7
ငါ့သား၊ ငါ့စကားကိုစောင့်ရှောက်၍၊ ငါ့ပညတ်များကို ပိုက်ကျုံးလော့။ အသက်ချမ်းသာရစေရန်၊ ငါ့ပညတ်တရားကို၊ ကိုယ်စက္ခုသူငယ်အိမ်ကဲ့သို့စောင့်ရှောက်လော့။ သင်၏လက်၌ ဆွဲချည်၍၊ နှလုံးတည်းဟူသော ပုရပိုက်ပေါ်တွင် ရေးသားလော့။ 4-5 စကားဖြင့်မြှောက်ပင့်တတ်သောမိန်းမပေါ့၊ မိန်းမရွှင်မှ၊ ကိုယ်ကိုကွယ်ကာစောင့်ထိန်းစေရန်၊ ဉာဏ်ပညာကို အစ်မဟူ၍လည်း‌ေကာင်း၊ ဉာဏ်ပဋိဘာန်ကိုနှမဟူ၍လည်း‌ေကာင်း၊ ခေါ်ဝေါ်လော့။
ငါ့အိမ်လေသာပြူတင်းမှ၊ စီးကြည့်၍ မြင်ရသည်မှာ၊ မလိမ္မာသောသတို့သားများအနက်၊ ဉာဏ်မဲ့သောလူပျိုတစ်ယောက်သည်၊ 8-9 ထိုသို့သောမိန်းမ၏အိမ်အနီး၊ သူ့နေရာလမ်းတွင်ပင်၊ ညဉ့်ဦးယံဆည်းဆာအချိန်၊ ညဉ့်နက်၍ မှောင်မိုက်သောကာလ၊ လမ်းလျှောက်လျက်သီသွားရာ၊ 10 ဆန်းပြားသောမိန်းမသည် ပြည်တန်ဆာအဝတ်ကိုဆင်ယင်၍၊ ကြိုဆိုသည်ကို ငါသိမြင်ခဲ့ပြီ။ 11 ထိုမိန်းမသည်၊ ဆူညံခဲယဉ်းလျက်၊ ကိုယ့်အိမ်၌ ဆောက်တည်ရာမရ။ 12 အိမ်ပြင်ခဏ၊ လမ်းတွင်ခဏနေ၍၊ အရပ်ရပ်သောလမ်းထောင့်များမှာ ချောင်းမြောင်းလေ့ရှိသည့်အတိုင်း၊ 13 ထိုလူပျိုကိုဖက်ယမ်းနမ်းရှုတ်လျက်၊ မျက်နှာပြောင်တိုက်၍ဆိုသည်မှာ၊ 14 ကျွန်မ၌မိတ်သဟာယယဇ်ရှိ၏။ သစ္စာဝတ်ကိုလည်း ယနေ့ပင် ကျွန်မဖြေခဲ့ပြီ။ 15 ထို့ကြောင့်၊ ရှင့်မျက်နှာကိုတွေ့လိုသောစိတ်နှင့်၊ ကြိုဆိုရန်ထွက်လာ၍ တွေ့ခဲ့ပါပြီ။ 16 ကျွန်မ၏ ခုတင်ကိုအိပ်ရာခင်းနှင့်လည်း‌ေကာင်း၊ အိဂျစ်ပြည်မှ ညိုမောင်းသောအထည်နှင့်လည်း‌ေကာင်း၊ ခင်းပါပြီ။ 17 အိပ်ရာကိုလည်း၊ မုရန်၊ အကျော်၊ သစ်ကြံပိုးဖြင့်ထုံပါပြီ။ 18 လာပါ။ နံနက်တိုင်အောင်စုံမက်ခြင်း အာရုံကို ဖျော်ဖြေကြကုန်အံ့။ ချစ်ကြိုက်ပျော်ပါးကြကုန်အံ့။ 19-20 လင်မူကား၊ အိမ်မှာမရှိ။ ငွေအိတ်ကိုဆောင်လျက်၊ ခရီးဝေးစွာသွားလေပြီ။ လပြည့်နေ့မှ ပြန်ရောက်လိမ့်မည်ဟု ဆိုသော်၊ 21 ဤသို့များစွာသွေးဆောင်ခြင်းအားဖြင့် အလိုသို့ပါစေ၍၊ မြှောက်ပင့်သောနှုတ်ခမ်းနှင့်အနိုင်ရသောကြောင့်၊ 22 ထိုလူပျိုသည် အသတ်ခံရာသို့သွားသော နွားကဲ့သို့လည်း‌ေကာင်း၊ ခြေချင်းခတ်၍ ဆုံးမခံရန်သွားသောလူမိုက်ကဲ့သို့လည်း‌ေကာင်း၊ 23 အသက်အန္တရာယ်ဖြစ်မည်ကိုမသိဘဲ၊ ညွှတ်ကွင်းသို့ဝင်မိသော ငှက်ကဲ့သို့လည်း‌ေကာင်း၊ အသည်းအဆုပ်ကို မြှားခွင်းသည့်တိုင်အောင်၊ ထိုမိန်းမနောက်သို့ချက်ချင်းလိုက်သွား လေ၏။ 24 သို့ဖြစ်၍ငါ့သား၊ ငါနှုတ်မြွက်သောစကားကို နာခံနာယူလော့။ 25 ထိုသို့သောမိန်းမ၏ အလေ့အလာကို၊ စိတ်ငဲ့ကွက်လျက်လမ်းမလွဲနှင့်။ 26 လူအများတို့သည် သူ့ကြောင့်နာကျင်ခံရလျက်၊ လဲ၍သေရသူများလေစွတကား။ 27 သူ့အိမ်သည် သေမင်း၏ ဘုံဗိမာန်၊ မရဏာ့နိုင်ငံသို့ ဆင်းသွားဆိုက်ရောက်သောလမ်းဖြစ်သတည်း။