ဆာလံ။ 85
အိုထာဝရဘုရား၊ ကိုယ်တော်သည်ပြည်တော်ကိုနှစ်သက်၍၊ သိမ်းသွားခံရသော ယာကုပ်အမျိုးကိုပြန်ရောက်စေတော်မူပါပြီ။ လူမျိုးတော်၏မတရားမှုကိုဖြေလွှတ်၍၊ အပြစ်ရှိသမျှကိုဖုံးအုပ်တော်မူပါပြီ။ ဒေါသမီးကိုအကုန်အစင်ရုပ်သိမ်း၍၊ အမျက်တော်အရှိန်ကိုလွှဲတော်မူပါပြီ။
အကျွန်ုပ်တို့ကိုကယ်တင်ပိုင်ရှင်ဘုရားသခင်၊ ပြန်ကြွ၍၊ အမျက်တော်ကိုငြိမ်းစေတော်မူပါ။ အစဉ်အမြဲအမျက်တော်ထားလျက်၊ အစဉ်အဆက်စိတ်တော်မပြေဘဲ၊ နေတော်မူမည်လော။ ကိုယ်တော်၌လူမျိုးတော်ရွှင်လန်းရစေရန်၊ ရှင်ပြန်စေတော်မူမည်မဟုတ်ပါလော။ အိုထာဝရဘုရား၊ ကရုဏာတော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကိုသနားတော်မူပါ။ ထာဝရအရှင်ဘုရားသခင်မိန့်တော်မူကြောင်းကြားပါရစေ။ မိုက်မဲရာသို့နောင်မပြန်ကြလျှင်၊ ကြည်ညိုသောလူမျိုးတော်အား၊ ငြိမ်သက်ခြင်းသတင်းကိုမိန့်တော်မူလိမ့် မည်။ ငါတို့တိုင်းပြည်၌ ဘုန်းတော်ကိန်းဝပ်စေခြင်းငှာ၊ ရိုသေသူတို့အနီး၊ ကယ်တင်တော်မူခြင်းကျေးဇူးတည်လျက်ရှိ၏။ 10 ကရုဏာနှင့်သစ္စာတော်ဆုံမိ၍၊ ဖြောင့်မတ်ခြင်းနှင့်ငြိမ်သက်ခြင်းနမ်းကြပြီ။ 11 သစ္စာတော်သည်မြေကြီးကပေါ်ပေါက်၍၊ ဖြောင့်မတ်ခြင်းလည်းကောင်းကင်ကငုံ့ကြည့်ပြီ။ 12 မုချအားဖြင့်ထာဝရဘုရားသည်၊ ချမ်းသာကိုသနားတော်မူ၍၊ ငါတို့နယ်မြေပြန့်ပြောလိမ့်မည်။ 13 ဖြောင့်မတ်ခြင်းသည် ရှေ့တော်ကချီသွား၍၊ ခြေတော်လှမ်းရာလမ်း၌ ပို့လိမ့်သတည်း။