11
ထိုနောက် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ ဣသရေလလူအပေါင်းတို့စုရုံး၍ ကျွန်တော်တို့သည် အရှင့်အရိုးအသားစင်စစ်ဖြစ်ကြပါ၏။ ယမန်၊ ရှောလုမင်းလက်ထက်၊ ဣသရေလလူမျိုးတို့ စစ်ဝင်စစ်ထွက်မှုကိုစီမံသူကား အရှင်ပေတည်း။ အရှင့်ဘုရားသခင်ထာဝရဘုရားကလည်း၊ သင်သည်ဣသရေလူမျိုးတော်ကို ထိန်းကျောင်းရလျက် ထိုလူမျိုးတော့်အပေါ်တွင်မင်းပြုရမည်ဟူ၍ မိန့်တော်မူခဲ့ကြောင်း တင်လျှောက်ကြလေ၏။ ထိုသို့ဣသရေလလူကြီးအပေါင်းတို့သည် ဟေဗြုန်မြို့၌စံနေသော ဘုရင်မင်းထံတိုးဝင်ပြီးလျှင် ၎င်းမြို့တွင် ထာဝရဘုရားရှေ့ဒါဝိဒ်မင်းနှင့်သစ္စာမိတ်ဖွဲ့လျက် ရှမွေလဆင့်ဆိုခဲ့သော ထာဝရဘုရားဗျာဒိတ်တော်အတိုင်း ဣသရေလလူမျိုးအပေါ်တွင်ရာဇဘိသိက်ဖြင့် ချီးမြှင့်ကြလေ၏။
တိုင်းရင်းသားဖြစ်သူ ယေဗုသိလူမျိုးတို့နေရာ၊ ယေဗုတ်တည်းဟူသော ယေရုရှလင်မြို့သို့ ဣသရေလအလုံးအရင်းနှင့်တကွ ဒါဝိဒ်မင်းကိုယ်တိုင်ချီသွားလျှင်၊ ထိုမြို့သားတို့က ဤမြို့သို့သင်မဝင်ရဟု ကြိမ်းပကြသော်လည်း ဒါဝိဒ်မင်းသည် ဒါဝိဒ်မြို့တော်တည်းဟူသော ဇိအုန်ခံမြို့ကိုသိမ်းယူလေ၏။ ဒါဝိဒ်မင်းကလည်း ယေဗုသိလူမျိုးတို့ကိုဦးစွာလုပ်ကြံသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်ထုတ်ဆင့်သည့်အတိုင်း ဇေရုယာ့သားယွာဘသည် တပ်ဦးတက်ဝင်သဖြင့် ဗိုလ်ချုပ်ရာထူးကိုရလေ၏။ ၎င်းခံမြို့၌ ဒါဝိဒ်မင်းစံနေသောကြောင့် ဒါဝိဒ်မြို့တော်ဟုခေါ်ဝေါ်ကြသတည်း။ ကိုယ်တော်တိုင် မိလ္လောပြအိုးမှစ၍ ပတ်လည်၌မြို့သစ်တည်လျက် မြို့ဟောင်းကိုကား ယွာဘပြုစုရလေ၏။ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသည် ဒါဝိဒ်မင်းနှင့်အတူရှိတော်မူသောကြောင့် ထိုမင်း၌တန်ခိုးအာဏာတိုးပွားကြီးမြင့်လျက်ရှိ၏။
