23
ဒါဝိဒ်မင်းသည် ကြီးရင့်အိုမင်းသောအခါ သားတော်ရှောလမုန်ကို ဣသရေလလူမျိုးအပေါ်တွင်မင်းမြှောက်ရာ၊ ဣသရေလမှူးမတ်၊ ပရောဟိတ်၊ လေဝိဂိုဏ်းသားအပေါင်းတို့ကို စုရုံးစေလေ၏။ အသက်သုံးဆယ်ကျော်၊ ဦးရေစာရင်းဝင်သူ လေဝိဂိုဏ်းသားပေါင်းကား သုံးသောင်းရှစ်ထောင်တည်း။ ထိုသူတို့အနက် ထာဝရဘုရား၏ဗိမာန်တော်မှုကို ကြည့်ရှုရသူနှစ်သောင်းလေးထောင်၊ တရားသူကြီးနှင့်တရားခုံခြောက်ထောင်၊ တံခါးစောင့်လေးထောင်၊ ဒါဝိဒ်မင်းစီမံခဲ့သောတုရိယာမျိုးဖြင့် ထာဝရဘုရားအားထောမနာပြုရသူ လေးထောင်တို့တည်း။
ဒါဝိဒ်မင်းသည် လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိညီနောင်အလိုက်ခွဲထားရာ၊ ဂေရရှုံ့အနွယ်ကား လာဒန်နှင့်ရှိမိတို့တည်း။ လာဒန့်သားများကား သားဦးယေဟေလ၊ ဇေသံ၊ ယောလ၊ သုံးယောက်တို့တည်း။ ရှိမိသားများကား ရှေလောမုတ်၊ ဟာဇေလ၊ ဟာရန်၊ သုံးယောက်တို့တည်း။ ဤသူတို့သည် လာဒန့်အိမ်ထောင်များတွင် အအုပ်အချုပ်ဖြစ်ကြ၏။ 10 ရှိမိသားများကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိယ၊ လေးယောက်တို့တည်း။ 11 သားဦးယာဟတ်၊ ဒုတိယသားဇိဇဖြစ်၏။ ယုရှနှင့်ဗေရိယတို့တွင် သားများစွာမရှိ၍ နှစ်ဦးလုံးပင်တစ်အိမ်ထောင်တည်းမှတ်သားရ၏။
12 ကောဟတ်သားများကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလ၊ လေးယောက်တို့တည်း။ 13 အာမရံ့သားများကား အာရုန်နှင့်မောရှေတို့တည်း။ အာရုန်မှာမူ သားစဉ်မြေးဆက်တိုင်အောင် ထာဝရဘုရားမျက်မှောက်တော်တွင် မီးဖြင့်ပူဇော်ခြင်း၊ အမှုတော်ကိုဆောင်ရွက်ခြင်း၊ နာမတော်ဖြင့်ကောင်းကြီးပေးခြင်းများကို အစဉ်ပြုစေရန် အထူးသန့်ရှင်းရာအဖြစ် သီးခြားခွဲထားသူဖြစ်၏။ 14 လေဝိအနွယ်စာရင်းတွင်ပါဝင်သော ဘုရားသခင့်လူယုံတော်မောရှေ၏သားများကား၊ 15 ဂေရရှုံနှင့်ဧလျေဇာတို့တည်း။ 16-17 ဂေရရှုံ့သားဦးကား ရှေဗွေလတည်း။ ဧလျေဇာ့သားဦးကား ရေဟဘိတည်း။ ဧလျေဇာ၌ အခြားသားမရှိသော်လည်း ရေဟဘိ၌သားများစွာရှိ၏။ 18 ဣ​ဇဟာ့သားဦးကား၊ ရှေလောမိတ်တည်း။ 19 ဟေဗြုန့်သားများကား သားဦးယေရိ၊ ဒုတိယသားအာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသားယေကမံတို့တည်း။ 20 သြဇေလသားများကား သားဦးမိက္ခာ၊ ဒုတိယသား ဣရှယာတို့တည်း။
21 မေရာရိသားများကား မဟာလိနှင့် မုရှိတို့တည်း။ မဟာလိသားများကား ဧလာဇာနှင့်ကိရှတို့တည်း။ 22 ဧလာဇာ၌သားမရှိ၊ သမီးများသာရှိ၏။ ဧလာဇာသေပြီးနောက် ညီကိရှသားများနှင့်ထိမ်းမြား၏။ 23 မုရှိသားများကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ သုံးယောက်တို့တည်း။
24 ဆိုခဲ့သောသူတို့သည် အသက်နှစ်ဆယ်ကျော်၍ ဗိမာန်တော်ဝေယျာဝစ္စကိုဆောင်ရွက်ရလျက် ဦးရေအလိုက်စာရင်းဝင်သူတို့၏အိမ်ထောင်များတွင် အအုပ်အချုပ်၊ လေဝိအနွယ်သားများဖြစ်ကြ၏။ 25 စာရင်းဝင်ခြင်းကား ဒါဝိဒ်မင်းက၊ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတော်အားငြိမ်းချမ်းခွင့်ပေးတော်မူလျက် ယေရုရှလင်မြို့တွင် အစဉ်စံတော်မူသောကြောင့်၊ 26 လေဝိဂိုဏ်းသားတို့သည် တဲတော်နှင့်အဆောင်အရွက်တော်များကို ပင့်ဆောင်ရန်အကြောင်းမရှိဟုအောက်မေ့လျက်၊ 27 အဆုံးသတ်အမိန့်တော်ဖြင့် အသက်နှစ်ဆယ်ကျော်လေဝိဂိုဏ်းသားတို့ကို စာရင်း​ဝင်စေလေ၏။ 28 ထိုသူတို့သည် အာရုန်၏သားစဉ်မြေးဆက်တို့လက်ထောက်အဖြစ် သီးသန့်ထားရာရှိသမျှကိုစင်ကြယ်စေလျက် ဗိမာန်တော်မှစ၍ တံတိုင်း၊ အခန်းများတွင် ဝေယျာဝစ္စဆောင်ရွက်ခြင်း၊ 29 ရှေ့တော်တင်မုန့်မှစ၍ တဆေးမဲ့သည့်မုန့်ပြား၊ မုန့်ပေါင်း၊ မုန့်ပြုတ်တည်းဟူသောဘောဇဉ်သက္ကာများဆိုင်ရာမုန့်ညက်ကို ချိန်တွယ်တိုင်းထွာလျက် ပြင်ဆင်ခြင်း၊ 30 ထာဝရဘုရား၏ကျေးဇူးတော်ဂုဏ်တော်ကို ညဉ့်နံနက်တိုင်းရပ်လျက် ချီးမွမ်းခြင်း၊ 31 ဥပုသ်နေ့၊ လဆန်းနေ့၊ ပြုမြဲပွဲနေ့များ၌ ထာဝရဘုရားရှေ့တော်တွင်ဆုံးဖြတ်ချက်အရ မီးရှို့ရာသက္ကာများကို ရေတွက်လျက်ပြင်ဆင်ခြင်း၊ 32 ထာဝရဘုရားဗိမာန်တော်ဝတ်ကိုပြုလျက် တွေ့ဆုံရာတဲတော်၊ သန့်ရှင်းရာဌာနတော်နှင့် ဆွေမျိုးသားချင်းဖြစ်သော အာရုန်၏သားစဉ်မြေးဆက်တို့ ဝေယျာဝစ္စကို ဆောင်ရွက်ခြင်းတာဝန်များရှိကြသတည်း။