ဆာလံ။ 18
အကျွန်ုပ်၏စွမ်းအားဖြစ်တော်မူသော အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြည်ညိုပါ၏။ ထာဝရဘုရားသည်၊ ငါ့ကျောက်တောင်၊ ငါ့ခံတပ်၊ ငါ့ကိုကယ်လွှတ်သောအရှင်၊ ငါ့ဘုရားသခင်၊ ငါခိုလှုံရာကျောက်စွယ်၊ ငါ့ဒိုင်းလွှား၊ ငါ့ကယ်တင်ရာဦးချို၊ ငါ့ရဲတိုက်ဖြစ် တော်မူ၏။ ချီးမွမ်းခံထိုက်တော်မူသောထာဝရဘုရားအား၊ ငါပဌနာပြုသဖြင့်၊ ရန်သူတို့လက်မှလွတ်မြောက်ရလိမ့်မည်။ သေမင်း၏နှောင်ကြိုးများဝန်းဝိုင်းခြင်း၊ ဖျက်ဆီးရာဩဃများချောက်လှန့်ခြင်း၊ မရဏာ့နိုင်ငံ၏နှောင်ကြိုးများရစ်ပတ်ခြင်း၊ သေမင်း၏ညွှတ်ကွင်းများနီးကပ်ခြင်းကို၊ ငါခံရသဖြင့်၊ ကျဉ်းကျပ်သောအဖြစ်မှ၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားထံဟစ်ခေါ်တောင်းလျှောက်သည့်ကာလ၊ ကိုယ်တော်သည်၊ ဗိမာန်တော်ထဲမှ ငါ့လျှောက်သံကိုကြားလျက်၊ ရှေ့တော်ရောက်ငါဟစ်ခေါ်သံကို နားညောင်းတော်မူ၏။ ထိုအခါ၊ အမျက်တော်ကြောင့် မြေကြီးညွှတ်လျက်တုန်လှုပ်ခြင်း၊ တောင်များ၏အခြေအမြစ်လှုပ်ရှား၍ ေရွ့ခါခြင်းများဖြစ်၏။ နှာတော်မှအခိုးထွက်လျက်၊ နှုတ်တော်မှမီးလျှံလည်းကျွမ်းလောင်လျက်၊ မီးသွေးများကိုတောက်ငြိစေ၏။ ကိုယ်တော်သည်၊ ကောင်းကင်ကိုညွှတ်စေ၍၊ ကြွဆင်းတော်မူရာ၊ ခြေဖဝါးတော်အောက်၌ အမိုက်တိုက်ကျလေ၏။ 10 ခေရုဗကိုစီးဝဲလျက်၊ လေပြင်းအတောင်များအပေါ်တွင် လျင်မြန်စွာစကြာဖြန့်ချီတော်မူ၏။ 11 မည်းမှောင်သည့်မိုးသား၊ ထပ်ဆင့်သည့်တိမ်တိုက်တည်းဟူသော မှောင်မိုက်အတိကို၊ ကိုယ်တော်၏ပတ်လည်တော်၌၊ ပုန်းကွယ်ရာတဲတော်ဖြစ်စေတော်မူ၏။ 12 ဘုန်းတော်ရောင်ခြည်ဖြင့်တိမ်တိုက်များကို၊ မိုးသီးနှင့်မီးကျီးများဖောက်၍ရွာကျ၏။ 13 ထာဝရဘုရားသည်၊ မိုးကိုချုန်းစေခြင်း၊ မြင့်မြတ်သောအရှင်သည်၊ အသံတော်မြွက်ခြင်းပြုတော်မူသဖြင့်၊ မိုးသီးနှင့်မီးကျီးများကိုရွာစေတော်မူ၏။ 14 မြှားတော်များကိုပစ်၍၊ ရန်သူတို့ကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်အထပ်ထပ်ပြက်စေသဖြင့်၊ ရှုံးနိမ့်စေတော်မူ၏။ 15 အိုထာဝရဘုရား၊ အမိန့်တော်ရှိ၍၊ နှာတော်ဖြင့်ရှူမှုတ်တော်မူသည့်ကာလ၊ ရေစီးရေမြောင်းအောက်ခံများထင်ပေါ်လျက်၊ မြေကြီးအခြေအမြစ်များဟင်းလင်းပေါ်ရပါ၏။ 16 အထက်ကောင်းကင်ဘုံမှ၊ ကိုယ်တော်သည် စေလွှတ်လျက်၊ ငါ့ကိုရေကြီးသောဘေးမှ ဆွဲယူကယ်ဆယ်တော်မူ၏။ 17 