ဆာလံ။ 66
အချင်းမြေတစ်ပြင်လုံး၊ ဘုရားသခင့်ရှေ့တော်၌ရွှင်မြူးသောအသံနှင့်ကြွေးကြော်လျက်၊ နာမတော်ဂုဏ်ကိုကျူးဧဖွဲ့ဆိုကြလော့။ ဂုဏ်တော်ကိုချီးမွမ်းထောပနာပြုကြလော့။ 3-4 အစီအရင်တော်များသည်၊ အလွန်ကြောက်မက်ဖွယ်ဖြစ်ပါသည်တကား။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတော်တို့တိုးလျှိုးကျိုးနွံခြင်း၊ မြေတစ်ပြင်လုံးရှိခိုးကျူးဧခြင်းပြုလျက်၊ နာမတော်အားကျူးဧရကြလိမ့်မည်ဟု၊ ဘုရားသခင်အားလျှောက်ထားကြလော့။ ဘုရားသခင့်အမှုတော်များ၊ လူသားတို့ဘောင်တွင်ကြောက်မက်ဖွယ်အစီအရင်တော်များကို၊ လာရောက်ရှုကြည့်ကြလော့။ ပင်လယ်ကိုကုန်းဖြစ်စေတော်မူရာ၊ ရေအလျဉ်ကို ဘိုးဘေးတို့ခြေလျင်ဖြတ်သွားကြသည်ဖြစ်၍၊ ကိုယ်တော်၌ငါတို့ရွှင်လန်းခဲ့ရကြ၏။ တန်ခိုးတော်အားဖြင့်၊ ကာလအစဉ်အုပ်စိုးလျက်၊ စက္ခုတော်အားဖြင့်၊ လူမျိုးခြားတို့ကိုရှုမှတ်လျက်နေတော်မူ၏။ ပုန်ကန်တတ်သူတို့သည်၊ ကိုယ်ကိုမချီးမြှောက်ကြစေနှင့်။
အချင်းလူမျိုးတို့၊ ငါတို့ဘုရားသခင်အားဩဘာဆက်လျက်၊ ချီးမွမ်းဖွယ်သတင်းလွှင့်ကြလော့။ ခြေချော်ခွင့်ပြုတော်မမူဘဲ၊ ငါတို့ကို အရှင်ထားမြဲထားတော်မူ၏။ 10 အိုဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့ကိုစစ်ဆေး၍၊ ငွေကိုချွတ်သကဲ့သို့ချွတ်ခြင်း၊ နှောင်အိမ်တွင်းသို့ကျစေ၍၊ 11 ကျောပေါ်မှာလေးလံသောဝန်ကိုတင်ခြင်း၊ 12 ဦးခေါင်းပေါ်မှာ၊ လူတို့ကိုစီးနင်းစေလျက်၊ မီး၌လည်းေကာင်း၊ ရေ၌လည်းေကာင်း၊ ဆင်းစေခြင်းပြုတော်မူသော်လည်း၊ ကြွယ်ဝရာအရပ်သို့ထုတ်ဆောင်တော်မူပါပြီ။ 13 မီးရှို့ရာပူဇော်သက္ကာနှင့်၊ ဗိမာန်တော်သို့ဝင်လျက်၊ 14 ဒုက္ခရောက်နေစဉ်နှုတ်မြွက်၍၊ ထားခဲ့သည့်သစ္စာဝတ်ကိုဖြေပါမည်။ 15 မီးရှို့ရာသိုးသားငယ်များကိုလည်းေကာင်း၊ သိုးထီးရနံ့ကိုလည်းေကာင်း၊ ပူဇော်လျက်၊ နွားနှင့်ဆိတ်များပါဆက်ကပ်ပါမည်။ 16 ဘုရားသခင်ကိုခန့်ညားသူရှိသမျှတို့၊ လာရောက်နားထောင်ကြလော့။ ငါ့အသက်အဖို့မည်သို့ပြုတော်မူကြောင်းကြားပြောမည်။ 17 ငါသည်နှုတ်ဖြင့်အော်ဟစ်ခြင်း၊ လျှာဖြင့်ချီးမြှောက်ခြင်းပြုလေပြီ။ 18 ဒုစရိုက်ကိုစိတ်ငဲ့သည်မှန်လျှင်၊ ထာဝရဘုရားနားညောင်းတော်မူခဲ့သည်မဟုတ်။ 19 ယခုမူကား၊ ဘုရားသခင်သည်နားညောင်း၍၊ ငါ့ပဌနာသံကိုကြားနာတော်မူပြီ။ 20 ငါ့ပဌနာကိုပယ်တော်မမူ၊ ကရုဏာတော်ကိုဖယ်တော်မမူသော ဘုရားသခင်သည်၊ မင်္ဂလာရှိတော်မူပါစေသော။