ဆာလံ။ 37
အဆိုးပြုကျင့်သူတို့ကြောင့် စိတ်မျက်ခြင်း၊ မတရားပြုကျင့်သူတို့ကြောင့်ငြူစူခြင်းမရှိလင့်။ မကြာမီသူတို့သည် မြက်ကဲ့သို့ညှိုးရ၍၊ မြက်နုကဲ့သို့နွမ်းရကြလိမ့်မည်။ ထာဝရဘုရား၌ ကိုးစားလျက်၊ ကောင်းမှုပြုလော့။ နေပြည်၌နေလျက်၊ သစ္စာတရား၌ကျက်စားလော့။ ထာဝရဘုရား၌မွေ့လျော်လျှင်၊ စိတ်လိုဖတ်ရှိရာများကိုသနားတော်မူလိမ့်မည်။ သင့်အမှုကိုထာဝရဘုရားအား လွှဲအပ်၍ ကိုးစားလျှင်၊ ကိုယ်တော်သည်စီရင်ရာ၊ သင်၏ဖြောင့်မတ်ခြင်းကိုအလင်းရောင်ကဲ့သို့လည်းေကာင်း၊ တရားသဖြင့်စောင့်ခြင်းကို မွန်းတည့်ရောင်ခြည်ကဲ့သို့လည်းေကာင်း၊ ထင်ပေါ်စေတော်မူလိမ့်မည်။ ထာဝရဘုရားရှေ့၊ ဆိတ်ဆိတ်နေ၍ စောင့်မေျှာ်လော့။ မကောင်းသောအကြံအောင်၍ အမှုထမြောက်ရသူကြောင့်စိတ်မျက်ခြင်းမရှိလင့်။ အမျက်မထွက်ဘဲ၊ ဒေါသမီးကိုငြိမ်းစေလော့။ အဆိုးကိုဖြစ်ပွားစေသောစိတ်မျက်ခြင်းမရှိလင့်။ အဆိုးပြုကျင့်သူတို့သည်၊ ပယ်ရှားရာခံကြရလိမ့်မည်။ ထာဝရဘုရားကိုစောင့်မေျှာ်သူတို့မူကား၊ နေပြည်ကိုအပိုင်ရကြလတ္တံ့။ 10 တစ်ခဏမျှကြာလျှင်၊ လူဆိုးရှိနေရမည်မဟုတ်။ သူ့နေထိုင်ရာကို၊ စီစစ်လျက်ပင်မတွေ့ချေ။ 11 စိတ်နှိမ့်ချသူတို့မူကား၊ နေပြည်ကိုအပိုင်ရလျက်၊ မဟာစည်းစိမ်ချမ်းသာကို ဝင်စားရကြလတ္တံ့။ 12 လူဆိုးသည်၊ တရားသူ့ကို မကောင်းကြံစည်၍၊ အံခဲလျက် နေရာ၊ 13 ထိုသူ၏နေ့ရက်ရောက်လာဆဲရှိသည်ကို၊ သိမြင်သောအရှင်ဘုရားပြုံးရယ်တော်မူ၏။ 14 လူဆိုးတို့သည်၊ ဆင်းရဲနွမ်းပါးသူတို့ကို ဖြိုလှဲရန်လည်းေကာင်း၊ အကျင့်အကြံဖြောင့်မှန်သူတို့ကို သတ်ဖြတ်ရန်လည်းေကာင်း၊ ဓားထုတ်လျက်၊ လေးတင်လျက်ရှိနေကြရာ၊ 15 ကိုယ့်ဓားဖြင့်နှလုံးကိုထိုးဖောက်ခြင်း၊ ကိုယ့်လေးများကျိုးပြတ်ခြင်း ခံရကြလတ္တံ့။ 16 များစွာသော လူဆိုးတို့၏ ကြိမ်းမောင်းသံထက်၊ ဖြောင့်မတ်သူ၏အားနည်းခြင်း ကောင်း၏။ 17 အသို့ဆိုသော်၊ လူဆိုးတို့လက်ရုံးရည်ကျိုးပြတ်ခံရရာ၊ ဖြောင့်မတ်သူတို့ကိုထာဝရဘုရားထောက်မတော်မူ၏။ 18 စုံလင်သူတို့၏ နေ့ရက်ကာလကို၊ ထာဝရဘုရားသိမြင်တော်မူသည့်အတိုင်း၊ သူတို့ပိုင်ရာသည်၊ ကာလအစဉ်တည်ရလိမ့်မည်။ 19 ဒုက္ခကာလ၌ အရှက်မကွဲရဘဲ၊ အစာခေါင်းပါးရာကာလရောင့်ရဲကြလိမ့်မည်။ 20 လူဆိုးတို့မူကား၊ ပျောက်ကွယ်လျက်၊ ထာဝရဘုရား၏ရန်သူတို့သည်၊ စားကျက်၏ တင့်တယ်ခြင်းကဲ့သို့ပြုန်းတီး၍၊ မီးခိုးကဲ့သို့ပျောက်ရကြလတ္တံ့။ 21 ကောင်းကြီးမင်္ဂလာတော်ခံရသူတို့သည်၊ နေပြည်ကိုပိုင်ခွင့်၊ အမင်္ဂလာခံရသူတို့သည်၊ ပယ်ရှားခွင့်ခံရကြသည့်အလျောက်၊ 22 ချေးငှားရပြီးလျှင်လူဆိုးမဆပ်နိုင်၊ ဖြောင့်မတ်သူမူကား၊ သနားညှာတာ၍ ပေးကမ်းရ၏။ 23 လူ့ခြေရာများကို၊ ထာဝရဘုရားတည်စေလျက်၊ လျှောက်လိုက်ရာလမ်းကိုနှစ်သက်ရာ၊ 24 သူ့လက်ကိုထာဝရဘုရားကိုင်ဆွဲတော်မူသဖြင့်၊ ခလုတ်တိုက်မိသော်လည်းလဲ ကျတော့မည်မဟုတ်။ 25 ဖြောင့်မတ်သူသည် ကိုးရာမဲ့လျက်၊ သူ့သားမြေးတို့လည်း တောင်းစားလျက်နေရကြသည်ကို၊ ငယ်ရွယ်စဉ်မှစ၍၊ ယခုအိုမင်းသည့်ကာလတိုင်အောင်၊ ငါမမြင်ရစဖူး။ 26 သူသည် နေ့ရှိသမျှသနားလျက်၊ ချေးငှားလျက်၊ သားမြေးတို့လည်း ကောင်းကြီးမင်္ဂလာခံရကြ၏။ 27 ဒုစရိုက်ကိုကြဉ်၍၊ သုစရိုက်ကိုယှဉ်လျက်၊ ကာလအစဉ်နေထိုင်လော့။ 28 ထာဝရဘုရားသည်၊ တရားသဖြင့်စောင့်ခြင်းကို၊ နှစ်သက်၍၊ ကြည်ညိုသူတို့ကိုစွန့်ထားတော်မမူ။ ကာလအစဉ်ထိန်းသိမ်းတော်မူ၏။ လူဆိုး၏သားမြေးတို့မူကား၊ ပယ် ရှားခံရကြလိမ့်မည်။ 29 ဖြောင့်မတ်သူတို့သည် နေပြည်ကိုအပိုင်ရလျက်၊ ကာလအစဉ်နေထိုင်ရကြလတ္တံ့။ 30 ဖြောင့်မတ်သူသည်၊ နှုတ်ဖြင့်ဉာဏ်ပညာအကြောင်းမြွက်ဆိုလျက်၊ လျှာဖြင့်မျှတခြင်းအကြောင်းပြောဆိုတတ်၏။ 31 စိတ်နှလုံးထဲ၌ ကိုယ့်ဘုရားသခင့်တရားတော်တည်ရှိ၍၊ ခြေတစ်လှမ်းမျှမချော်ရ။ 32 လူဆိုးသည် ဖြောင့်မတ်သူ့ကို ချောင်းမြောင်း၍၊ အသက်အန္တရာယ်ရှာကြံသော်လည်း၊ 33 သူ့လက်တွင်အပ်နှင်းခြင်း၊ ဆုံးဖြတ်ချိန်တွင် ပြစ်ဒဏ်စီရင်ခြင်းကို၊ ထာဝရဘုရားပြုတော်မူမည်မဟုတ်။ 34 ထာဝရဘုရားကိုစောင့်မေျှာ်၍၊ နည်းလမ်းတော်ကိုစောင့်ရှောက်လော့။ နေပြည်ကိုအပိုင်ရစေခြင်းငှာ၊ သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ လူဆိုးတို့ပယ်ရှားရာခံရသည် ကို သင်သိမြင်ရလတ္တံ့။ 35 အစိုးတရပြုလျက်၊ ပေါက်ရင်းအရပ်တွင် စိမ်းလန်းသောသစ်ပင်ကဲ့သို့ကြီးပွားလျက် လူဆိုးနေသည်ကို၊ ငါမြင်ရပြီးနောက်၊ 36 တစ်ဖန်၊ သူ့နေထိုင်ရာသို့သီသွား၍ကြည့်လျှင်၊ သူမရှိ။ ရှာသော်လည်းမတွေ့ရ။ 37 စုံလင်သူ့ကိုမှတ်လျက်၊ ဖြောင့်မတ်သူ့ကိုရှုကြည့်လော့။ ရန်ငြိမ်းသောထိုသူ၌ အမျိုးအနွယ်ရှိ၏။ 38 ကျူးလွန်သူတို့မူကား၊ တစ်စုတည်းပျက်စီးလျက်၊ အမျိုးအနွယ်ပါပယ်ရှားခံရကြလတ္တံ့။ 39 ဖြောင့်မတ်သူတို့၏ ကယ်တင်ရာကယ်တင်ကြောင်းသည်၊ ထာဝရဘုရားထံမှဖြစ်၏။ ဒုက္ခရောက်ရာကာလ၌၊ ကိုယ်တော်သည်၊ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ 40 ထာဝရဘုရားသည်၊ သူတို့ကိုမစကယ်နုတ်၍၊ ကိုယ်တော်၌ခိုလှုံကြသောကြောင့်၊ လူဆိုးတို့လက်မှ ကယ်နုတ်လွတ်မြောက်စေတော်မူ၏။