ဆာလံ။ 89
ထာဝရဘုရား၏ကရုဏာတော်များကိုကာလအစဉ်သီချင်းဖွဲ့ဆို၍၊ သစ္စာတော်ကိုလူမျိုးအဆက်ဆက်နှုတ်မြွက်ကြားပြောပါမည်။ ကရုဏာတော်ကိုကာလအစဉ်တည်မြဲစေလျက်၊ သစ္စာတော်ကို မိုးကောင်းကင်၌မြဲမြံစေတော်မူပြီဟု၊ အကျွန်ုပ်ဖွဲ့ဆိုသည့်အလျောက်၊ သင့်အမျိုးအနွယ်ကိုကာလအစဉ်ငါမြဲမြံစေလျက်၊ သင့်ပလ္လင်ကိုလူမျိုးအဆက်ဆက်တည်မြဲစေမည်ဟူ၍၊ ရွေးကောက်တော်မူသူနှင့်ပဋိညာဉ်တော်ဖွဲ့ခြင်း၊ ကျွန်တော်ရင်းဒါဝိဒ်အားသစ္စာဆိုခြင်း၊ ငါပြုလေပြီဟုဗျာဒိတ်တော်ရှိ၏။
အိုထာဝရဘုရား၊ မိုးကောင်းကင်က၊ အံ့ဖွယ်ရာအမှုတော်များကိုလည်းေကာင်း၊ သန့်ရှင်းသူ၏ပရိသတ်တို့ရှေ့သစ္စာတော်ကိုလည်းေကာင်း၊ ချီးမွမ်းရပါ၏။ အာကာသတွင်ထာဝရဘုရားနှင့်တုပြိုင်၍၊ နတ်သားများတွင် ထာဝရဘုရားနှင့်မည်သူတူသနည်း။ သန့်ရှင်းသူတို့အသင်းအပင်းတွင်၊ အလွန်ကြောက်မက်ဖွယ်၊ ခြံရံသူအပေါင်းတို့ထက်၊ ခန့်ညားဖွယ်ဘုရားပေတည်း။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်၊ အိုယာဟ၊ တန်ခိုးတော်၊ သစ္စာတော်ခြံရံလျက်၊ ကိုယ်တော်နှင့်မည်သူတူပါသနည်း။ ကိုယ်တော်သည် ပင်လယ်ထကြွခြင်းကိုအုပ်စိုး၍၊ လှိုင်းတံပိုးခတ်ခြင်းကိုငြိမ်စေတော်မူပါ၏။ 10 ရာဟဗ်ကို၊ ကွပ်မျက်ခံရသူကဲ့သို့ချေမွှ၍၊ ရန်သူတော်တို့ကို၊ အားကြီးသောလက်ရုံးတော်ဖြင့်ကွဲလွင့်စေတော်မူပါပြီ။ 11 မိုးကောင်းကင်နှင့်မြေပထဝီသည်၊ ကိုယ်တော်ပိုင်ဖြစ်ပါ၍၊ ဤလောကနှင့်ကြွယ်ဝပြည့်စုံသမျှကိုတည်ထားခြင်း၊ 12 မြောက်မျက်နှာနှင့်တောင်မျက်နှာကိုဖန်ဆင်းခြင်းပြုတော်မူသည့်အလျောက်၊ တာဗော်နှင့်ဟေရမုန်တောင်သည် နာမတော်ကြောင့်ကြွေးကြော်ကြပါ၏။
13 လက်ရုံးတော်တန်ခိုးကြီးသည့်အလျောက်၊ လက်တော်ကိုခိုင်ခံ့စေ၍၊ ညာလက်တော်ကိုချီးမြှောက်တော်မူပါ၏။ 14 ဖြောင့်မတ်ခြင်းနှင့်တရားသဖြင့်စီရင်ခြင်းသည်၊ ပလ္လင်တော်၏တည်ရာ၊ မေတ္တာကျေးဇူးနှင့်သစ္စာတော်သည်၊ မျက်နှာတော်ရှေ့ခစားရာဖြစ်ပါ၏။ 15 အိုထာဝရဘုရား၊ ကြွေးကြော်သံကိုသိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ မျက်နှာတော်ရောင်ခြည်၌သွားလာခွင့်၊ 16 နေ့ရှိသမျှနာမတော်၌ရွှင်လန်းခွင့်၊ ဖြောင့်မတ်တော်မူခြင်း၌ချီးမြှောက်ခွင့်ခံရကြပါ၏။ 17 ကိုယ်တော်သည် လူမျိုးတော့်အစွမ်းသတ္တိ၏ဂုဏ်အသရေဖြစ်လျက်၊ ကျေးဇူးတော်အားဖြင့် အကျွန်ုပ်တို့ဦးချိုကိုရှည်မြင့်စေတော်မူပါ၏။ 18 အကျွန်ုပ်တို့ဒိုင်းလွှားသည်၊ ထာဝရဘုရားပိုင်ရာတော်၊ အကျွန်ုပ်တို့ဘုရင်မင်းသည်၊ ဣသရေလလူမျိုး၏သန့်ရှင်းတော်မူသော အရှင့်ပိုင်ရာတော်ဖြစ်ပါ၏။
19 ကိုယ်တော်သည်ကြည်ညိုသူတို့အား၊ ရူပါရုံဖြင့်ပေးတော်မူဖူးသောဗျာဒိတ်တော်ကား၊ သူရဲတစ်ဦးပေါ်တွင်၊ မစရန်အခွင့်ကိုတင်လျက်၊ လက်ရွေးတစ်ဦးကိုလူမျိုးထဲကချီးမြှောက်လျက်၊ 20 ကျွန်တော်ရင်းဒါဝိဒ်ကိုတွေ့၍၊ သန့်ရှင်းသောဆီတော်နှင့်ဘိသိက်ပေးခဲ့လေပြီ။ 21 သူ့အပေါ်တွင်လက်တော်တည်မြဲလျက်၊ လက်ရုံးတော်ဖြင့်ခိုင်ခံ့စေမည့်အလျောက်၊ 22 ရန်သူသည် အခွန်ကောက်ခွင့်၊ အပြစ်သားတို့သည် နှိမ်နင်းခွင့်ကိုမရချေ။ 23 သူ့ရှေ့ကရန်ဘက်တို့ကိုချေမွှ၍၊ မုန်းထားသူတို့ကိုဒဏ်ခတ်မည်။ 24 သစ္စာတော်နှင့် ကရုဏာတော်သည်၊ သူ၌တည်၍၊ နာမတော်အားဖြင့်သူ့ဦးချိုကိုရှည်မြင့်စေမည့်ပြင်၊ 25 လက်ကိုပင်လယ်ပေါ်မှာလည်းေကာင်း၊ ညာလက်ကိုမြစ်များပေါ်မှာလည်းေကာင်း၊ ငါတင်စေမည်။ 26 သူက၊ ကိုယ်တော်သည်အကျွန်ုပ်အဘ၊ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်ရာကျောက်တောင်ဖြစ်ပါသည်ဟု၊ ငါ့ထံအော်ဟစ်ရမည့်အလျောက်၊ 27 ငါလည်းသူ့ကိုဩရသအဖြစ်၊ မြေကြီးရှင်ဘုရင်တို့အထွဋ်အဖြစ်ခန့်ထား၍၊ 28 ကရုဏာတော်ကို၊ သူ့အဖို့ကာလအစဉ်စောင့်ထိန်းလျက်၊ ပဋိညာဉ်တော်တည်မြဲသဖြင့်၊ 29 အမျိုးအနွယ်ကိုကာလအစဉ်၊ ရာဇပလ္လင်ကိုကောင်းကင်ရက်တာကဲ့သို့၊ မြဲစေမည်။ 30 သူ့သားမြေးတို့သည်၊ ပညတ်တရားတော်ကိုစွန့်ပယ်၍၊ ဆုံးဖြတ်တော်မူချက်များအတိုင်းမလိုက်မနာ၊ အထုံးအဖွဲ့တော်များကိုရှုတ်ချ၍၊ 31 ပညတ်တော်များကိုမစောင့်မထိန်းဘဲနေလျှင်၊ 32 သူတို့ကျူးလွန်မှုများအတွက် ကြိမ်လုံးနှင့်လည်းေကာင်း၊ ဒုစရိုက်များအတွက်ဒဏ်ချက်နှင့်လည်းေကာင်း၊ 33 စီရင်မည်မှန်သော်လည်း၊ သူမှကရုဏာတော်ကိုနုတ်ပယ်ခြင်း၊ သစ္စာတော်ကိုပယ်ဖျက်ခြင်း၊ ပဋိညာဉ်တော်ကိုရှုတ်ချခြင်း၊ 34 နှုတ်မြွက်ပြီးကတိတော်ကိုပြောင်းလဲခြင်းပြုမည်မဟုတ်။ 