ဆာလံ။ 44
အိုဘုရားသခင်၊ ရှေးကာလတွင်၊ ဘိုးဘေးတို့လက်ထက်၊ မည်သည့်အမှုကိုပြုတော်မူကြောင်း ကြားပြောကြသည့်ပြင်၊ အကျွန်ုပ်တို့သည် ကိုယ့်သောတဖြင့်ကြားကြရပါပြီ။ လူမျိုးခြားတို့ကို လက်တော်ဖြင့်နုတ်ပယ်၍၊ ဘိုးဘေးတို့ကို စိုက်ထူတော်မူပါ၏။ လူမျိုးတို့ကိုဒုက္ခရောက်စေလျက်၊ ဘိုးဘေးတို့ကို ပြန့်ပွားစေတော်မူ၏။ ကိုယ့်ဓားဖြင့်နေပြည်ကိုပိုင်ရခွင့်၊ ကိုယ့်လက်ရုံးဖြင့်အောင်မြင်ခွင့်ကိုရကြသည်မဟုတ်ပါ။ မျက်နှာတော်ရောင်ခြည်ကျေးဇူးကိုခံစား၍၊ ညာလက်ရုံးတော်အားဖြင့်ရကြလေပြီ။ အိုဘုရားသခင်၊ အကျွန်ုပ်၏ဘုရင်မင်းမြတ်ဖြစ်တော်မူသည့်အလျောက်၊ ယာကုပ်အမျိုး၏အောင်မြင်ခွင့်ကိုစီရင်တော်မူပါဦး။ အကျွန်ုပ်တို့သည်၊ ကိုယ်တော်ကြောင့် ရန်သူတို့ကို တွန်းလှဲ၍၊ နာမတော်ကြောင့် ရန်ဘက်တို့ကိုနှိပ်နင်းရကြပါမည်။ ကိုယ့်လေးကိုအားကိုးမည်မဟုတ်။ ကိုယ်ဓားဖြင့်အောင်မြင်ခွင့်မရပါ။ ကိုယ်တော်သာလျှင်၊ အကျွန်ုပ်တို့ကို ရန်သူတို့လက်မှကယ်လွှတ်လျက်၊ မုန်းထားသူတို့ကိုအရှက်ကွဲစေတော်မူပါ၏။ နေ့ရှိသမျှ ဘုရားသခင်၌ ဂုဏ်ရောက်ခဲ့လျက်၊ အစဉ်အမြဲနာမတော်ကိုချီးမွမ်းကြပါမည်။
ကိုယ်တော်မူကား၊ ဗိုလ်ခြေများနှင့်မချီကြွဘဲ၊ အကျွန်ုပ်တို့ကို စွန့်ပယ်၍၊ အသရေပျက်စေတော်မူပါပြီ။ 10 ရန်သူတို့ရှေ့မှ လန်စေတော်မူ၍၊ မုန်းထားသူတို့သည် အလိုရှိရာလုယူရကြပါ၏။ 11 သိုးများကဲ့သို့၊ အစာအဖြစ်အပ်လိုက်၍၊ လူမျိုးခြားတို့ဘောင်တွင်ကွဲလွင့်စေတော်မူပါ၏။ 12 အမြတ်မရဘဲလူမျိုးတော်ကို၊ အဖိုးမဲ့ရောင်းချတော်မူပါ၏။ 13 တိုင်းရင်းသားတို့ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်ရှိသူတို့ပြက်ရယ်ပြု၍ သရော်ရာဖြစ်စေတော်မူပါ၏။ 14 လူမျိုးခြားတို့ပုံခိုင်းရာ၊ လူမျိုးတို့ခေါင်းညိတ်ရာဖြစ်စေတော်မူပါ၏။ 15-16 ကဲ့ရဲ့ပုတ်ခတ်သောရန်သူနှင့် ရန်တုံ့သူတို့ခြိမ်းသံကြောင့်၊ အကျွန်ုပ်သည် နေ့ရှိသမျှ အသရေပျက်ခြင်းကိုဆောင်လျက်၊ မျက်နှာရှက်ခြင်းကိုခြုံလျက်နေရပါလေစွ။ 17 ထိုမျှလောက်ဒုက္ခရောက်သော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုမမေ့။ ပဋိညာဉ်တော်ကိုမဖျက်ကြပါ။ 18 ကိုယ်တော်သည်၊ ခွေးအတို့အောင်းရာတွင်ချိုးဖဲ့၍၊ သေခြင်းအရိပ်နှင့်ဖုံးလွှမ်းတော်မူခဲ့ပါသော်လည်း၊ အကျွန်ုပ်တို့စိတ်အားမဆုတ်။ 19 တရားတော်လမ်းမှ ခြေလှမ်းမလွဲကြပါ။ 20 ကိုယ့်ဘုရားသခင်၏နာမတော်ကို မေ့လျော့၍၊ အခြားသောဘုရားထံ လက်အုပ်ချီသည်မှန်လျှင်၊ 21 စိတ်၌ဝှက်ထားရာများကိုသိမြင်သော ဘုရားသခင်သည်၊ စီစစ်၍ မထုတ်ဘဲနေတော်မူမည်လော။ 22 အကျွန်ုပ်တို့သည် ကိုယ်တော့်အတွက်ကြောင့်၊ နေ့ရှိသမျှကွပ်မျက်ခံလျက်၊ သတ်ရန်ထားသောသိုးများကဲ့သို့ အမှတ်ခံလျက် နေရကြပါ၏။ 23 အိုအရှင်ဘုရား၊ နိုးကြားတော်မူပါ။ အဘယ့်ကြောင့် ကျိန်းစက်တော်မူပါသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကိုအစဉ်စွန့်ပယ်တော်မမူပါနှင့်။ 24 အဘယ့်ကြောင့် မျက်နှာေတာ်လွှဲလျက်၊ အကျွန်ုပ်တို့ခံရသော ညှဉ်းပန်းနှိပ်စက်ခြင်းကို မေ့လျော့တော်မူပါသနည်း။ 25 အကျွန်ုပ်တို့စိတ်ဝိညာဉ်သည်၊ မြေမှုန့်တိုင်အောင် နှိမ့်ချခံရ၍၊ ဝမ်းလည်းမြေနှင့် ကပ်လျက်ရှိရပါ၏။ 26 မေတ္တာကျေးဇူးတော်ကို ထောက်မေျှာ်၍၊ မစရွေးနုတ်ခြင်းငှာကြွတော်မူပါ။