9
ဉာဏ်ပညာသည်၊ တိုင်ခုနစ်လုံးကို ရွေ့၍၊ အိမ်ကိုဆောက်လေပြီ။ ဟင်းကောင်များကိုစီရင်လျက် စပျစ်ရည်ကိုရောစပ်၍ စားပွဲပြင်ဆင်လေပြီ။ 3-4 ရံရွေတို့ကို စေလွှတ်ပြီးလျှင်၊ မလိမ္မာသူမည်သူမဆို၊ ဤတွင်လှည့်ဝင်စေဟု၊ မြို့ရှိ အထွဋ်အထိပ်များအပေါ်တွင် ကြွေးကြော်လေ၏။ ဉာဏ်မဲ့သောသူ့အားလည်း၊ လာလော့။ ငါ့မုန့်ကိုစား၍၊ ရောစပ်ပြီးသောစပျစ်ရည်ကိုသောက်လော့။ အသက်ချမ်းသာရစေရန်၊ မလိမ္မာသောသူတို့ကိုစွန့်၍၊ ဉာဏ်ပဋိဘာန်လမ်းကိုလျှောက်လိုက်လော့ဟု မြွက်ဆိုသတည်း။
မထီလေးစားပြုသောသူ့ကို ဆုံးမသူသည်၊ အရှက်ကွဲရလျက်၊ လူဆိုးကိုပဲ့ပြင်သောသူလည်း၊ အစွန်းနှင့်မလွတ်ရာ၊ မထီလေးစားပြုသူ့ကိုမပဲ့ပြင်နှင့်။ ပဲ့ပြင်လျှင်မုန်းထားလိမ့်မည်။​ ပညာရှိကိုပဲ့ပြင်လျင်မူကား၊ ချစ်လိမ့်မည်။ ပညာရှိကိုဆုံးမလျှင်၊ သူ၌ပညာတိုးပွားလိမ့်မည်။ ဖြောင့်မတ်သောသူ့ကိုသွန်သင်လျှင်၊ သူ၌အသိအမြင်များပြားလိမ့်မည်။ 10 ထာဝရဘုရားကို ခန့်ညားသောသဘောသည်၊ ဉာဏ်ပညာ၏အစမူလဖြစ်၏။ သန့်ရှင်းတော်မူသောအရှင်ကိုသိကျွမ်းခြင်းသည်၊ ဉာဏ်ပဋိဘာန်ဖြစ်၏။ 11 သင်၏အသက်တာသည်၊ ငါ့ကြောင့်တိုးတက်၍၊ နှစ်ပေါင်းများစွာရှည်ကြာလိမ့်မည်။ 12 ဉာဏ်ပညာရှိလျှင်၊ ကိုယ်ကျိုးဖြစ်၏။ မထီလေးစားပြုလျှင်၊ ကိုယ့်ပြစ်ခံရလိမ့်မည်။
13 မိုက်မဲသောမိန်းမသည်၊ ဆူညံ၍ မလိမ္မာသဖြင့် အလျှင်းမသိတတ်။ 14 အိမ်တံခါးအနီး၊ မြို့ရှိအထွဋ်အထိပ်တွင်၊ ခုံပေါ်၌ထိုင်လျက်၊ 15-16 မလိမ္မာသူမည်သူမဆို၊ ဤတွင်လှည့်ဝင်စေဟု၊ စိုက်စိုက်လမ်းေလျှာက်ကြသောသူတို့အား၊ ဟစ်ခေါ်လေ၏။ ဉာဏ်မဲ့သောသူအားလည်း၊ ခိုး၍သောက်သောရေသည် ချို၏။ 17 ဝှက်၍စားသောမုန့်လည်း မြိန်ရှက်သည်ဟုဆိုတတ်၏။ 18 ၎င်းအရပ်တွင် သေလွန်သူတို့ရှိကြောင်း၊ မရဏာ့ချောက်ထဲတွင် ထိုမိန်းမခေါ်ဖိတ်ခံရသောသူတို့နေရကြကြောင်းများကို၊ ထိုမလိမ္မာသူမသိချေ။