ဆာလံ။ 148
ဟာလေလုယ၊ ကောင်းကင်ဘုံမှထာဝရဘုရားကိုချီးမွမ်းကြလော့။ ဘဝဂ်ပေါ်မှချီးမွမ်းကြလော့။ စေတမန်တော်အပေါင်းတို့၊ ချီးမွမ်းကြလော့။ ဗိုလ်ခြေတော်အပေါင်းတို့၊ ချီးမွမ်းကြလော့။ နေနှင့်လတို့၊ ချီးမွမ်းကြလော့။ ထွန်းတောက်ေသာကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။ ကောင်းကင်အထပ်ထပ်နှင့်မိုးကောင်းကင်အထက်ရှိရေများတို့၊ ချီးမွမ်းကြလော့။ ထိုအရာများကို အမိန့်တော်နှင့်ဖန်ဆင်းတော်မူသောကြောင့်၊ ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြစေ။ ကာလအစဉ်အဆက်တည်မြဲစေတော်မူလျက်၊ မပျက်ရသောဓမ္မတာတရားကိုစီရင်တော်မူပြီ။
7-8 မြေပထဝီရှိမြွေနဂါးများ၊ နက်ရှိုင်းရာများ၊ မီးနှင့်မိုးသီး၊ မိုးပွင့်နှင့်အခိုးအငွေ့၊ အမိန့်တော်ကိုလိုက်နာရသောလေပြင်းမုန်တိုင်း၊ တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးသီးသောအပင်၊ သစ်ကတိုးပင်ရှိသမျှ၊ သားရဲသားယဉ်ရှိသမျှ၊ 10 တွားတတ်သောတိရစ္ဆာန်နှင့်ပျံတတ်သောငှက်မှစ၍၊ 11 မြေကြီးရှင်ဘုရင်တို့နှင့်ပြည်သူပြည်သားရှိသမျှ၊ မြေကြီးပေါ်ရှိမှူးမတ်တို့နှင့် တရားမင်းရှိသမျှ၊ 12 လူပျိုနှင့်အပျိုတို့၊ သူအိုနှင့်၊ သူငယ်ရှိသမျှတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ 13 နာမတော်တစ်ပါးတည်းသာလျှင်မြင့်မြတ်လျက်၊ ဘုန်းတော်သည် မြေကြီးနှင့်ကောင်းကင်ထက်ကြီးမြတ်သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြစေ။ 14 အပါးတော်၌ရှိနေရသောလူမျိုး၊ ဣသရေလအမျိုးသားဖြစ်သူ၊ ကိုယ်တော်ကိုကြည်ညိုသူအပေါင်းတို့၏သဒ္ဓိတင်ရာဖြစ်သောဦးချိုကို၊ ချီးမြင့်တော်မူ၏။ ဟာလေလုယ။