35 ငါ့သန့်ရှင်းခြင်းကိုတိုင်တည်၍တစ်ခါတည်းသစ္စာဆိုခဲ့ပြီ။ ဒါဝိဒ်ကိုလှည့်စားမည်မဟုတ်။ 36 သူ့အမျိုးအနွယ်သည်ကာလအစဉ်တည်လျက်၊ ရာဇပလ္လင်လည်းရှေ့တော်၌နေကဲ့သို့မြဲလျက်၊ လကဲ့သို့လည်းေကာင်း၊ 37 အာကာသရှိတည်မြဲသောသက်သေကဲ့သို့လည်းေကာင်း၊ ကာလအစဉ်မြဲမြံလိမ့်မည်ဟူ၍တည်း။
38 ယခုမှာမူ၊ ကိုယ်တော်သည်ဘိသိက်ခံမင်းကိုအမျက်တော်ထားလျက်၊ 39 စွန့်ပစ်ငြင်းပယ်ခြင်း၊ ကျွန်တော်ရင်းနှင့်ဖွဲ့သောပဋိညာဉ်ကိုစက်ဆုပ်၍၊ သရဖူကိုမြေတိုင်အောင်ရှုတ်ချခြင်း၊ 40 သူ့ခြံစည်းရိုးရှိသမျှကိုချိုးဖျက်၍၊ ခံတပ်များကိုဖျက်ဆီးခြင်းပြုတော်မူပါပြီ။ 41 အရာတော်ကို၊ လမ်းဖြင့်သီသွားသူရှိသမျှတို့လုယူ၍၊ တိုင်းရင်းသားတို့ကဲ့ရဲ့ရာအဖြစ်ရောက်ရှာပါပြီ။ 42 ကိုယ်တော်သည်သူ့ရန်ဘက်တို့ညာလက်ကိုချီးမြှောက်၍၊ ရန်သူရှိသမျှတို့အား ရွှင်လန်းခြင်း၊ 43 စစ်ပွဲတွင်ခံရပ်ခွင့်မရစေဘဲ၊ ဓားသွားကိုလိပ်စေခြင်း၊ ဘုန်းရောင်ကိုကွယ်စေ၍၊ 44 ရာဇပလ္လင်ကိုမြေတိုင်အောင်နှိမ့်ချခြင်း၊ ပျိုရွယ်စဉ်ကိုကျုံ့စေ၍၊ 45 အရှက်နှင့်လွှမ်းခြုံခြင်းများကိုပြုပါလေစွတကား။
46 အိုထာဝရဘုရား၊ ကိုယ်တော်သည်မည်မျှကြာအစဉ်လွှဲရှောင်၍ နေတော်မူမည်နည်း။ အမျက်တော်သည်မီးကဲ့သို့လောင်လျက်နေမည်လော။ 47 အကျွန်ုပ်၏အသက်တာကိုလည်းေကာင်း၊ လူ့သားဟူသမျှကို အချည်းနှီးအဖြစ်ဖန်ဆင်းတော်မူကြောင်းကိုလည်းေကာင်း၊ သတိရတော်မူပါ။ 48 သေခြင်းနှင့်မကြုံကြိုက်ရဘဲရှင်မြဲခွင့်၊ မရဏာ့နိုင်ငံတန်ခိုးမှအသက်လွတ်မြောက်ခွင့်ရသူကားမည်သူနည်း။ 49 အိုအရှင်ဘုရား၊ သစ္စာတော်အတိုင်း၊ ကျွန်တော်ရင်းဒါဝိဒ်အားသစ္စာဆိုတော်မူခဲ့ဖူးသောကရုဏာတော်များသည်၊ အဘယ်မှာနည်း။ 50 အိုအရှင်ဘုရား၊ ကိုယ်တော်၏ကျွန်တို့ခံခဲ့ရသောကဲ့ရဲ့ခြင်းကိုလည်းေကာင်း၊ ရန်သူတော်တို့ကဲ့ရဲ့၍၊ 51 ဘိသိက်တော်ခံမင်းခြေရာများကိုကဲ့ရဲ့ခဲ့ကြရာ၊ များစွာသောလူမျိုးတို့ကဲ့ရဲ့ခြင်းကို၊ ကိုယ့်ရင်ခွင်၌ဆောင်ခဲ့ရပါသည်ကိုလည်းေကာင်း၊ သတိရတော်မူပါ။
52 ထာဝရဘုရားသည်၊ ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသတည်း။ အာမင်၊ အာမင်။