ဆာလံ။ 132
1-5 အိုထာဝရဘုရား၊ ဒါဝိဒ်မင်းက၊ ထာဝရဘုရား၏ဌာနတော်၊ ယာကုပ်၏ တန်ခိုးရှင့်စံရာတော်ကိုငါမတွေ့မီ၊ ကိုယ့်တဲအိမ်သို့ဝင်ခြင်း၊ ကိုယ့်အိပ်ရာသို့တက်ခြင်း၊ ကိုယ့်မျက်စိကိုအိပ်ခွင့်၊ ကိုယ့်မျက်ခမ်းကိုစက်ခွင့်မပြုပါဟု၊ ထာဝရဘုရားထံဓိဋ္ဌာန်လျက်၊ ယာကုပ်၏တန်ခိုးရှင့်ထံသစ္စာဆိုလျက်၊ ခံစားသမျှသောဒုက္ခကို၊ ထိုမင်းနှင့်စပ်၍ သတိရတော်မူပါ။
ဧဖရတ်ခရိုင်တွင်သတင်းကြား၍၊ ယာရလွင်ပြင်၌တွေ့ခဲ့ကြရာ၊ ငါတို့က၊ စံရာတော်ထဲသို့ဝင်၍၊ ခြေတော်တင်ရာခုန်ရှေ့ရှိခိုးကြကုန်အံ့။ အိုထာဝရဘုရား၊ တန်ခိုးတော်ဆိုင်ရာေသတ္တာတော်နှင့်တကွ၊ ကိန်းဝပ်ရာဌာနသို့တက်ကြွတော်မူပါ။ ကိုယ်တော်၏ပရောဟိတ်တို့သည်၊ ဖြောင့်မတ်ခြင်းကိုဆင်ယင်၍၊ ကြည်ညိုသူတို့သည် ကြွေးကြော်ကြပါစေသော။ 10 ကျွန်တော်ရင်းဒါဝိဒ်ကိုထောက်၍၊ ဘိသိက်တော်ခံမင်းကိုပယ်တော်မမူပါနှင့်ဟုဖွဲ့ဆိုကြသတည်း။
11 ထာဝရဘုရားသည်၊ ဒါဝိဒ်မင်းအားပြောင်းလဲခြင်းကင်း၍၊ သစ္စာဆိုတော်မူသည်မှာ၊ သင့်ကိုယ်မှအဆက်အနွယ်ကို၊ သင့်ရာဇပလ္လင်ပေါ်မှာငါတင်မည်။ 12 သင်၏သားတို့သည် ငါ့ပဋိညာဉ်ကိုလည်းေကာင်း၊ ငါသွန်သင်သောသက်သေခံချက်များကိုလည်းေကာင်း၊ စောင့်ထိန်းကြလျှင်၊ သူတို့သားတို့လည်းသင့်ရာဇပလ္လင်ပေါ်မှာ၊ အစဉ်အမြဲစံနေကြရလိမ့်မည်။ 13 ငါထာဝရဘုရားသည် ဇိအုန်မြို့ကိုရွေးချယ်၍ စံတော်မူရာအဖြစ်အလိုတော်ရှိသည့်အလျောက်၊ 14 ဤမြို့ကား၊ ကာလအစဉ်ငါ့စံရာတော်တည်း။ အလိုရှိသည်ဖြစ်၍၊ 15 ငါစံနေလျက်၊ စားနပ်ရိက္ခာကိုအထူးသဖြင့် ငါကောင်းကြီးပေး၍၊ ဆင်းရဲသောမြို့သားတို့ကိုဝစွာကျွေးမည်။ 16 ပရောဟိတ်တို့ကိုကယ်တင်ခြင်းနှင့်ဆင်ယင်သည့်အတိုင်း၊ ကြည်ညိုသူတို့ဥဒါန်းကျူးရကြလိမ့်မည်။ 17 ထိုဌာန၌ဒါဝိဒ်၏ဦးချိုကိုငါတိုးတက်စေလျက်၊ ဘိသိက်တော်ခံမင်းအဖို့မီးခွက်ကို ပြင်ဆင်မည်။ 18 သူ့ရန်သူတို့ကိုအရှက်ကွဲခြင်းနှင့်ငါလွှမ်းခြုံရာ၊ သူ့သရဖူကိုဘုန်းပွင့်စေမည်ဟူ၍တည်း။