အားကြီးသောရန်သူတို့လက်မှလည်းေကာင်း၊ ငါ့ထက်ခွန်အားကြီးသော မုန်းထားသူတို့လက်မှလည်းေကာင်း၊ ငါ့ကိုကယ်လွှတ်တော်မူ၏။ 18 ငါ၌ဘေးသင့်ရောက်သည့်နေ့ရက်တွင်ချဉ်းဝင်ကြသော်လည်း၊ ထာဝရဘုရားသည် ငါ့အထောက်အမဖြစ်တော်မူ၏။ 19 ကျယ်ဝန်းရာအရပ်သို့ငါ့ကိုထုတ်ဆောင်တော်မူလျက်၊ နှစ်သက်သောကြောင့်ကယ်လွှတ်တော်မူ၏။ 20 ငါ့ဖြောင့်မတ်ခြင်းအလျောက်၊ ထာဝရဘုရားသည် အကျိုးကိုသနားတော်မူ၏။ ငါ့လက်များစင်ကြယ်သည့်အလျောက်၊ ဆပ်ပေးတော်မူ၏။ 21 အသို့ဆိုသော်၊ ကိုယ့်ဘုရားသခင့်အထံတော်မှ ဆိုးသွမ်းစွာမခွါဘဲ၊ ထာဝရဘုရား၏နည်းလမ်းတော်များကိုငါစောင့်ရှောက်ခဲ့ပြီ။ 22 ငါ့ရှေ့၌ဆုံးဖြတ်တော်မူချက်ရှိသမျှတည်သည့်အလျောက်၊ ထုံးဖွဲ့တော်မူချက်များကိုမစွန့်မပယ်။ 23 ၎င်းပြင်၊ ငါသည် ရှေ့တော်၌စုံလင်ခြင်းရှိလျက်၊ ကိုယ့်ဒုစရိုက်မှကိုယ်ကိုကွယ်ကာစောင့်ထိန်းခဲ့ပြီ။ 24 သို့ဖြစ်၍၊ ငါသည်ဖြောင့်မတ်လျက်၊ မျက်မှောက်တော်တွင် ငါ့လက်စင်ကြယ်သည့်အလျောက်၊ ထာဝရဘုရားဆပ်ပေးတော်မူ၏။ 25 ကရုဏာရှိသူ့အား၊ ကရုဏာနှင့်ပြည်စုံတော်မူသည်ကိုလည်းေကာင်း၊ စုံလင်သူ့အား၊ စုံလင်တော်မူသည်ကိုလည်းေကာင်း၊ 26 စင်ကြယ်သူ့အား၊ စင်ကြယ်တော်မူသည်ကိုလည်းေကာင်း၊ ဆုံးမခက်သူ့အားခက်ထန်တော်မူသည်ကိုလည်းေကာင်း၊ ကိုယ်တော်ဖော်ပြတော်မူပါ၏။ 27 ညှဉ်းပန်းခံရသူတို့ကို ကယ်တော်မူပါလိမ့်မည်။ မော်မောက်သူတို့မျက်စိများကိုကား၊ နှိမ့်ချတော်မူပါလိမ့်မည်။ 28 အိုအကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မီးခွက်ကိုထွန်းလျက်၊ အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူပါလိမ့်မည်။ 29 အကျွန်ုပ်သည်ကိုယ်တော့်အားဖြင့် တပ်ကိုဝင်စီးခြင်း၊ ကိုယ့်ဘုရားသခင်အားဖြင့် မြို့ရိုးကို ခုန်လွှားခြင်းပြုနိုင်ပါ၏။ 30 ဘုရားသခင်၏နည်းလမ်းတော်သည် စုံလင်၏။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စစ်ဆေးပြီးဖြစ်၏။ ကိုးစားသမျှသောသူတို့အဖို့၊ ကိုယ်တော်သည် ဒိုင်း၊ လွှားသဖွယ်ဖြစ်တော်မူ၏။ 31 ထာဝရဘုရားမှတစ်ပါး၊ မည်သူသည် ဘုရားသခင်ဖြစ်သနည်း။ ငါတို့ဘုရားသခင့်ပြင်၊ မည်သူသည် ကျောက်တောင်ဖြစ်သနည်း။ 32 ထိုဘုရားသခင်သည်၊ ငါ၌ခွန်အားကိုစည်းပေးလျက်၊ ငါ့လမ်းကိုစုံလင်စေတော်မူ၏။ 33 ငါ့ခြေများကိုဒရယ်မ၏ခြေကဲ့သို့ ချစေတော်မူပြီးလျှင်၊ ကိုယ့်မြင့်မြတ်ရာများ၌တင်ေမြှာက်၍ထားတော်မူ၏။ 34 စစ်မှု၌ကျင်လည်အောင် ငါ့လက်များကိုသွန်သင်တော်မူသဖြင့်၊ ကြေးလေးကိုပင်ငါ့လက်ရုံးများသည် တင်နိုင်၏။ 35 ကိုယ်တော်သည်၊ ကယ်တင်ခြင်းဒိုင်းလွှားကိုလည်းသနားတော်မူ၍၊ ညာလက်တော်ဖြင့်အကျွန်ုပ်ကိုထူပင့်လျက်၊ သိမ်မွေ့နူးညံ့တော်မူခြင်းဖြင့် ကြီးမြင့်စေတော်မူပါပြီ။ 36 နင်းရာပြန့်စေတော်မူသည့်အလျောက်၊ အကျွန်ုပ်ခြေမချော်ခဲ့ရပါ။ 37 ရန်သူတို့ကိုမှီအောင်ငါလိုက်လံလျက်၊ ပျက်စီး၍မကုန်မီပြန်လာမည်မဟုတ်။ 38 မထနိုင်အောင်ငါထိုးဖောက်သဖြင့်၊ ငါ့ခြေအောက်၌ပြိုလဲကြရမည်။ 39 စစ်ပြိုင်နိုင်ရန်ခွန်အားကို၊ အကျွန်ုပ်၌ကိုယ်တော်စည်းပေးတော်မူလျက်၊ အကျွန်ုပ်အောက်ထကြွသူတို့ကိုနှိမ့်နင်းတော်မူပါ၏။ 40 မုန်းထားသူတို့အား၊ အကျွန်ုပ်ခုတ်ဖြတ်နိုင်စေရန်၊ ရန်သူတို့ကိုနောက်လှည့်စေတော်မူပါ၏။ 41 သူတို့အော်ဟစ်သော်လည်း ကယ်လာသူမရှိ။ ထာဝရဘုရားကိုဟစ်ခေါ်သော်လည်း၊ ထူးတော်မမူ။ 42 လေလွင့်သောမြူမှုန့်ကဲ့သို့၊ သူတို့ကိုငါချေမွ၍၊ လမ်းရွှံ့နွံကဲ့သို့ပစ်လိုက်၏။ 43 ကိုယ်တော်သည်၊ အကျွန်ုပ်ကိုလူမျိုးတော်၏ဘက်ပြိုင်မှုများမှကယ်နုတ်တော်မူ၍၊ လူမျိုးခြားတို့၏အကြီးဥက္ကဋ္ဌဖြစ်စေတော်မူပါပြီ။ ငါမသိဘူးသောလူမျိုးသည်၊ ငါ့အစေကိုခံရ၏။ 44 ငါ့အကြောင်းကိုကြားလျှင်ကြားခြင်း၊ ငါ့အမိန့်ကိုနားထောင်လျက်၊ နိုင်ငံခြားသားတို့သည်၊ ငါ့ကိုကျိုးနွံဟန်ဆောင်ကြ၏။ 45 နိုင်ငံခြားသားတို့သည်ညှိုးနွမ်း၍၊ ပုန်းကွယ်ရာများမှတုန်လှုပ်လျက်ထွက်လာရကြ၏။ 46 ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ ငါ့ကျောက်တောင်တော်၌မင်္ဂလာရှိစေသတည်း။ ငါ့ကိုကယ်တင်ရာဘုရားသခင်သည် မြင့်မြတ်တော်မူပါစေသော။ 47 ထိုဘုရားသခင်ပင်၊ ငါ့အတွက်လက်စားချေ၍၊ လူမျိုးတို့ကိုငါ့အောက်သို့နှိမ့်နင်းသည့်ပြင်၊ ရန်သူတို့လက်မှငါ့ကိုကယ်နုတ်တော်မူ၏။ 48 ကိုယ်တော်သည်၊ အကျွန်ုပ်ကို ထကြွသူတို့ထက်ချီးမြှင့်၍၊ ကြမ်းကြုတ်သူ့လက်မှကယ်လွှတ်တော်မူပါ၏။ 49 သို့ဖြစ်၍၊ အိုထာဝရဘုရား၊ ကျေးဇူးတော်ကိုလူမျိုးခြားတို့ဘောင်တွင်၊ အကျွန်ုပ်ချီးမွမ်းပါမည်။ နာမတော့်ဂုဏ်ကိုသီချင်းဖွဲ့ဆိုပါမည်။ 50 ခန့်ထားတော်မူသောဘုရင်၊ ဘိသိက်သွန်းတော်မူသောဒါဝိဒ်မှစ၍၊ အဆက်အနွယ်တို့ကို၊ အထူးကယ်လွှတ်လျက်၊ ကာလအစဉ်မေတ္တာကျေးဇူးပြုတော်မူ၏။