွေစားပွဲတော်များအဖို့ ငွေချိန်ကိုလည်းကောင်း၊ 17 ရွှေစင်ဖြင့်ပြီးသောခက်ရင်း၊ အင်တုံ၊ တကောင်းတော်မှစ၍ ရွှေဖလားတော်ဟူသမျှအဖို့ရွှေချိန်နှင့် ငွေဖလားတော်ဟူသမျှအဖို့ငွေချိန်ကိုလည်းကောင်း၊ 18 နံ့သာပေါင်းတင်ရှို့ရာပလ္လင်တော်အဖို့ ချွတ်ပြီးရွှေချိန်ကိုလည်းကောင်း၊ ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို အတောင်ဖြင့်ဖုံးလွှမ်းသော စီးနင်းတော်မူရာ ခေရုဗအဖို့ရွှေချိန်ကိုလည်းကောင်း အပ်ပေး၏။ 19 ဆိုခဲ့သောပုံစံရှိသမျှကို ထာဝရဘုရားပေးတော်မူသောအက္ခရာအားဖြင့် ငါသိကျွမ်းပြီဟုဒါဝိဒ်မင်းဝန်ခံသတည်း။ 20 သားတော်ရှောလမုန်အား ဒါဝိဒ်မင်းမိန့်ပြန်သည်မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းလျက် အားယူ၍ရဲရင့်စွာတည်ဆောက်လော့။ ထာဝရဘုရားသခင်တည်းဟူသော ငါ့ဘုရားသခင်ပင် သင်နှင့်အတူရှိတော်မူပြီ။ ဗိမာန်တော်လုပ်ကိုင်မှုအဆုံးမသတ်မချင်း စွန့်ခွာတော်မူမည်မဟုတ်။ 21 ဘုရားသခင့်ဗိမာန်တော်လုပ်ကိုင်မှုကို ဆောင်ရွက်ရန် ခွဲထားသောပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့ပြင် မည်သည့်အလုပ်မျိုးမဆို စေတနာထက်သန်လျက် လက်မြောက်သူဟူသမျှတို့သည် သင်၌ရှိကြလေပြီ။ မှူးတော်မတ်တော်မှစ၍ ပြည်သူပြည်သားတို့လည်း အမိန့်အတိုင်းလိုက်နာဆောင်ရွက်ကြလိမ့်မည်ဟု မိန့်ဆိုလေ၏။