19
၎င်းနောက်၊ အမ္မုန်အမျိုးသားတို့၏ ဘုရင်နာဟတ်မင်းကွယ်လွန်၍ သားတော်သည်အရိုက်အရာကိုဆက်ခံစိုးစံရာ၊ ဒါဝိဒ်မင်းက ငါ့အားဟာနုန့်ခမည်းတော်နာဟတ်မင်းကျေးဇူးပြုဘူးသောကြောင့် သားတော်ကိုကျေးဇူးပြုထိုက်ပေသည်ဟု အောက်မေ့လျက် ခမည်းတော့်အတွက်နှစ်သိမ့်စေရန် ရာဇသံတို့ကိုစေလွှတ်လေ၏။ နှစ်သိမ့်စေမည့်အကြံနှင့် အမ္မုန်ပြည်၊ ဟာနုန်မင်းထံရောက်ကြသောအခါ အမ္မုန်မှူးမတ်တို့က၊ ဒါဝိဒ်မင်းသည် ခမည်းတော်ကိုရိုသေသောစိတ်နှင့်နှစ်သိမ့်စေရန် ရာဇသံတို့ကိုစေလွှတ်သည်ဟု ထင်မှတ်ပါသလော။ ပြည်တော်ကိုစူးစမ်းစစ်ဆေး၍ ဖြိုလှဲရန်သာ ရာဇသံတို့ရောက်လာကြသည်မဟုတ်ပါလောဟု ဟာနုန်မင်းထံတင်လျှောက်သည်နှင့်အညီ၊ ဟာနုန်မင်းသည် ဒါဝိဒ်မင်းရာဇသံတို့ကိုဖမ်းပြီးလျှင် မုတ်ဆိတ်ပါးမြိုင်းကိုရိတ်လျက် တင်ပါးထိအဝတ်တစ်ပိုင်းကိုဖြတ်လျက် လွှတ်လိုက်၏။ ထိုသို့ပြုကြောင်း ဒါဝိဒ်မင်းထံလူလာရောက်ကြားလျှောက်သော် ထိုသူတို့အလွန်ရှက်မည်ကိုထောက်သဖြင့် ဒါဝိဒ်မင်းက ယေရိခေါမြို့တွင်ဆိုင်းလင့်၍ မုတ်ဆိတ်ရှည်မှပြန်လာကြလော့ဟု တင်ကြိုမှာထားလိုက်လေ၏။ ဟာနုန်မင်းမှစသောအမ္မုန်အမျိုးသားတို့သည် ထိုသို့ဒါဝိဒ်မင်းရှေ့ကိုယ်ကိုစက်ဆုပ်ရွှံရှာဖွယ် ဖြစ်စေကြောင်းသိမြင်လျှင် မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်များ၌ စစ်မြင်းရထားငှါးရန် ငွေချိန်ခွက်သုံးသောင်းထုတ်ပေးကြ၏။ ငှါးရပြီးစစ်ရထားသုံးသောင်းနှစ်ထောင်မှစသော မာခါဘုရင်နှင့်သူ့ရဲမက်တို့ချီလာ၍ မေဒဘမြို့ရှေ့တပ်စွဲကြောင်းဒါဝိဒ်မင်းကြားသော်၊ ယွာဘနှင့်သူရဲကောင်းတပ်အလုံးအရင်းတို့ကို ချီတက်စေရာ၊ အမ္မုန်အမျိုးသားတို့သည်ချီထွက်၍ မြို့တံခါးအနီးတွင်စီစဉ်ခင်းကျင်းလျက် ချီလာသောဘုရင်မင်းတို့ကား လွင်ပြင်၌အသီးအခြားနေကြ၏။ 10 ယွာဘသည် ရှေ့တပ်နောက်တပ်၊ နှစ်ဘက်ညှပ်ကြောင်းမြင်လျှင် ဣသရေလလက်ရွေးသူရဲတို့ကိုကောက်လျက် ရှုရိတပ်ကိုဆီးဆို့ရန်ခင်းကျင်း၍၊ 11 ကျန်သူရဲအပေါင်းတို့မှာ ညီအဘိရှဲလက်အောက်အပ်နှင်းသည့်အတိုင်း အမ္မုန်တပ်ကိုဆီးဆို့ရန်ခင်းကျင်းကြရာ၊ 12 ရှုရိသူရဲတို့အရေးသာက ငါ့ကိုကူညီလော့။ အမ္မုန်သူရဲတို့သာက သင့်အားငါကူမည်။ 13 အားယူလော့။ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင်ပိုင်ဆိုင်ရာမြို့ရွာများအဖို့ လုံ့လထုတ်၍တိုက်ကြကုန်အံ့။ ထာဝရဘုရားလည်း အလိုတော်ရှိရာစီရင်တော်မူပါစေသောဟု ယွာဘဆိုပြီးမှ၊ 14 အပေါင်းပါတို့နှင့်တကွ ချဉ်းကပ်တိုက်ခိုက်သောအခါ ရှုရိတပ်ဆုတ်ပြေးရကြ၏။ 15 အမ္မုန်အမျိုးသားတို့လည်း ရှုရိတပ်ဆုတ်ပြေးရသည်ကိုသိမြင်လျှင် ညီအဘိရှဲရှေ့မှမြို့တွင်းသို့ဆုတ်ပြေးခိုဝင်ကြသည်နှင့် ယွာဘသည်ယေရုရှလင်မြို့သို့ ပြန်ချီလေ၏။
16 ဣသရေလတပ်ရှေ့ရှုံးကြောင်းကို ထိုရှုရိလူမျိုးတို့သိမြင်လျှင် မြစ်ကြီးတစ်ဘက်ရှိရှုရိတပ်များကိုလည်း ရာဇသံဖြင့်ခေါ်ဆောင်၍ ဟာဒဒေဇာမင်း၏ ဗိုလ်ချုပ်ရှောပက်တပ်ဦးချီလာ၏။ 17 ထိုသတင်းကို ဒါဝိဒ်မင်းကြားသော် ဣသရေလတပ်အပေါင်းကိုစုရုံးပြီးလျှင် ယော်ဒန်မြစ်ကိုကူးလျက်စစ်ခင်းကျင်းရာ ရှုရိသူရဲတို့သည်တိုက်ခိုက်သောအခါ ဣသရေလတပ်ရှေ့ဆုတ်ပြေးရ၍၊ 18 ဒါဝိဒ်မင်းသည် ရှုရိရထားစီးသူရဲခုနစ်ထောင်၊ ခြေသည်သူရဲလေးသောင်းတို့ကိုလုပ်ကြံသည့်ပြင် ဗိုလ်ချုပ်ရှောပက်ကိုလည်းကွပ်မျက်လေ၏။ 19 ဟာဒဒေဇာမင်း၏လက်အောက်ခံတို့သည် ဣသရေလလူမျိုးရှေ့ရှုံးကြောင်းသိမြင်လျှင် ဒါဝိဒ်မင်းထံတောင်းပန်တိုးလျှိုး၍ လက်အောက်ခံဖြစ်ရကြ၏။ ရှုရိလူမျိုးတို့လည်း အမ္မုန်အမျိုးသားတို့ကို နောက်တစ်ဖန်စစ်ကူရန်တွန့်ဆုတ်ကြ၏။