ဆာလံ။ 24
ဤမြေကြီးနှင့်ကြွယ်ဝပြည်စုံသမျှ၊ လောကနှင့်နေထိုင်သမျှတို့သည်၊ ထာဝရဘုရားပိုင်တော်မူရာဖြစ်၏။ ကိုယ်တော်သည်၊ သမုဒ္ဒရာပေါ်၌အမြစ်ချ၍၊ ရေအလျဉ်များပေါ်တွင် တည်တော်မူပြီ။ ထာဝရဘုရား၏တောင်တော်ပေါ်သို့တက်ရသူ၊ သန့်ရှင်းရာဌာနတော်၌ရပ်တန့်ရသူကား၊ မည်သူပါနည်း။ သန့်စင်သောလက်၊ စင်ကြယ်သောစိတ်ရှိလျက်၊ အနတ္တကိုမစွဲမလမ်း၊ လှည့်ဖြား၍ သစ္စာမမူသူပေတည်း။ ထိုသူသည်၊ ထာဝရဘုရားအထံတော်မှကောင်းကြီးမင်္ဂလာကိုလည်းေကာင်း၊ ကိုယ့်ကယ်တင်ပိုင်ရှင်ဘုရားသခင့်အထံတော်မှဖြောင့်မတ်ခြင်းကိုလည်းေကာင်း၊ ခံယူရလိမ့်မည်။ အိုယာကုပ်၏ဘုရားသခင်၊ ဤသို့သောသူတို့သည်၊ ကိုယ်တော်ကိုလိုက်ရှာ၍၊ မျက်နှာတော်ကိုရှာဖွေသောအမျိုးအနွယ်ဖြစ်ကြပါ၏။
အချင်းမြို့တံခါးတို့၊ ထိပ်များကိုမြှောက်ကြလော့။ အချင်းထာဝရတံခါးတို့၊ မြှင့်ကြလော့၊ ဘုန်းကြီးတော်မူသော ဘုရင်ကြွဝင်တော်မူမည်။ ဘုန်းကြီးတော်မူသောဘုရင်ကား၊ မည်သူပါနည်း။ စွမ်းအားတန်ခိုးနှင့်ပြည်စုံတော်မူသောထာဝရဘုရား၊ စစ်မှု၌ တန်ခိုးကြီးတော်မူသောထာဝရဘုရားပေတည်း။ အချင်းမြို့တံခါးတို့၊ ထိပ်များကိုမြှောက်ကြလော့။ အချင်းထာဝရတံခါးတို့၊ မြှင့်ကြလော့။ ဘုန်းကြီးတော်မူသောဘုရင်ကြွဝင်တော်မူမည်။ 10 ထိုဘုန်းကြီးတော်မူသောဘုရင်ကား၊ မည်သူပါနည်း။ ဗိုလ်ခြေတို့အရှင်ပင်လျှင်၊ ဘုန်းကြီးတော်မူသောဘုရင်ပေတည်း။