12
1-2 ဒါဝိဒ်သည် ကိရှသားရှောလုမင်းမျက်မှောက်မှ ဇိကလတ်မြို့၌တိမ်းနေစဉ် ခဲနှင့်မြှားကို လက်ဝဲလက်ျာမရွေးပစ်တတ်သူ၊ လေးလက်နက်ပါလျက် စစ်ကူဝင်လာသောသူရဲကောင်း၊ ဗင်္ယာမိန့်အနွယ်ရှောလုသားချင်းများဟူမူကား၊ ဂိဗာမြို့နေ ရှေမာ့သား အအုပ်အချုပ်ဖြစ်သူ အဟေဇာနှင့်ညီယောရှ၊ အာဇမာဝက်သား ယေဇေလနှင့်ပေလက်၊ ဗရာခ။ အာနသုတ်မြို့သား ယေဟု။ ဗိုလ်သုံးကျိပ်အုပ်သူရဲကောင်း၊ ဂိဗောင်မြို့သားဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်။ ဂဒရမြို့သားယောဇဗဒ်၊ ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟာရိပ်အနွယ်ရှေဖတိ။ ကောရအနွယ်၊ ဧလကာန၊ ဣရှယာ၊ အာဇရေလ။ ေယာဇာနှင့်ယာရှောဗ၊ ေဂဒေါ်မြို့နေယေေရာဟံ့သားေယာလွာနှင့်ေဇဗဒိတို့သည်သဲကန္တာရလုံခြုံရာအရပ်ရှိဒါဝိဒ်ထံ၀င်၍ခြင်္သေ့ကဲ့သို့ ရဲရင့်သောမျက်နှာ၊ တောတောင်နေဒရယ်ကဲ့သို့လျင်မြန်လျက်၊ လှံရေးဒိုင်းလွှားရေးတတ် မြောက်သော ဂဒ်အနွယ် စစ်ခေါင်းမာသူတို့ဟူမူကား ပထမဧဇာ၊ ဒုတိယ သြဗဒိ၊ တတိယ ဧလျာဘ၊ 10-13 စတုတ္ထ မိရှမန္န၊ ပဥ္စမ ယေရမိ၊ ဆဌမ အတ္တဲ၊ သတ္တမ ဧလျေလ၊ အဌမ ယောဟနန်၊ နဝမ ဧလဇာဗဒ်၊ ဒသမ ယေရမိ၊ ဧကာဒသမ၊ မာဗောနဲတို့တည်း။ 14 ဂဒ်အနွယ်သားထိုရဲဗိုလ်တို့သည် အငယ်မှာ စစ်သားတစ်ရာနှင့်အမျှ အကြီးမှာ တစ်ထောင်နှင့်အမျှ တူညီ၏။ 15 ထိုသူတို့သည် ပထမလတွင် ကမ်းတစ်လျှောက်လွှမ်းမိုးသောယော်ဒန်မြစ်ကိုကူးရာ အရှေ့ဘက်၊ အနောက်ဘက်၊ ချိုင့်ရှိသူရဲအပေါင်းတို့ကို မောင်းနှင်ကြ၏။ 16 ဗင်္ယာမိန်၊ ယုဒအနွယ်သားတို့သည် လုံခြုံရာအရပ်တွင်ရှိနေသည့် ဒါဝိဒ်ထံဝင်လာကြသောအခါ 17 ကြိုဆိုရန်ထွက်လာသူဒါဝိဒ်က၊ ရန်မမူဘဲ ငါ့ကိုအကူအညီလာသည်မှန်လျှင် ငါနှင့်တစ်စိတ်တစ်ကိုယ်တည်းဖြစ်လိမ့်မည်။ ရန်သူတို့လက်သို့ပို့အပ်ရန်လာလျှင်မူကား ငါ၌လက်ရောက်မှုကင်းသောကြောင့် ဘိုးဘေးတို့၏ဘုရားသခင်ရှုကြည့်စီရင်တော်မူပါစေသောဟုဆို သော်၊ 18 ဗိုလ်ချုပ်အာမသဲအပေါ်သို့ ဝိညာဉ်တော်သက်ရောက်၍ အိုယေရှဲသားဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော်ပိုင်၊ ကိုယ်တော့်ဘက်ပါဖြစ်ကြပါပြီ။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်ကို မစတော်မူသည့်အလျောက် ကိုယ်တော်နှင့်ကူညီသူတို့အပေါ် ချမ်းသာခြင်းမင်္ဂလာတည်ရောက်ပါစေ သောဟု ဖွဲ့ဆိုလျှင် ဒါဝိဒ်သည် လက်ခံ၍ အသီးအသီးတို့အား တပ်မှူးရာထူးကိုပေးလေ၏။ 19-20 ရှောလုမင်းကိုစစ်တိုက်ရန် ချီသွားရာ လိုက်ပါရသူဒါဝိဒ်ကို ထောက်လျက် ဖိလိတ္တိမင်းတို့က ငါတို့ခေါင်းများကို လက်ဆောင်ပြ၍ ကိုယ့်သခင်ရှောလုမင်းထံ ဝင်သွားမည်ဟု စိုးရိမ်သောကြောင့်လွှတ်လိုက်ကြသဖြင့် စစ်မကူဘဲ ဇိကလတ်မြို့သို့ ဒါဝိဒ်ပြန်သွားရသည့်ကာလ၊ မနာရှေ့ထောင်တပ်မှူးအာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတို့သည် မနာရှေ့အနွယ်မှထွက်၍ ဒါဝိဒ်ဘက်ပါဝင်လျက် 21 စစ်ခေါင်းမာသောရဲဗိုလ်ဖြစ်ကြသဖြင့် အနုကြမ်းစီးသူတို့ကို ဒါဝိဒ်နှင့်အတူ ကူညီတိုက်ခိုက်ကြ၏။ 22 ထိုကာလဘုရားသခင့်ဗိုလ်ခြေနှင့်အမျှ ကြီးစွာသောဗိုလ်ထုဖြစ်သည့်တိုင်အောင် ဒါဝိဒ်ဘက်သို့ တစ်နေ့ထက်တစ်နေ့ ပါဝင်ကူညီကြသတည်း။
