26
ကောရအနွယ်၊ အာသပ်မြေး၊ ကောရေသားမေရှိလမိမှစ၍ အလှည့်ကျခွဲထားသောတံခါးစောင့်များကိုဆိုပေအံ့။ မေရှိလမိသားများကား သားဦးဇာခရိ၊ ဒုတိယ ယဒယေလ၊ တတိယေဇဗဒိ၊ စတုတ္ထ ယာသနေလ၊ ပဥ္စမ ဧလံ၊ ဆဌမေယာဟနန်၊ သတ္တမ ဧလျောနဲတို့တည်း။ 4-5 ထာဝရဘုရားအကျိုးထူးပေးတော်မူသည့်အတိုင်း သြ​ဗဒေဒုံရသောသားများကား သားဦး ရှေမာယ၊ ဒုတိယ ယောဇဗပ်၊ တတိယေယာအာ၊ စတုတ္ထ စာကာ၊ ပဥ္စမနာသနေလ၊ ဆဌမ အမျေလ၊ သတ္တမ ဣသခါ၊ အဌမ ပုလသဲတို့တည်း။ ရှေမာရ ရသောသားတို့သည် စွမ်းရည်ကောင်းသူဖြစ်ကြ၍ ဆွေမျိုးသားချင်းတို့ကိုအုပ်စိုးရ၏။ အမည်များကား သြသနိ၊ ရေဖေလ၊ သြဗက်၊ ဧလဇာဗဒ်တို့နှင့် ခွန်အားကြီးသူညီဧလိဟု၊ သေခမိတို့တည်း။ သြဗဒေဒုံ၏ဆိုခဲ့သော သားမြေးတို့နှင့် သားရောညီပါ အမှုတော်ကိုဆောင်ရွက်ခြင်းငှါ စွမ်းရည်ရှိသူပေါင်းကား ခြောက်ကိျပ်နှစ်ယောက်တို့တည်း။ မရှေလမိ၏သားညီကား ခွန်အားကောင်းသူ တစ်ကျိပ်ရှစ်ယောက်တို့တည်း။ 10 မေရာရိအနွယ်ဟောသ၏သားတို့တွင် ရှိမရိသည် သားဦးမဟုတ်သော်လည်း အဘလွှဲအပ်သောကြောင့် အအုပ်အချုပ်ဖြစ်သတည်း။ 11 ဒုတိယသား ဟိလခိ၊ တတိယ တေဗလိ၊ စတုတ္ထ ဇာခရိမှစ၍ သားရောညီပါ တစ်ကျိပ်သုံးယောက်တို့တည်း။ 12 ဤသူတို့သည် ဆွေမျိုးသားချင်းတို့နည်းတူ ထာဝရဘုရား၏ဗိမာန်တော်၌ အမှုဆောင်ရာထူးကိုရလျက် တံခါးမှူးများဖြစ်ကြသည်နှင့်၊ 13 တံခါးတိုင်းအဖို့ အိမ်ထောင်များအလိုက် အကြီးအငယ်မခြားမဲချကြရာ၊ 14 ရှေလမိသည် အရှေ့မျက်နှာကိုလည်းကောင်း၊ သူ့သား ဉာဏ်ကောင်းသောဇာခရိသည် မြောက်မျက်နှာကိုလည်းကောင်း၊ 15 သြဗဒေဒုံသည် တောင်မျက်နှာကိုလည်းကောင်း၊ သားများသည် အဆောင်အရွက်တော်တိုက်ကိုလည်းကောင်း၊ 16 ရှုပိမ်နှင့်ဟောသတို့သည် တောင်တက်ရာလမ်းရှိ ရှလ္လေခက်ခေါ်တံခါးအနီး အနောက်မျက်နှာကိုလည်းကောင်း မဲကျသဖြင့်ရကြ၏။ 17-18 အ​ရှေ့မျက်နှာ ခြောက်ယောက်၊ မြောက်မျက်နှာ လေးယောက်၊ တောင်မျက်နှာ လေးယောက်၊ အဆောင်အရွက်တော်တိုက် လေးယောက်၊ အနောက်မျက်နှာစင်္ကြံတန်းလျားအနီး နှစ်ယောက်၊ တက်ရာလမ်း လေးယောက်၊ လေဝိဂိုဏ်းသားတို့သည်နေ့စဉ်စောင့်ရကြ၏။ 19 ကောရ၊ မေရာရိတို့အနွယ်၊ တံခါးမှူးတို့တာဝန်သည် ထိုသို့ပင်တည်း။
