16
ဘုရားသခင့်သေတ္တာတော်ကိုသွင်း၍ ဒါဝိဒ်မင်းစိုက်ထားပြီးသောတဲတော်ဗဟိုတွင်ထားပြီးမှ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို ဘုရားသခင့်ရှေ့တော်၌ ဆက်ကပ်ပူဇော်ကြလေ၏။ မီးရှို့ရာသက္ကာနှင့်မိတ်သဟာယသက္ကာပူဇော်ခြင်းကိစ္စကို ဒါဝိဒ်မင်းဆောင်ရွက်ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ လူပရိသတ်အား ကောင်းကြီးပေးလျက်၊ ဣသရေလယောက်ျား၊ မိန်းမအသီးအသီးတို့အား မုန့်တစ်လုံး၊ အမဲတစ်တုံး၊ စပျစ်ပြဉ်တစ်ပြားစီဝေငှလေ၏။
4-6 ထိုနောက် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ကျေးဇူးတော်ဂုဏ်တော်ကိုချီးမွမ်း၍ ထောမနာပြုကြစေရန် လေဝိဂိုဏ်းသားတို့အနက် ခွက်ကွင်းကိုခြိမ့်ခြိမ့်မွမ်းတီးရသောအကြီးအကဲအာသပ်၊ စောင်း၊ တယောတီးရသော လက်အောက်ဇာခရိ၊ ယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗေဒေဒုံ၊ ယေလတို့နှင့် တံပိုးမှုတ်ရသောပရောဟိတ်ဗေနာယ၊ ယဟာဗေလတို့ကို ဘုရားသခင့်ပဋိညာဉ် တော်သေတ္တာရှေ့၊ အမှုတော်ဆောင်အဖြစ်ဖြင့် ဒါဝိဒ်မင်းခန့်ထားလေ၏။
ထိုနေ့၌ ဒါဝိဒ်မင်းသည် အာသပ်နှင့်အသင်းသားချင်းတို့အားဖြင့် ဘုရားသခင့်ကျေးဇူးတော်ကိုချီးမွမ်း၍ ဦးစွာဖွဲ့ဆိုစေသည်မှာ၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလျက် နာမတော်အားပဌနာပြုလျက် အမှုတော်များကိုလူအမျိုးမျိုးသိစေကြလော့။ ထာဝရဘုရားအား သီဆိုကျူးဧ၍ အံ့ဖွယ်ရာအမှုတော်ရှိသမျှကို ဆင်ခြင်ကြလော့။ 10 သန့်ရှင်းသောနာမတော်၌ဂုဏ်ယူလျက် ထာဝရဘုရားကိုရှာဖွေသူတို့ စိတ်နှလုံးရွှင်လန်းကြစေ။ 11 ထာဝရဘုရားနှင့်တန်ခိုးတော်ကိုလိုက်ရှာလျက် မျက်နှာတော်ကို ကာလအစဉ်ရှာဖွေကြလော့။ 12 ပြုတော်မူခဲ့သောအံ့ဖွယ်ရာများကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်များနှင့် နှုတ်တော်ထွက်ဆုံးဖြတ်တော်မူချက်များကိုလည်းကောင်း သတိရကြလော့။ 13 ကျွန်တော်ရင်းအာဗြဟံ့အနွယ်၊ ရွေးကောက်တော်မူသောယာကုပ်အမျိုးသားတို့၊ 14 ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားဖြစ်လျက် ဆုံးဖြတ်တော်မူချက်များသည် မြေကြီးတစ်ပြင်လုံးတည်လျက်ရှိ၏။ 15-18 ခါနာန်ပြည်ကိုအပိုင်အဖြစ် သင့်အားငါပေးမည်ဟု အာဗြဟံအားကတိထား၍ ဣဇာက်အားသစ္စာဆိုပြီးလျှင် ယာကုပ်၌အထုံးအဖွဲ့၊ ဣသရေလ၌ထာဝရပဋိညာဉ်အဖြစ် အထောင်အသောင်းအဆက်တိုင်အောင်မိန့်မှာ၍ တည်စေတော်မူသော ဗျာဒိတ်နှင့်ပဋိညာဉ်တော်ကို ကာလအစဉ်သတိရကြလော့။ 19 သင်တို့သည်အရေအတွက် နည်းပါး၍၊ 20 ဝင်နေသူတို့အဖြစ် လူတစ်မျိုးမှတစ်မျိုး၊ တစ်နိုင်ငံမှတစ်နိုင်ငံသို့ လူးလာကြရသည့်ကာလ၊ 21-22 မည်သူမျှညှဉ်းပန်းခွင့်မရစေဘဲ ငါ့ဘိသိက်တော်ခံတို့ကိုထိခြင်း၊ ငါ့ပရောဖက်တို့ကိုခိုက်ခြင်းမပြုလင့်ဟူ၍ သူတို့အတွက် ဘုရင်မင်းတိုကိုဆုံးမတော်မူ၏။ 23 အချင်းမြေတစ်ပြင်လုံး၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ နာမေတာ်ကိုတစ်နေ့နောက်တစ်နေ့ အောင်မြင်တော်မူရာသတင်းကို လွှင့်ကြလော့။
