ဆာလံ။ 39
ဝစီကံမျှပြစ်မှားခြင်းမပြုမိအောင်၊ ကိုယ့်ပြောပုံကို စောင့်ထိန်းမည်။ ငါ့ရှေ့၌ လူဆိုးတို့ရှိနေစဉ်၊ ကိုယ့်နှုတ်ကိုချုပ်တည်းမည်အောက်မေ့လျက်၊ အကောင်းကိုပင်မပြောမဆိုဘဲ၊ မျိုသိပ်လျက်ဆိတ်ဆိတ်နေရာ၊ ပူပန်ခြင်းမွှေနှောက်ရာရောက်၏။ အတွင်းစိတ်နှလုံးပူပြင်း၍၊ စဉ်းစားခြင်းမီးလောင်သဖြင့်၊ ငါမြွက်ဆိုသည်မှာ၊ အိုထာဝရဘုရား၊ အကျွန်ုပ်၏ အဆုံးကိုလည်းေကာင်း၊ နေ့ရက်တာမည်မျှကိုလည်းေကာင်း၊ သိစေ၍၊ အနိစ္စဖြစ်ကြောင်း၊ သိစေတော်မူပါ။ အကျွန်ုပ်၏နေ့ရက်တာကို၊ တစ်မိုက်ခန့်မျှသာကမ်းသတ်တော်မူသည့်အလျောက်၊ ရှေ့တော်တွင်အသက်တာသည်၊ အရေးယူဖွယ်မဟုတ်ပါ။ လူဟူသမျှတို့မှာ၊ တည်တံ့လျက်ပင်၊ အခိုးအငွေ့သက်သက်မုချဖြစ်ပါ၏။ အသွင်ဆောင်၍သာသွားလာလျက်၊ အခိုးအငွေ့ကိုသာကြံဖန်လျက်၊ ထိန်းသိမ်းမည့်သူ့ကိုမသိဘဲ၊ ဥစ္စာကိုဆည်းပူးတတ်၏။ သို့ဖြစ်၍အိုအရှင်ဘုရား၊ အကျွန်ုပ်သည် မည်သည့်အရာကို စောင့်စားနေရပါသနည်း။ ကိုယ်တော်၌သာလျှင်မေျှာ်လင့်ခြင်းရှိပါ၏။ လွန်ကျူးချက်ရှိသမျှမှကယ်လွှတ်တော်မူပါ။ လူမိုက်တို့ကဲ့ရဲ့ရာဖြစ်စေတော်မမူပါနှင့်။ ကိုယ်တော်စီရင်တော်မူသောကြောင့်၊ အကျွန်ုပ်နှုတ်မဖွင့်ဘဲ၊ ဆိတ်ဆိတ်နေခဲ့ရပါ၏။ 10 ဒဏ်ချက်ကိုလွှဲဖယ်တော်မူပါ။ လက်တော်ဒဏ်ချက်ကြောင့်၊ အားကုန်ခန်းလျက်ရှိပါပြီ။ 11 မတရားမှုအတွက်ကြောင့် ဆုံးမပဲ့ပြင်တော်မူသောအခါ၊ လူ၏တင့်တယ်ခြင်းကိုပိုးစားသကဲ့သို့ပျောက်လွင့်စေတော်မူပါ၏။ လူဟူသမျှတို့မှာ၊ အခိုးအငွေ့သက်သက်မုချ ဖြစ်ပါ၏။ 12 အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုနားညောင်း၍၊ အော်ဟစ်သံကိုလည်းကြားတော်မူပါ။ အကျွန်ုပ်မျက်ရည်များကိုကြည့်၍၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ 13 ဘိုးဘေးရှိသမျှကဲ့သို့ ရှေ့တော်၌ဝင်နေသူ၊ အာဂန္တုဖြစ်သော အကျွန်ုပ်အား၊ ပျောက်ဆုံးချိန်မတိုင်မချင်းရွှင်လန်းခွင့်ရစေရန်၊ မျက်နှာလွှဲတော်မူပါ။