20 ဘုရားသခင့်ဗိမာန်အဆောင်အရွက်တော်နှင့် အလှူတော်ဘဏ္ဍာများကိုထိန်းရသော သားချင်းဖြစ်သူလေဝိဂိုဏ်းသားတို့မှာ၊ 21-22 ဂေရရှုံ့အနွယ်၊ လာဒန့်အိမ်ထောင်အအုပ်အချုပ်ဖြစ်သူ ယေဟေလိ၏သား၊ ဇေသံနှင့်ညီယောလတို့သည် ထာဝရဘုရား၏ဗိမာန်အဆောင်အရွက်တော် ဘဏ္ဍာကိုထိန်းရကြ၏။ 23 အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့အနွယ်များအနက်၊ 24 မောရှေ့သား ဂေရရှုံ၏အဆက်ရှေဗွေလသည် ဘဏ္ဍာထိန်းတို့အပေါ်တွင်အုပ်ချုပ်ရ၏။ 25 ဆွေမျိုးသားချင်းတို့အတွင်း ဧလျေဇာ့သား ရေဟဘိ၊ ၎င်းသား ယေရှာယ၊ ၎င်းသား ယောရံ၊ ၎င်းသား ဇိခရိ၊ 26-27 ၎င်းသားရှေလောမုတ်သည် ညီအစ်ကိုများပါ ဒါဝိဒ်မင်းမှစ၍ အိမ်ထောင်အအုပ်အချုပ်များ၊ ထောင်တပ်မှူး၊ ရာတပ်မှူးများနှင့် ဗိုလ်မှူးများတို့စစ်အောင်၍ရသောပစ္စည်းများအနက် ဗိမာန်တော်ကိုပြုပြင်ရန် သီးသန့်ထားခဲ့ရာအလှူတော်ဘဏ္ဍာဟူသမျှကို ထိန်းရကြ၏။ 28 အမျှော်အမြင်ဆရာရှမွေလ၊ ကိရှသားရှောလု၊ နေရသားအာဗနာ၊ ဇေရုယာ့သားယွာဘမှစ၍ အခြားသီးသန့်ထားသမျှအလှူဒါနသည် ရှေလောမုတ်နှင့် ညီအစ်ကိုတို့လက်ဝယ်ရှိသတည်း။
29 ဣဇဟာ့အနွယ်၊ ခေနနိနှင့်သားတို့သည် ဣသရေလနိုင်ငံဝန်ထမ်း၊ တရားသူကြီး၊ တရားခုံဖြစ်ကြ၏။ 30 ဟေဗြုန့်အနွယ်၊ ခွန်အားကြီးသူဟာရှဘိနှင့် ဆွေမျိုးသားချင်းတစ်ထောင့်ခုနစ်ရာတို့သည် ယော်ဒန်မြစ်အနောက်ဘက် ဣသရေလပြည်တစ်လျှောက် ထာဝရဘုရားအမှုတော်နှင့်မင်းမှုများကို ဆောင်ရွက်ရကြ၏။ 31-32 ယေရိသည် ဟေဗြုန့်အနွယ်၊ ဆွေစဉ်မျိုးဆက်အိမ်ထောင်များတွင် အအုပ်အချုပ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းနန်းစံလေးဆယ်တွင်လိုက်ရှာရာ ဂိလဒ်နယ်၊ ယာဇာမြို့၌ ယေရိ၏ဆွေမျိုးသားချင်းအိမ်ထောင်အအုပ်အချုပ်၊ ခွန်အားစွမ်းရည်ကောင်းသူနှစ်ထောင့်ခုနစ်ရာတို့ကိုတွေ့သဖြင့် ရုဗင့်အနွယ်၊ ဂဒ်အနွယ်သားတို့နှင့် မနာရှေ့အနွယ်တစ်ဝက်တို့အပေါ်တွင် ဘုရားသခင့်အမှုတော်နှင့်မင်းမှုများကိုဆောင်ရွက်ကြစေရန် ဒါဝိဒ်မင်းခန့်ထားလေ၏။