22
ဤဌာနသည် ထာဝရဘုရားသခင့်ဗိမာန်တော်၊ ဤတလင်းလည်း ဣသရေလလူမျိုးတို့မီးရှို့ပူဇော်ရာပလ္လင်တော်ဖြစ်သည်ဟု မိန့်ဆိုလေ၏။
ထိုနောက် ဒါဝိဒ်မင်းသည် ဣသရေလပြည်ရှိဝင်နေသူတို့ကို အမိန့်တော်နှင့်စုဝေးစေလျက် ဆစ်ပြီးကျောက်များဖြင့်ဘုရားသခင့်ဗိမာန်တော်တည်ဆောက်ရန် ကျောက်ဆစ်သမားတို့ကိုစီမံ၍၊ တံခါးတော်များအဖို့ သံချွန်၊ မျှော့လုပ်ရန်သံနှင့်ကြေးမချိန်မတွယ်ဘဲ အမြောက်အမြားကိုလည်းကောင်း၊ ဒါဝိဒ်မင်းထံ ဇိဒုန်နှင့်တုရုလူမျိုးတို့ဆက်သကြသည်နှင့်အညီ မရေမတွက်နိုင်သော သစ်ကတိုးသစ်အမြောက်အမြားကိုလည်းကောင်း အသင့်ထားလေ၏။ ဒါဝိဒ်မင်းကလည်း သားတော်ရှောလမုန်သည်နုနယ်လျက် ထာဝရဘုရားအဖို့တည်ဆောက်အံ့သောဗိမာန်တော်မှာ နိုင်ငံတိုင်းကျော်စောကိတ္တိရှိလောက်အောင် ထူးဆန်းခမ်းနားရမည်ဖြစ်၍ ငါပြင်ဆင်ခဲ့အံ့ဟုအောက်မေ့သဖြင့် မကွယ်လွန်မီများစွာစုဆောင်းလေ၏။
သားတော်ရှောလမုန်ကိုလည်းခေါ်၍ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားအဖို့ ဗိမာန်တော်တည်ဆောက်ရန်မိန့်မှာသည်ကား၊ ငါ့ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ ဗိမာန်တော်ကိုကိုယ်တိုင်တည်ဆောက်ရန် ကြံရွယ်သော်လည်း၊ ငါ့ထံထာဝရဘုရားဗျာဒိတ်တော်ရောက်လာသည်မှာ သင်သည်အားကြီးစွာစစ်တိုက်၍၊ လူ့အသွေးအမြောက်အမြားသွန်းခဲ့လေပြီ။ ငါ့မျက်မှောက်၊ မြေပေါ်တွင် အသွေးများစွာသွန်းသောကြောင့် ငါ့နာမအဖို့ဗိမာန်ကိုမတည်မဆောက်ထိုက်။ ရန်ကင်းငြိမ်းသောသားတစ်ယောက်ကို သင်ရလိမ့်မည်။ 2.10 အနက်ကား၊ ရန်ကင်းငြိမ်း။ရှောလမုန်ဟူသောအမည်နှင့်အညီ ပတ်ဝန်းကျင်အရပ်ရပ်၌ရန်ကင်းစေလျက် သူ့လက်ထက်ကာလပတ်လုံး ဣသရေလလူမျိုးအား ငြိမ်းချမ်းသာယာခွင့်ကိုငါပေးမည်။ 10 ထိုသူသာ ငါ့နာမအဖို့ဗိမာန်ကိုတည်ဆောက်ရလိမ့်မည်။ ငါနှင့်သူသည် သားအဘဖြစ်သည့်အတိုင်း၊ ဣသရေလလူမျိုးအပေါ်တွင် သူ့ရာဇပလ္လင်ကို ကာလအစဉ်ငါတည်မြဲစေမည်ဟု ဗျာဒိတ်ထားတော်မူပြီ။ 11 သို့ဖြစ်၍ ငါ့သား၊ ဗျာဒိတ်ထားတော်မူသည့်အတိုင်း ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူလျက် သင့်ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်မည့်အကြံထမြောက်ပါစေသော။ 12 သို့ရာတွင် သင့်ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားတော်ကို စောင့်ရှောက်နိုင်ရန်လည်းကောင်း၊ ဣသရေလလူမျိုးကိုအုပ်စိုးစီရင်နိုင်ရန်လည်းကောင်း၊ ထာဝရဘုရားသည်သတိပညာ၊ ဉာဏ်ပဋိဘာန်ကို သင့်အားပေးသနားတော်မူပါစေသော။ 13 ဣသရေလလူမျိုးကိုရည်၍ မောရှေအားထာဝရဘုရားမိန့်မှာတော်မူခဲ့သော ထုံးဖွဲ့ဆုံးဖြတ်ချက်များကို စောင့်ရှောက်လိုက်နာမှသာလျှင် အကြံထမြောက်လိမ့်မည်။ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းလျက် အားယူ၍ရဲရင့်လော့။ 14 ငါသည်ဆင်းရဲခံစဉ်ပင် ရွှေချိန်ခွက်သုံးသန်း၊ ငွေချိန်ခွက်သုံးကုဋေ၊ ပေါများသဖြင့် မချိန်တွယ်နိုင်သောကြေး၊ သံ၊ သစ်သား၊ ကျောက်များကို ထာဝရဘုရားဗိမာန်တော်အဖို့ အသင့်ပြင်ဆင်ခဲ့ပြီ။ 15-16 သင်လည်းထပ်၌ပြင်ဆင်ရမည်။ ထိုမှတစ်ပါး ပန်းတဉ်း၊ ပန်းရန်၊ ကျောက်ဆစ်သမားများနှင့် ရွှေ၊ ငွေ၊ ကြေး၊ သံအလုပ်မှစသော လက်မှုပညာအမျိုးမျိုးတတ်မြောက်သူ၊ ရေတွက်ခြင်းငှါမစွမ်းနိုင်အောင် သင်၌မြောက်မြားများစွာရှိ၏။ ထ၍တည်ဆောက်လော့။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပါစေသောဟု မိန့်ဆိုလေ၏။
17 ဣသရေလမှူးမတ်တို့အားလည်း၊ သားတော်ရှောလမုန်ကိုကူညီကြစေရန် ဒါဝိဒ်မင်းမိန့်မှာသည်ကား၊ 18 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိ၍ ပတ်ဝန်းကျင်အရပ်ရပ်၌ သာယာခွင့်ကိုပေးတော်မူသည်မဟုတ်တုံလော။ တိုင်းရင်းသားတို့ကို ငါ့လက်တွင်းသို့အပ်နှင်းတော်မူသဖြင့် လူမျိုးတော်နှင့်ထာဝရဘုရားရှေ့တော်တွင် တစ်ပြည်လုံးကျွန်တော်မျိုးခံရကြပြီ။ 19 သို့ဖြစ်၍ သင်တို့ဘုရားသခင်ထာဝရဘုရားကို စိတ်ပါကိုယ်ရောက်လိုက်ရှာလျက် ထာဝရဘုရား၏နာမတော်အဖို့ တည်ဆောက်အံ့သောဗိမာန်တော်တွင်းသို့ ထာဝရဘုရား၏ ပဋိညာဉ်တော်သေတ္တာနှင့် ဘုရားသခင်၏သန့်ရှင်းသောအသုံးအဆောင်တော်များကို ဆက်သွင်းခွင့်ရရန် ထာဝရဘုရားသခင့်သန့်ရှင်းရာဌာနတော်ကို ထ၍တည်ဆောက်ကြလော့ဟု မိန့်မှာလေ၏။