24 လူမျိုးခြားတို့၌ ဘုန်းတော်ကိုလည်းကောင်း၊ လူမျိုးခပ်သိမ်းတို့၌အံ့ဖွယ်ရာအမှုတော်များကိုလည်းကောင်း ကြော်ငြာကြလော့။ 25 ထာဝရဘုရားသည်ကြီးမြတ်၍ အလွန်ချီးမွမ်းခြင်း၊ ဘုရားဟူသမျှထက်ခန့်ညားခြင်းကို ခံထိုက်တော်မူ၏။ 26 လူမျိုးခြားတို့၏ ဘုရားဟူသမျှသည် အတုမျှသာဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏၊ 27 ဘုန်းနှင့်ဂုဏ်တော်သည် ရှေ့တော်၌လည်းကောင်း၊ တန်ခိုးနှင့်အာနုဘော်သည် သန့်ရှင်းရာဌာနတော်၌လည်းကောင်းတည်၏။ 28 လူအမျိုးအနွယ်ခပ်သိမ်းတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူကြောင်းဝန်ခံ၍၊ 29 ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူကြောင်းဝန်ခံကြလော့။ ပူဇော်သက္ကာပါလျက် ရှေ့တော်သို့တိုးဝင်လျက် သန့်ရှင်းစွာဆင်ယင်၍ ထာဝရဘုရားကိုရှိခိုးကြလော့။ 30 အိုမြေတစ်ပြင်လုံး၊ ရှေ့တော်၌တုန်လှုပ်ကြလော့။ ဤလောကသည် မလှုပ်မရှားနိုင်အောင်တည်လျက်ရှိ၏။ 31 မိုးကောင်းကင်သည် ဝမ်းမြောက်စေ။ မြေပထဝီလည်း ရွှင်လန်းစေ။ ထာဝရဘုရားစိုးစံတော်မူသည်ဟု လူမျိုးခြားတို့သည်ပြောဆိုကြစေ။ 32 သမုဒ္ဒရာနှင့်ကြွယ်ဝပြည့်စုံသမျှပါ ဟိန်းဟုန်းခြင်း၊ လယ်ပြင်နှင့်ပေါ်ပေါက်သမျှပါ ရွှင်မြူးခြင်းပြုစေ။ 33 ထိုအခါ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာတော်မူမည်ဖြစ်၍ တောပင်များသည် ထာဝရဘုရားရှေ့တော်တွင် ကျူးဧကြလိမ့်မည်။ 34 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကာလအစဉ်ကရုဏာတော်တည်သောကြောင့် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ 35 ကယ်တင်တော်မူသော အိုဘုရားသခင်၊ သန့်ရှင်းသောနာမတော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ထောမနာပြုခြင်း၌ ဂုဏ်ရောက်ရကြမည့်အကြောင်း အကျွန်ုပ်တို့ကိုကယ်လျက် လူမျိုးခြားတို့ဘောင်မှ စုသိမ်းလွှတ်ထားတော်မူပါဟု တောင်းလျှောက်ကြလော့။ 36 ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ရှေးကာလအဆက်ဆက်မှစ၍ နောင်ကာလအဆက်ဆက်တိုင်အောင် မင်္ဂလာရှိတော်မူပါစေသောဟုဖွဲ့ဆိုသော် လူပရိသတ်ဥဿုံသည် အာမင်ဟုဝန်ခံလျက် ထာဝရဘုရားဂုဏ်တော်ကို ချီးမွမ်းကြသတည်း။ 37-38 သေတ္တာတော်ရှေ့တွင် နေ့စဉ်ဝတ်ကိုအမြဲဆောင်ရွက်စေရန် အာသပ်နှင့်ဆွေမျိုးသားချင်းတို့ပြင် သြဗဒေဒုံနှင့်ဆွေမျိုးသားချင်း ခြောက်ကျိပ်ရှစ်ယောက်ကိုလည်းကောင်း၊ အထွက်အဝင်စောင့်ကြည့်စေရန် ဟောသနှင့်ယေဒုသုန့်သား သြဗဒေဒုံတို့ကိုလည်းကောင်း၊ 39-40 ထိုဌာန၌ ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာရှေ့ထားခဲ့၏။ ဣသရေလလူမျိုးအား ထာဝရဘုရားပညတ်တော်မူခဲ့သောတရားအရ ဂိဗောင်မြို့ရှိမြင့်ရာဌာန၌ထာ၀ရဘုရား၏စံရာေတာ်ေရှ့မီးရှို့ပူေဇာ်ရာပလ္လင်တော်ထက်၊ နံနက်ညဉ့်ဦး နေ့စဉ်မပြတ် ထာဝရဘုရားအားမီးရှို့ရာသက္ကာပူဇော်စေရန် ပရောဟိတ်ဇာဒုတ်မှစ၍ ဆွေမျိုးသားချင်းပရောဟိတ်တို့ကိုလည်းကောင်း၊ 41 ကာလအစဉ်ကရုဏာတော်တည်ရာ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းစေရန် ဟေမန်နှင့်ယေဒုသုန်စသည့်အမည်စာရင်းဝင် ရွေးချယ်သူတို့ကိုလည်းကောင်း ထားခဲ့၏။ 42 ဟေမန်နှင့်ယေဒုသုန်တို့ဝယ်၊ ခြိမ့်ခြိမ့်မွမ်းတီးရသူတို့အဖို့ တံပိုး၊ ခွက်ကွင်းများနှင့် ဘုရားသခင့်ထံထောမနာသီချင်းဆိုရန် တုရိယာအမျိုးမျိုးရှိ၏။ 43 ယေဒုသုန့်သားတို့ကား တံခါးဗိုလ်ဖြစ်ကြ၏။ ထိုနောက်လူပရိသတ်သည် အသီးအသီးကိုယ့်အိမ်သို့ပြန်သွားကြရာ ဒါဝိဒ်မင်းလည်း နန်းတော်သားတို့ကို ကောင်းကြီးပေးအံ့သောငှါ ပြန်လည်လေ၏။