24
အလှည့်ကျခွဲထားသည့်အတိုင်း အာရုန်၏သားစဉ်မြေးဆက်တို့ကိုဆိုပေအံ့။ အာရုန့်သားများကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့တည်း။ နာဒပ်နှင့်အဘိဟုမှာမူ အဘလက်ထက်၊ သားမရှိဘဲသေကြရာ ဧလာဇာနှင့်ဣသမာတို့သည် ပရောဟိတ်ဝတ်ကိုဆောင်ရွက်ရကြသေး၏။ ဒါဝိဒ်မင်းသည် ဧလာဇာ့အဆက်ဇာဒုတ်၊ ဣသမာ့အဆက်အဟိမလက်တို့နှင့်တကွ အလှည့်သင့်ခွဲထားကြရာ၊ ဣသမာ့အဆက်ထက် ဧလာဇာ့အဆက်အကြီးအကဲများပြားသည်နှင့်အညီ ဧလာဇာ့အဆက် အိမ်ထောင်အအုပ်အချုပ်ဆယ့်ခြောက်ပါး၊ ဣသမာ့အဆက် အိမ်ထောင်အအုပ်အချုပ်ရှစ်ပါးတို့ကို ခန့်ထားကြ၏။ ဧလာဇာ၊ ဣသမာတို့နှစ်ဆက်တွင် သန့်ရှင်းရာဌာနတော်ဆိုင်ရာအကြီးအကဲ၊ ဘုရားသခင့်ရှေ့တော်ဆိုင်ရာအကြီးအကဲများရှိသည်ဖြစ်၍ သီးခြားခန့်ထားရန် မဲချလေ၏။ ဘုရင်မင်းမှစ၍ မှူးတော်မတ်တော်၊ ပရောဟိတ်ဇာဒုတ်၊ အဗျာသာသားအဟိမလက်၊ ပရောဟိတ်တို့နှင့် လေဝိဂိုဏ်းသားတို့အိမ်ထောင်အအုပ်အချုပ်များရှေ့တွင်ပင် လေဝိအနွယ်၊ နာသနေလသား၊ သံတော်ဆင့်ရှေမာယသည်မှတ်သားလျက် ဧလာဇာ့အဆက်၊ ဣသမာ့အဆက်၊ အိမ်ထောင်တိုင်းလှည့်လည်မဲချရာ၊ 7-18 ပထမမဲကျသူ ယောယာရိပ်၊ ဒုတိယ ယေဒါယ၊ တတိယ ဟာရိမ်၊ စတုတ္ထ စောရိမ်၊ ပဥ္စမ မာလခိယ၊ ဆဌမ မိယာမိန်၊ သတ္တမ ဟက္ကုတ်၊ အဌမ အဘိယ၊ နဝမ ယောရှု၊ ဒသမ ရှေကနိ၊ ဧကာဒသမ ဧလျာရှိပ်၊ ဒွါဒသမ ယာကိမ်၊ တေရသမ ဟုပ္ပ၊ စုဒ္ဒသမ ယေရှေဗပ်၊ ပန္နရၕသမ ဗိလဂ၊ သောဠသမ ဣမေရ၊ သတ္တရသမ ဟေဇိရ၊ အဌာရသမ အပ်ဇဇ်၊ ဧကူနဝီသမ ပေသဟိ၊ ဝီသမ ယေဇကျေလ၊ ဧကဝီသမ ယာခိန်၊ ဗာဝီသမ ဂါမုလ၊ တေဝီသမ ဒေလာယ၊ စတုဝီသမ မာဇိတို့တည်း။ 19 ထိုသူတို့သည် ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားဗျာဒိတ်တော်အရ အဘအာရုန်စီမံခဲ့သည့်အတိုင်း ဗိမာန်တော်မှုကိုဆောင်ရွက်ရန် ထိုသို့ပင်အလှည့်ကျဝင်ရကြ၏။
20 ကြွင်းသောလေဝိအနွယ်သားတို့ဟူမူကား အာမရံ့အဆက်တွင် ရှုဗွေလသားတို့အနက် ယေဒေယတည်း။ 21 ရေဟဘိသားများတွင် သားဦးဣရှယာတည်း။ 22 ဣဇဟာ့အဆက်တွင် ရှေလောမုတ်သားတို့အနက် ယာဟတ်တည်း။ 23 ဟေဗြုန့်သားဦးယေရိ၊ ဒုတိယသားအာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံတို့တည်း။ 24-25 သြဇေလအဆက်တွင် မိက္ခာ့သားတို့အနက် ရှမိရတည်း။ မိက္ခာ့ညီ ဣရှယာ့သားတို့အနက် ဇာခရိတည်း။ 26 မေရာရိသားများကား မဟာလိနှင့်မုရှိတို့တည်း။ ယာဇိသားကား ဗေနောတည်း။ 27-28 မေရာရိအဆက်၊ ယာဇိသားများကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတို့တည်း။ မဟာလိသား ဧလာဇာ၌ သားမရှိ။ 29-30 ကိရှသားကား ယေရမေလတည်း။ မုရှိသားများကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်တို့တည်း။ ဤသူတို့သည် အိမ်ထောင်အလိုက် လေဝိအနွယ်သားများဖြစ်လျက်၊ 31 ဒါဝိဒ်မင်းမှစ၍ ဇာဒုတ်၊ အဟိမလက်၊ ပရောဟိတ်တို့နှင့် လေဝိဂိုဏ်းသားတို့ အိမ်ထောင်အအုပ်အချုပ်များရှေ့၊ ဆွေမျိုးသားချင်းဖြစ်သော အာရုန့်သားမြေးတို့နည်းတူပင် မဲချရာခံရကြ၏။ အအုပ်အချုပ်ဖြစ်သူတို့ အိမ်ထောင်တိုင်းလည်း ညီ့အိမ်ထောင်များကဲ့သို့ခံရကြသတည်း။