ဆာလံ။ 47
လူမျိုးရှိသမျှတို့၊ လက်ခုပ်တီးကြလော့။ ဘုရားသခင့်အထံတော်သို့၊ အောင်သံလွှင့်၍ကြွေးကြော်ကြလော့။ မြင့်မြတ်သော ထာဝရဘုရားသည် ခန့်ညားဖွယ်ဘုရား၊ မြေတစ်ပြင်လုံးကိုအစိုးရသောမဟာမင်းမြတ်ဖြစ်တော်မူ၏။ လူမျိုးတို့ကို ငါတို့အောက်၌လည်းေကာင်း၊ လူမျိုးခြားတို့ကို ငါတို့ခြေအောက်၌လည်းေကာင်း၊ နှိပ်နင်းတော်မူပြီ။ ချစ်တော်မူသောယာကုပ်၏ ဘုန်းကြက်သရေဖြစ်သော၊ ငါတို့ပိုင်ပြည်ကိုရွေးချယ်တော်မူပြီ။ ဘုရားသခင်သည်၊ ကြွေးကြော်သံနှင့်လည်းေကာင်း၊ ထာဝရဘုရားသည် တံပိုးမှုတ်သံနှင့်လည်းေကာင်း၊ တက်ကြွတော်မူပြီ။ ဘုရားသခင်အားကျူးဧဖွဲ့ဆိုလျက်၊ ငါတို့ဘုရင်မင်းမြတ်အားကျူးဧဖွဲ့ဆိုကြလော့။ ဘုရားသခင်သည်၊ မြေတစ်ပြင်လုံး၏ဘုရင်မင်းမြတ်ဖြစ်တော်မူသည့်အတိုင်း၊ လိမ္မာစွာကျူးဧကြလော့။ ဘုရားသခင်သည် လူမျိုးခြားတို့အပေါ်၌စိုးစံတော်မူ၏။ ဘုရားသခင်သည်၊ သန့်ရှင်းသောရာဇပလ္လင်တော့်ထက်စံတော်မူ၏။ လူမျိုးတို့၏မှူးမတ်များသည်၊ အာဗြဟံ၏ဘုရားသခင့်လူမျိုးတော်အဖြစ်စုရုံးကြ၏။ ဤလောက၏ဒိုင်းလွှားသဖွယ်ဖြစ်သူတို့ကို၊ မြင့်မြတ်လှသောဘုရားသခင်ပိုင်တော်မူသတည်း။