23 ထာဝရဘုရားဗျာဒိတ်တော်အတိုင်း၊ ရှောလုမင်း၏နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲပြောင်းခြင်းငှါ၊ ဟေဗြုန်မြို့ရှိဒါဝိဒ်ထံဝင်လာသူ၊ စစ်လက်နက်ကိုင်ရဲမက်ဦးရေစာရင်းဟူမူကား 24 ယုဒအနွယ်သား၊ ဒိုင်းလွှား၊ 25 လှံ၊ လက်နက်ကိုင်ခြောက်ထောင့်ရှစ်ရာ၊ ရှိမောင့်အနွယ်သား၊ စစ်ခေါင်းမာသောသူရဲခုနစ်ထောင့်တစ်ရာ၊ 26-28 လေဝိအနွယ်သားသုံးထောင့်ခြောက်ရာကိုအုပ်သော အာရုန့်အဆက်ယောယာဒ၊ ဆွေမျိုး သားချင်းတပ်မှူးနှစ်ကျိပ်နှစ်ယောက်တို့နှင့် ပျိုရွယ်၍စစ်ခေါင်းမာသူ ဇာဒုတ်ပြင်၊ လေးထောင့်ခြောက်ရာ၊ 29 ထိုကာလတိုင်အောင် ရှောလုမင်းမျိုးကို အများအပြားစောင့်ရှောက်သော ဗင်္ယာမိန့်အနွယ်၊ ရှောလုမင်းအမျိုးသားချင်းတို့သုံးထောင်။ 30 ဧဖရိမ့်အနွယ်၊ ဆွေမျိုးသားချင်းတို့တွင် ကျော်စောကိတ္တိရှိသောသူရဲကောင်းနှစ်သောင်းရှစ်ရာ၊ 31 မနာရှေ့အနွယ်ထက်ဝက်မှ ဒါဝိဒ်ကိုမင်းမြှောက်ရန် အမည်စာရင်းပါဝင်သူတစ်သောင်းရှစ်ထောင်။ 32 ဣသခါ့အနွယ်၊ ဆွေမျိုးသားချင်းတို့ကိုအုပ်လျက် အမြော်အမြင်ပညာရှိ၍ ဣသရေလလူမျိုး တို့ပြုသင့်ရာပြုသင့်ကြောင်းကို နားလည်သူတပ်မှူးနှစ်ရာ။ 33 ဇာဗုလုန့်အနွယ်၊ စိတ်ဒွိဟကင်းလျက်၊ လက်နက်စုံနှင့်စစ်ချီ၍ ခင်းကျင်းစီမံခြင်းကျွမ်းကျင်သူ ငါးသောင်း။ 34 နဿလိအနွယ်၊ ဗိုလ်တစ်ထောင်နှင့်တကွ ဒိုင်းလွှား၊ လှံ၊ လက်နက်ကိုင်သုံးသောင်းခုနစ်ထောင်။ 35 ဒန့်အနွယ်၊ စစ်စီမံခြင်း ကျွမ်းကျင်သူနှစ်သောင်းရှစ်ထောင့်ခြောက်ရာ။ 36 အာရှာ့အနွယ်၊ စစ်ချီ၍စီမံခြင်းကျွမ်းကျင်သူလေးသောင်း။ 37 ယော်ဒန်မြစ်တစ်ဘက်ရှိ ရုဗင်၊ ဂဒ်၊ မနာရှေ့အနွယ်ထက်ဝက်မှ လက်နက်စုံကိုင်သူတစ်သိန်းနှစ်သောင်းတို့တည်း။ 38 ထိုသူအပေါင်းတို့သည် စစ်ခင်းကျင်းခြင်း ကျွမ်းကျင်သောသူများဖြစ်လျက် ဣသရေလတစ်မျိုးလုံးအပေါ်တွင် ဒါဝိဒ်ကိုမင်းမြှောက်ခြင်းငှာ စိတ်ပါကိုယ်ရောက် ဟေဗြုန်မြို့သို့ရောက်လာ၍ ကြွင်းကျန်သောဣသရေလလူမျိုးတို့လည်း ဒါဝိဒ်ကိုမင်းမြှောက်ရန် သဘောတူညီကြ၏။ 39-40 ဣသရေလပြည်တွင် ဝမ်းမြောက်အားရခြင်းရှိသည်ဖြစ်၍ အမျိုးသားချင်းတို့ပြင်ဆင်နှင့်သည့်ပြင် ဣသခါ၊ ဇာဗုလုန်၊ နဿလိနယ်တိုင်အောင် တော်စပ်သူတို့လည်း မြောက်မြားစွာသိုးနွားနှင့်တကွ မုန့်၊ မုန့်ညက်၊ သဖန်းပြဉ်၊ စပျစ်ခိုင်၊ စပျစ်ရည်၊ ဆီ၊ ရိက္ခာများကို မြည်း၊ ကုလားအုပ်၊ လားများနှင့် တင်ဆောင်လာသည့်အတိုင်း ထိုသူရဲတို့သည် သုံးရက်တိုင်တိုင်ဒါဝိဒ်မင်းအထံတော်၌ စားသောက်ကြလေ၏။