21
ဘုရင်မင်း၏စိတ်နှလုံးသည်၊ ရေမြောင်းများကဲ့သို့ ထာဝရဘုရား၏လက်တော်၌ရှိ၍၊ အလိုတော်အတိုင်းသွယ်စေတော်မူ၏။ ကိုယ်အလေ့အလာရှိသမျှဖြောင့်မှန်သည်ဟု၊ လူသူထင်မြင်သော်လည်း၊ စိတ်နှလုံးကိုကား၊ ထာဝရဘုရားချိန်တော်မူ၏။ ပူဇော်သက္ကာကိုနှစ်သက်တော်မူသည်ထက်၊ တရားသဖြင့်ဖြောင့်မှန်ရာစောင့်ခြင်းကို၊ ထာဝရဘုရားနှစ်သက်တော်မူ၏။ လူဆိုးတို့၏ အလုပ်အကိုင်ဖြစ်သောမျက်နှာမောက်မာခြင်း၊ စိတ်နေမြင့်ခြင်းကား၊ အပြစ်အတိတည်း။ ဝိရိယစိုက်သူ၏အကြံအစည်များသည်၊ ပိုမိုသည့်အဖြစ်သို့လည်း‌ေကာင်း၊ လျင်လွန်းသူရှိသမျှတို့၏အကြံအစည်များလည်း၊ လိုလေသေးသည့်အဖြစ်သို့လည်း‌ေကာင်း၊ ရောက်စေတတ်၏။ မုသာသုံးသောလျှာဖြင့်ဆည်းပူးသောဘဏ္ဍာသည်၊ လေလွင့်သောအခိုးအငွေ့၊ သေခြင်း၏ညွှတ်ကွင်းများဖြစ်၏။ လူဆိုးတို့သည် တရားသဖြင့်မစောင့်လိုသောကြောင့်၊ ကိုယ့်အဓမ္မမှုဖြင့်ဆွဲယူဖျက်ဆီးခံရကြလိမ့်မည်။ အပြစ်ရှိသူ၏ အလေ့အလာသည်၊ ကွေ့ကောက်၏။ သူတော်စင်ပြုသောအမှုကား၊ ဖြောင့်မှန်၏။ ကြီးကျယ်သောအိမ်တွင်၊ ရန်ပြုတတ်သောမိန်းမနှင့်အတူနေသည်ထက်၊ အိမ်မိုးပျဉ်တွင်နေရသော်၊ သာ၍ကောင်း၏။ 10 လူဆိုးသည် အဆိုးကိုစွဲလမ်းသောစိတ်ရှိသည်ဖြစ်၍၊ အပေါင်းအဖော်အား၊ ကျေးဇူးမပြုလို။ 11 မထီလေးစားပြုသောသူ့ကို အပြစ်ဒဏ်စီရင်မှသာ၊ မလိမ္မာသူသည်၊ လိမ္မာလိမ့်မည်။ ပညာရှိသူကား၊ သွန်သင်ခံကာမျှနှင့်အသိပညာတိုးပွားလိမ့်မည်။ 12 ဖြောင့်မတ်တော်မူသောအရှင်သည်၊ လူဆိုး၏ အိမ်ရာကိုဆင်ခြင်စဉ်းစား၍၊ ထိုသို့သောသူတို့ကိုပျက်စီးလေအောင်မှောက်လှန်တော်မူ၏။ 13 နွမ်းပါးသောသူ၏အော်ဟစ်သံကို၊ မကြားလို၍ နားကိုပိတ်ထားသူအော်ဟစ်ရသော်၊ ထူးမည့်သူမရှိ။ 14 လျှို့ဝှက်သောလက်ဆောင်သည်၊ ဒေါသကိုလည်း‌ေကာင်း၊ ရင်ခွင်ရှိတံစိုးသည်၊ ပြင်းထန်သောအမျက်ကိုလည်း‌ေကာင်း၊ ဖြေတတ်၏။ 15 တရားစီရင်ဆုံးဖြတ်ခြင်းသည်၊ ဖြောင့်မတ်သောသူ့အားရွှင်လန်းရာ၊ ဒုစရိုက်ပြုကျင့်သူတို့အား ပျက်စီးရာအကြောင်းဖြစ်၏။ 16 