10 ဣသရေလလူမျိုးကိုရည်သော ထာဝရဘုရားဗျာဒိတ်တော်အတိုင်း ဒါဝိဒ်ကိုမင်းမြှောက်ခြင်းငှါ ဣသရေလူအပေါင်းတို့နှင့်တကွ နိုင်ငံတော်တွင် စိတ်ပါကိုယ်ရောက်ထမ်းရွက်သော သူရဲကောင်းတို့အထက်အကြီးအမှူးတို့အမည်နှင့်၊ 11 နောက်တော်ပါ သူရဲကောင်းတို့အမည်အရည်များကား ဗိုလ်မှူးတို့တွင်အကြီးဆုံးဖြစ်သူ လူသုံးရာကိုလှံဖြင့်တစ်ခါတည်းလုပ်ကြံသော ဟခမောနိအနွယ်ယာရှောဗတည်း။ 12 ဒုတိယဗိုလ်ကား ရဲဗိုလ်သုံးဦးတို့အပါ၊ အာဟော့အနွယ်၊ ဒေါဒေါ့သားဧလာဇာတည်း။ 13 ပါသဒမ္မိမ်အရပ်ရှိ မယောမြေကွက်၌ ဖိလိတ္တိသူရဲတို့စစ်တိုက်ရန်စုရုံးစဉ် တပ်တော်သားတို့ဆုတ်ပြေးကြသည့်ကာလ ထိုသူသည် ဒါဝိဒ်မင်းနောက်တော်ပါသည်နှင့်အညီ၊ 14 မြေကွက်အလယ်တွင် ရပ်တန့်ခုခံလျက် ဖိလိတ္တိသူရဲတို့ကို လုပ်ကြံကြသဖြင့် ကြီးစွာသော အောင်မြင်ဘေးလွတ်ခွင့်ကို ထာဝရဘုရားပေးတော်မူ၏။ 15 ဦးဆောင်ဗိုလ်သုံးကျိပ်အနက် သုံးယောက်တို့သည်ရေဖိမ်ချိုင့်၌ ဖိလိတ္တိတပ်စွဲရပ်လျက်နေကြစဉ် ဒါဝိဒ်ခိုရာ ကျောက်တောင်ရှိ အဒုလံဥမင်သို့ ဆင်းသွားကြ၏။ 16 ဒါဝိဒ်သည် ခိုင်လုံသောဥမင်တွင်နေ၍ ဖိလိတ္တိကင်းတပ်လည်း ဗက်လင်မြို့မှာစွဲခိုက်၊ 17 ဗက်လင်မြို့တံခါးအနီးရှိတွင်းရေကို ငါသောက်ပါရစေဟု ဒါဝိဒ်တောင့်တပြောဆိုမိရာ၊ 18-19 ထိုသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖောက်ထွင်းပြီးလျှင် ဗက်လင်မြို့တံခါးအနီးရှိတွင်းရေကိုခပ်ယူလျက် ဒါဝိဒ်အားပေးကြသော်ဒါဝိဒ်က အိုဘုရားသခင်၊ ကိုယ့်အသက်ကိုစွန့်စား၍ခပ်ယူသော ဤသူတို့အသွေးကိုသောက်ခြင်းအမှုသည် အကျွန်ုပ်နှင့်ကင်းဝေးပါစေသောဟုဆိုလျက် မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌ သွန်းလောင်းလေ၏။ ဆိုခဲ့သော ရဲဗိုလ်သုံးယောက်တို့သည် ထိုအမှုများကိုပြုကြသတည်း။ 20 ယွာဘညီအဘိရှဲသည် ဆိုခဲ့သောဗိုလ်သုံးယောက်တို့တွင်ဦးဆောင်ဖြစ်လျက် ရန်သူသုံးရာကို လှံဖြင့်လုပ်ကြံသည်နှင့်အညီ ရဲဗိုလ်သုံးဦးတို့နှင့် အတူကျော်စောကိတ္တိရှိ၏။ 21 သုံးယောက်တို့အတွင်း နှစ်ယောက်ထက်အသရေရှိသောကြောင့် ဗိုလ်မှူးဖြစ်သော်လည်း ဗိုလ်သုံးဦးတို့ဘွဲ့ကိုမရချေ။ 22 မြောက်မြားစွာပြုဘူးသော ကပ်ဇေလမြို့နေသူရဲယောယဒသား ဗေနာယလည်း မောဘလူမျိုး အရေလသားနှစ်ယောက်ကိုသတ်သည့်ပြင် မြေတွင်း၌အောင်းနေသောခြင်္သေ့ကို