ဆာလံ။ 60
အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်တော်ထား၍၊ အကျွန်ုပ်တို့ကိုစွန့်ပစ်ခွဲလွှင့်တော်မူလေပြီ။ စုသိမ်းတော်မူပါ။ ပြည်တော်ကိုလှုပ်ရှားခွဲစိတ်တော်မူလေပြီ။ သိမ့်သိမ့်တုန်လျက်နေသောအက်ကွဲရာများကို ပြုစုတော်မူပါ။ လူမျိုးတော်၌ ကြမ်းတမ်းစွာခံစားရခြင်း၊ ယိမ်းယိုင်စေသောအရည်သောက်ရခြင်းကိုစီရင်လျက်၊ လေးသမားတို့ရှေ့ဆုတ်ပြေးစေခြင်းငှာသာ၊ ခန့်ညားသူတို့အားအောင်လံကို ပေးတော်မူခဲ့လေစွ။ နှစ်သက်တော်မူသောလူမျိုးတို့ဘေးလွတ်ကြစေရန်၊ ညာလက်ရုံးတော်အားဖြင့်ထူ၍၊ အောင်မြင်ခွင့်ပေးတော်မူပါ။
သန့်ရှင်းရာဌာနတော်မှ၊ ဘုရားသခင်မိန့်ဆိုတော်မူသည်မှာ၊ ငါသည် မာန်ဟုန်သွင်းလျက်၊ ရှေခင်မြို့ကိုဝေဖန်ခြင်း၊ သုကုတ်ချိုင့်ကိုတိုင်းတာခြင်းပြုမည်။ ဂိလဒ်နယ်သည်ငါပိုင်၊ မနာရှေနယ်လည်းငါပိုင်ဖြစ်ရာ၊ ဧဖရိမ်နယ်သည် ငါ့မောက်ရူ၊ ယုဒနယ်သည် ငါ့လှံတံဖြစ်၏။ မောဘပြည်ကား၊ ငါ့ဆေးလျှော်ရာ၊ ဧဒုံပြည်လည်း၊ ငါ့ဖိနပ်ထားရာဖြစ်သည့်ပြင်၊ ငါ့ကြောင့်ဖိလိတ္တိပြည်အော်ဟစ်ရမည်ဟူ၍တည်း။
အကျွန်ုပ်ကိုခံတပ်မြို့တွင်းသို့ပို့သွင်းခြင်း၊ ဧဒုံပြည်ရောက်ဦးဆောင်ခြင်းကို၊ မည်သူပြုပါအံ့နည်း။ 10 အိုဘုရားသခင်၊ ဗိုလ်ခြေတို့နှင့်ချီကြွတော်မမူဘဲ၊ အကျွန်ုပ်တို့ကိုစွန့်ပစ်ခဲ့သောကိုယ်တော်ပင်တည်း။ 11 လူချင်းတို့ဖြင့်အောင်မြင်ရခွင့်အချည်းနှီးဖြစ်သောကြောင့်၊ ကျဉ်းကျပ်ရာ၌စစ်ကူတော်မူပါ။ 12 ဘုရားသခင်အားဖြင့် ငါတို့ရဲရင့်စွာပြုမည်။ ရန်သူတို့ကိုကိုယ်တော်နင်းနယ်တော်မူမည်။