သတိပညာလမ်းလွဲသောသူသည်၊ လူသေတို့ဘောင်တွင် တည်နေရာ၏။ 17 ပျော်ရွှင်ခြင်းကိုခုံမင်သောသူသည်၊ ဆင်းရဲသောအဖြစ်သို့ရောက်လိမ့်မည်။ စပျစ်ရည်နှင့် နံ့သာဆီကို ခုံမင်သောသူလည်း၊ မကြွယ်ဝနိုင်။ 18 လူဆိုးသည်၊ ဖြောင့်မတ်သောသူ့ကိုရွေးနုတ်ရာ။ သစ္စာမဲ့သူလည်း၊ တော်မှန်သောသူ၏ကိုယ်စားပြုရာဖြစ်၏။ 19 စိတ်တို၍ ရန်ပြုတတ်သောမိန်းမနှင့်နေရသည်ထက်၊ တောအရပ်၌နေရသော်၊ သာ၍ကောင်း၏။ 20 ပညာရှိ၏အိမ်၌၊ နှစ်သက်ဖွယ်သောဘဏ္ဍာနှင့်နံ့သာဆီပေါများ၏။ မိုက်မဲသူမူကား၊ ဖြုန်းတီးတတ်၏။ 21 ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကိုလိုက်ရှာသောသူသည်၊ အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ အသရေရှိခြင်းများကိုတွေ့တတ်၏။ 22 ပညာရှိသောသူသည်၊ ခွန်အားကြီးသူတို့၏မြို့ကိုကျော်ဝင်၍၊ ကိုးစားရာအစွမ်းကိုလည်းနှိမ့်ချတတ်၏။ 23 နှုတ်လျှာကို စောင့်စည်းသောသူသည်၊ ကိုယ့်အသက်ကို ဒုက္ခမှ ကွယ်ကာစောင့်ရှောက်ရာရောက်၏။ 24 မာနကြီး၍ ထောင်လွှားတတ်သူသည်၊ ပြည့်လျှံသောထောင်လွှားခြင်း၌ ကျင်လည်သည်ဖြစ်၍၊ မထီလေးစားပြုသူဟုအခေါ်ခံရ၏။ 25 ပျင်းရိသောသူသည်၊ အလုပ်မလုပ်ဘဲ နေလိုသောစိတ်ရှိသည့်အတွက်၊ သေရ၏။ 26 နေ့ရှိသမျှ တပ်မက်ခင်မင်ေသာသူရှိ၏။ ဖြောင့်မတ်သူမူကား၊ မတွန့်တိုဘဲ ပေးကမ်းတတ်၏။ 27 လူဆိုးတို့၏ပူဇော်သက္ကာသည်၊ စက်ဆုပ်ရွံ့ရှာတော်မူဖွယ်ဖြစ်၏။ အပြစ်ပြေလိမ့်မည်ဟု ပူဇော်လျှင်၊ သာ၍ရွံရှာတော်မူဖွယ်ဖြစ်၏။ 28 မမှန်သောသက်သေသည်၊ ပျက်စီးရလိမ့်မည်။ အကြားသက်သေမူကား၊ အစဉ်လျှောက်ထားရလိမ့်မည်။ 29 လူဆိုးသည်၊ မျက်နှာပြောင်တိုက်တတ်၏။​ သူတော်ကောင်းမူကား၊ ကိုယ်အလေ့အလာကို ဆင်ခြင်ပိုင်းခြားတတ်၏။ 30 ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသောဉာဏ်ပညာ၊ ဉာဏၘ်ပဋိဘာန်၊ အကြံအစည်များသည်၊ မတည်နိုင်ချေ။ 31 စစ်မှုနေ့ရက်ကာလအဖို့၊ မြင်းတပ်ကိုပြင်ဆင်သော်လည်း၊ ထာဝရဘုရားအားဖြင့်သာလျှင်အောင်မြင်လိမ့်မည်။