ဆာလံ။ 86
အိုထာဝရဘုရား၊ ဆင်းရဲနွမ်းပါးသောအကျွန်ုပ်အား၊ နားတော်ညောင်း၍ထူးတော်မူပါ။ အိုအကျွန်ုပ်၏ဘုရားသခင်၊ ကြည်ညိုသောအကျွန်ုပ်၏အသက်ကိုစောင့်ထိန်း၍၊ ကိုယ်တော်၌ကိုးစားသောကျွန်တော်မျိုးကိုကယ်တော်မူပါ။ အိုအရှင်ဘုရား၊ ကိုယ်တော့်ထံနေ့ရှိသမျှ ပဌနာပြုသောအကျွန်ုပ်ကိုသနားတော်မူပါ။ အိုအရှင်ဘုရား၊ ကိုယ်တော့်ကိုစွဲလမ်းသောကျွန်တော်မျိုး၏အသက်ဝိညာဉ်ကို၊ ရွှင်လန်းစေတော်မူပါ။ အိုအရှင်ဘုရား၊ ကိုယ်တော်သည်မွန်မြတ်လျက်၊ ချမ်းသာပေးလျက်၊ ကိုယ်တော့်ပဌနာပြုသူရှိသမျှတို့အား၊ ကရုဏာတော်ကြွယ်ဝပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုနားညောင်း၍ အသနားတော်ခံသံကိုကြားနာတော်မူပါ။ ဒုက္ခရောက်သည့်ကာလ၊ ထူးတော်မူသည့်အလျောက်ပဌနာပြုပါမည်။ အိုအရှင်ဘုရား၊ ဘုရားဟူသမျှတို့တွင်၊ ကိုယ်တော်နှင့်တူသောဘုရား၊ အမှုတော်များနှင့်တူသောအမှု မရှိပါ။ 9-10 အိုအရှင်ဘုရားသခင်၊ ကိုယ်တော်သာလျှင်ကြီးမြတ်၍ အံ့ဖွယ်ရာများကိုပြုတော်မူဘုရားသခင်ဖြစ်တော်မူသောကြောင့်၊ ဖန်ဆင်းတော်မူသောလူမျိုးရှိသမျှတို့သည်၊ တိုးဝင်ရှိခိုး၍ နာမတော်ကိုချီးမြှောက်ရကြပါလိမ့်မည်။ 11 အိုထာဝရဘုရား၊ နည်းလမ်းတော်ကိုသွန်သင်တော်မူပါ။ သစ္စာတော်အတိုင်း၊ လျှောက်လိုက်ပါမည်။ နာမတော်ကိုရိုသေမည့်အကြောင်း၊ အကျွန်ုပ်စိတ်နှလုံးကိုစေ့စပ်ေစတော်မူပါ။ 12 အိုအကျွန်ုပ်၏အရှင်ဘုရားသခင်၊ အကျွန်ုပ်အပေါ်၌ ကရုဏာတော်ကြီးလှ၍၊ အသက်ကိုမရဏာ့နိုင်ငံအောက်ဆုံးမှကယ်လွှတ်တော်မူခဲ့သောကြောင့်၊ 13 ကျေးဇူးတော်ကိုစိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍၊ နာမတော်ဘုန်းကိုအစဉ်ချီးမြှောက်ပါမည်။ 14 အိုဘုရားသခင်၊ ကိုယ်တော်ကိုမျက်မှောက်မပြုဘဲ၊ မာနကြီးသူတို့သည်၊ အကျွန်ုပ်တစ်ဘက်၌ထကြွ၍၊ ကြမ်းကြုတ်သောအသင်းအပင်းတို့သည်၊ အသက်အန္တရာယ်ကိုရှာကြံကြပါ၏။ 15 အိုအရှင်ဘုရား၊ ကိုယ်တော်သည်သနားသောသဘော၊ ကျေးဇူးပြုသောသဘော၊ စိတ်ရှည်သောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘောရှိသောဘုရားဖြစ်တော်မူပါ၏။ 16 အကျွန်ုပ်ကိုလှည့်ကြည့့်၍၊ ကျေးဇူးပြုတော်မူပါ။ တန်ခိုးတော်ကိုကျွန်တော်မျိုးအားပေး၍၊ ကိုယ်တော့်ကျွန်မ၏သားကိုကယ်တော်မူပါ။ 17 အိုထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်ကိုမစ၍နှစ်သိမ့်စေတော်မူခဲ့ပြီးဖြစ်ကြောင်း၊ မုန်းထားသူတို့ထောက်ရှုလျက်အရှက်ကွဲကြစေရန်၊ ကောင်းသောအမှတ်လက္ခဏာကိုပြတော်မူပါ။