27
တစ်နေ့တည်းတွင် မည်သို့ဖြစ်ပျက်မည်ကိုမသိဘဲလျက်၊ နက်ဖြန်အဖို့မဝါကြွားနှင့်။ ကိုယ့်နှုတ်မဟုတ်၊ သူတစ်ပါးသည်၊ သင့်ကိုချီးမွမ်းပါစေ။ ကိုယ့်နှုတ်ခမ်းမဟုတ်။ သူစိမ်းလည်း၊ သင့်ကိုချီးမွမ်းပါစေ။ ကျောက်ခဲသည်လေး၏။ သဲလည်းလေး၏။ ထိုနှစ်ပါးထက်၊ မိုက်မဲသူ၏ ဒေါသလေး၏။ အမျက်သည်ရက်စက်၏။ ဒေါသလည်းပြင်းထန်၏။ အဘိဇ္စျာ့ရှေ့တွင်မူကား၊ မည်သူခံရပ်နိုင်သနည်း။ ထင်ရှားသောဆုံးမပဲ့ပြင်ခြင်းသည်၊ ဝှက်ထားသောချစ်ခြင်းမေတ္တာထက်၊ သာ၍ကောင်း၏။ ချစ်ခင်သောသူ၏ဒဏ်ချက်သည်၊ သစ္စာကိုစောင့်ထိန်းတတ်၏။ မုန်းထားသူ၏နမ်းခြင်းမူကား၊ လှည့်စားတတ်၏။ စား၍ဝသောသူသည်၊ ပျားလပို့ကိုပင်၊ နင်းချေလိမ့်မည်။ မွတ်သိပ်သောမူကား၊ အခါးဟူသမျှကိုပင်၊ ချိုသည်ဟုထင်လိမ့်မည်။ နေရင်းအရပ်မှခွာ၍ လေလွင့်သောသူသည်၊ အသိုက်မှ ပျံလွင့်သောငှက်နှင့်တူ၏။ နံ့သာဆီနှင့်အထုံသည်၊ စိတ်ကိုရွှင်လန်းစေသကဲ့သို့၊ အပေါင်းအဖော်ပေးသောအကြံလည်း၊ စိတ်ကိုအေးစေတတ်၏။ 10 ကိုယ့်အပေါင်းအဖော်နှင့်အဘ၏အပေါင်းအဖော်ကိုမစွန့်လင့်။ ဘေးသင့်သောကာလ၌ ညီအစ်ကို အိမ်သို့မသွားနှင့်။ အိမ်နီးချင်းသူစိမ်းသည်၊ ဝေးကွာသောညီအစ်ကို ထက်၊ သာ၍ကောင်း၏။ 11 ငါ့သား၊ ငါ့ကိုကဲ့ရဲ့သူ့အား ငါပြန်ချေခွင့်ရစေရန်၊ ပညာရှိလျက် ငါ့စိတ်ကိုရွှင်လန်းစေလော့။ 12 လိမ္မာသောသူသည်၊ ဘေးကိုမျှော်မြင်၍ ပုန်းရှောင်တတ်၏။ မလိမ္မာသောသူတို့မူကား၊ သွားမြဲသွား၍ ဒဏ်ခံရ၏။ 13 သူစိမ်းနှင့် မိန်းမရွှင်တို့အတွက်၊ အာမခံသော သူ၏အဝတ်ကိုပင်၊ ယူ၍ပေါင်ထားပါစေ။ 14 နံနက်စောစောထ၍၊ ကျယ်သောအသံနှင့် အပေါင်းအဖော်အား ကောင်းကြီးပေးသောသူ့ကို၊ ကျိန်ဆဲသောသူဟု ထင်မှတ်ကြလိမ့်မည်။ 15 ရန်ပြုတတ်သောမိန်းမသည်၊ မိုးစွေသည့်နေ့တွင်၊ အစဉ်တစ်စက်စက်ကျသော ရေပေါက်နှင့်တူ၏။ 16 ထိုမိန်းမကိုဆီးတားမည့်သူသည်၊ လေကိုဆီးကာသူနှင့်တူလျက်၊ ညာလက်ဖြင့်ဆီကို ကိုင်ဆုပ်သကဲ့သို့ဖြစ်၏။ 17 သံကိုသံချင်းထက်စေသကဲ့သို့၊ လူကိုလူချင်းကြည်လင်စေ၏။ 18 သဖန်းပင်ကိုစောင့်ထိန်းသောသူသည်၊ သဖန်းသီးကိုစားရလိမ့်မည်။ သခင်ကိုစောင့်သောသူလည်း၊ အသရေကိုခံရလိမ့်မည်။ 19 ရေမှန်၌၊ မျက်နှာချင်းတူသကဲ့သို့၊ လူတို့လည်း၊ စိတ်သဘောချင်းတူကြ၏။ 20 မရဏာ့နိုင်ငံနှင့်ငရဲသည် မရောင့်ရဲနိုင်သကဲ့သို့၊ လူ့မျက်စိလည်းမရောင့်ရဲနိုင်။ 21 မိုက်သည် ငွေကိုလည်းကောင်း၊ ဖိုသည်ရွှေကိုလည်း‌ေကာင်း၊ စစ်ရန်ဖြစ်၏။ လူကိုမူကား၊ ချီးမွမ်းခြင်းစစ်ဆေးတတ်၏။ 22 မိုက်မဲသောသူ့ကို၊ စပါးနှင့်အတူ၊ ဆုံ၌ကျည်ပွေ့ဖြင့် ထောင်းဖွတ်သော်လည်း၊ မိုက်မဲခြင်းသဘောမစင်နိုင်။
23 သင်၏သိုးဆိတ်အုပ်များအဖြစ်အနေကိုသိရန်ဂရုပြုလော့။ 24 အသို့ဆိုသော်၊ ဥစ္စာဘဏ္ဍာသည် အမြဲမတည်တတ်။ သရဖူကိုလည်း အစဉ်အဆက်မခံရ။ 25 မြက်ပင်ကိုရိတ်ထား၍ အငုတ်ပင်နုပေါ်ပေါက်ရာတောင်ယာ ကောက်ပဲကိုလည်း ရိတ်သိမ်းသောကာလ၊ သိုးသားငယ်များသည် ဝတ်စားရန်အဖို့၊ 26 ဆိတ်များလည်း လယ်ဝယ်ရန်အဖို့ဖြစ်သည့်ပြင်၊ 27 သင်မှစ၍ အိမ်သူအိမ်သားတို့အဖို့အစာစားရန်လည်း‌ေကာင်း၊ အစေအပါမများဖို့အသက်မွေးရန်လည်း‌ေကာင်း၊ ဆိတ်နို့ရည်လုံလောက်လိမ့်မည်။