မိုးပွင့်ကျရာကာလတွင် ဆင်းဝင်သတ်လေ၏။ 23 ရက်ကန်းလက်လိပ်နှင့်အမျှ လှံလက်နက်ကိုစွဲကိုင်သော အရပ်အမောင်းငါးတောင်ကြီးမြင့်သူ၊ အိဂျစ်လူမျိုးတစ်ယောက်ထံ တုတ်နှင့်သာချဉ်းဝင်၍ ထိုအိဂျစ်လူမျိုးလက်မှလှံကိုလုယူပြီးလျှင် ၎င်းလှံဖြင့်ထိုးသတ်လေ၏။ 24 ယောယဒသား၊ ဗေနာယထိုသို့ပြုသဖြင့် ရဲဗိုလ်သုံးဦးတို့နှင့်အတူ ကျော်စောကိတ္တိရှိ၏။ 25 ဗိုလ်သုံးကျိပ်တို့ထက် အသရေရှိသော်လည်း ရဲဗိုလ်သုံးဦးတို့ဘွဲ့ကိုမရချေ။ ဒါဝိဒ်မင်းသည် ကိုယ့်ရံတော်မှူးရာထူးကိုခန့်ထားသတည်း။
26 ဗိုလ်ထုအပါအဝင်သူရဲကောင်းများကား ယွာဘညီအာသဟေလ။ ဗက်လင်မြို့နေ၊ ဒေါဒေါ့သား ဧလဟာနန်။ ဟာရော်မြို့သားရှမ္မုတ်။ 27 ပေလောင်မြို့သားဟေလက်။ 28-29 တေကောမြို့နေ၊ ဣကေရှသားဣရ။ အာနသုတ်မြို့သား အဗျေဇာ။ ဟုရှမြို့သား သိဗေခဲ။ 30 အာဟော့အနွယ် ဣလဲ။ နေတောဖမြို့သား မဟာရဲ။ 31 နေတောဖမြို့နေ ဗာနာ့သားဟေလက်။ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့နေ၊ ရိဘဲသားဣတ္တဲ။ ပိရသုန်မြို့ သားဗေနာယ။ 32-33 ဂါရှချိုင့်သား ဟုရဲ။ အရာဗမြို့သား အဗျေလ။ 34 ဗာဟုရိမ်မြို့သား အာဇမာဝက်။ ရှာလဗိမ်မြို့သား ဧလျာဘ။ ဂိဇောနအနွယ်ဟာရှိမ်၏သားတို့ ဟာရာမြို့နေ ရှာဂဲသားယောနသန်။ 35-36 ဟာရာမြို့နေ စာကာ့သားအဟိအံ။ ဥရသား ဧလိဖလ။ မေခေရာမြို့သား ဟေဖာ။ 37-38 ပေလောင်မြို့သား အဟိယ။ ကရမေလမြို့သား ဟေဇရဲ။ ဧဇဗဲသား နာရဲ။ နာသန်ညီ ယောလ။ 39 ဟဂ္ဂေရိသား မိဗဟာ။ အမ္မုန်မျိုး ဇေလက်။ ဇေရုယာ့သား ယွာဘ၏လက်နက်ကိုင်၊ ဗေရုတ်မြို့နေနဟာရဲ။ 40-41 ဣသရိအနွယ် ဣရ။ ဣသရိအနွယ် ဂါရက်။ 42 ဟိတ္တိမျိုး ဥရိယ။ အာလဲသား ဇာဗဒ်။ ရုဗင့်သူရဲသုံးကျိပ်အုပ် ရှိဇသားအဒိန။ 43 မာခါ့သား ဟာနန်။ မိသနမြို့သား ယောရှဖတ်။ အာရှတရုတ်မြိုသား သြဇိ။ 44-45 အာရော်မြို့နေ၊ ဟောသံသား ရှာမနှင့်ယေလ။ တိဇမြို့နေ ရှိမရိသား ယေဒယာလနှင့်ညီယောဟ။ 46 မဟာဝမြို့သား ဧလျေလ။ ဧလနန့်သား ယေရိဗဲနှင့်ယောရှဝိ။ 47 မောဘမျိုး ဣသမ၊ ဧလျေလ၊ သြဗက်။ မေဇောဗိတ်မြို့သားယာသေလတို့တည်း။