17
1 ရန်တွေ့ခြင်းကို၊ ဖြစ်ပွားစေသောအိမ်လုံးပြည့်ခဲဖွယ်စားဖွယ်ထက်၊ ငြိမ်သက်စွာစားရသောမုန့်ခြောက်တစ်လုပ်စာသည်၊ သာ၍ကောင်း၏။
2 သတိပညာရှိသောကျွန်သည်၊ အရှက်ခွဲသောသားကို အုပ်ချုပ်၍၊ ၎င်းညီအစ်ကိုချင်းတို့နှင့်အတူ၊ အမွေဝေပုံကိုရလိမ့်မည်။
3 မိုက်သည် ငွေကိုလည်းေကာင်း၊ ဖိုသည် ရွှေကိုလည်းေကာင်း၊ စစ်ရန်ဖြစ်၏။ စိတ်နှလုံးမူကား၊ ထာဝရဘုရားစစ်ဆေးတော်မူ၏။
4 လူဆိုးသည်၊ ဒုစရိုက်နှုတ်ခမ်းကို လိုက်နာတတ်၏။ မုသာသုံးသောသူလည်း၊ ဆိုးသွမ်းသောစကားကိုနာခံတတ်၏။
5 သူဆင်းရဲကိုသရော်တတ်သူသည်၊ ဖန်ဆင်းတော်မူသောအရှင်ကိုကဲ့ရဲ့ရာရောက်၏။ ဘေးရောက်သည့်ကာလ၊ ရွှင်လန်းတတ်သောသူလည်းဘေးနှင့်မကင်းမလွတ်ရ။
6 အသက်ကြီးသူတို့၏သရဖူကား၊ မြေးမြစ်တို့တည်း။ သားတို့၏ဘုန်းကား။ အဘတို့တည်း။
7 မွန်မြတ်သောစကားသည်၊ မိုက်မဲသူနှင့်မသင့်လျော်သည်မှန်လျှင်၊ မုသာစကားလည်း၊ သူတော်ကောင်းနှင့်မသင့်မလျော်။
8 တံစိုးပဏ္ဏာသည်၊ ကျောက်မျက်ဖြစ်သည်ဟု ပိုင်ရှင်ထင်မှတ်၍၊ အရာရာ၌မျက်နှာရတတ်၏။
9 လွန်ကျူးမှုကိုဝှက်ထားသောသူသည်၊ မေတ္တာကိုရှာမှီးရာ၊ အထပ်ထပ်မြွက်သူကား၊ မိတ်ဖျက်ရာရောက်၏။
10 မိုက်မဲသူ့အပေါ်တွင်၊ ဒဏ်ချက်တစ်ရာလေးသည်ထက်၊ ဉာဏ်ကောင်းသူ့အပေါ်တွင်၊ ဆုံးမစကားတစ်ခွန်းသည် သာ၍လေး၏။
11 လူဆိုးသည်၊ ပုန်ကန်မှုကိုသာရှာကြံတတ်သောကြောင့်၊ ရက်စက်သောတမန်ကို ထိုသူ့ထံစေလွှတ်ရ၏။
12 မိုက်မဲစွာပြုသောလူဗာလကို တွေ့ရသည်ထက်၊ သားငယ်ပျောက်သောဝံမကို တွေ့ရခြင်းသည်၊ သာ၍ကောင်း၏။
13 အကြင်သူသည်၊ အကောင်းအစားအဆိုးဆပ်ပေးအံ့။ ထိုသူ၏အိမ်သည်၊ အဆိုးနှင့်မကင်းလွတ်လတ္တံ့။
14 ရန်တွေ့ခြင်းအစသည်၊ ရေပေါက်ထွက်သကဲ့သို့ဖြစ်သောကြောင့်၊ မျက်မာန်မထမီ၊ ခိုက်ရန်မှုကို ရှောင်လော့။
15 လူဆိုးကိုဖြောင့်သည်ဟုစီရင်သူ၊ ဖြောင့်သူ့ကို ဆိုးသည်ဟု စီရင်သူနှစ်ဦးသားတို့သည်၊ ထာဝရဘုရား၏မျက်မှောက်တော်၌၊ စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်ကြ၏။
16 မိုက်မဲသောသူသည်၊ ဉာဏ်မရှိသည်ဖြစ်၍၊ ပညာဝယ်ရန်အဖိုးကို၊ အဘယ့်ကြောင့်ကိုင်စွဲခွင့်ရသနည်း။
17 မိတ်ဆွေဖြစ်သူသည်။ အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုလည်း၊ ဒုက္ခကိုကွယ်ကာရန်မွေးဖွားပြီးဖြစ်၏။
18 ဉာဏ်မဲ့သောသူသည်၊ လက်ဝါးရိုက်၍၊ အပေါင်းအဖော်ရှေ့အာမခံတတ်၏။
19 ရန်တွေ့ခြင်းကို နှစ်သက်သောသူသည်၊ လွန်ကျူးမှုကိုနှစ်သက်ရာ၊ အိမ်တံခါးကိုချီးမြှင့်သောသူလည်း၊ ကျိုးပျက်ခြင်းကို ရှာကြံရာရောက်၏။
20 စဉ်းလဲသောစိတ်နှလုံးရှိသူသည်၊ အကောင်းကိုမတွေ့တတ်။ ကောက်ကျစ်သောလျှာရှိသူလည်း၊ အဆိုးထဲသို့ကျရောက်တတ်၏။
21 မိုက်မဲသောသားကိုရသောသူသည်၊ ကိုယ်ကိုဝမ်းနည်းစေတတ်၏။ လူဗာလ၏အဘ၌လည်း၊ ရွှင်လန်းရာအကြောင်းမရှိ။
22 ရွှင်လန်းသောနှလုံးသည်၊ ကာယသန်မာခြင်းအကြောင်း၊ ကြေကွဲသောစိတ်မူကား၊ အရိုးခြောက်ခန်းခြင်းအကြောင်းဖြစ်၏။
23 လူဆိုးသည် တရားလမ်းကိုမှောက်လှန်ရန်၊ ရင်ခွင်မှတံစိုးကိုခံယူတတ်၏။
24 ဉာဏ်ကောင်းသောသူသည်၊ ပညာကိုမျက်မှောက်ပြုတတ်၏။ မိုက်မဲသူ၏ မျက်စိမူကား၊ မြေကြီးစွန်းကိုသာလှမ်းကြည့်တတ်၏။
25 မိုက်မဲသောသားသည်၊ အဘ၏ပူဆွေးရာ၊ မွေးဖွားရသောအမိ၏စိတ်နာရာအကြောင်းဖြစ်၏။
26 ဖြောင့်မတ်သောသူ့ကိုဒဏ်စီရင်ရန်လည်းေကာင်း၊ ဖြောင့်မှန်ခြင်းကိုထောက်၍၊ သူတော်ကောင်းတို့ကို ဒဏ်ခတ်ရန်လည်းေကာင်း၊ မသင့်မလျော်။
27 စကားကို ချုပ်တည်းသောသူသည်၊ အသိပညာရှိသူ၊ ဣန္ဒြေကို စောင့်စည်းသောသူလည်း၊ ဉာဏ်ပဋိဘာန်ရှိသောသူဖြစ်၏။
28 လူမိုက်ကိုပင်၊ ဆိတ်ဆိတ်နေသော်၊ ပညာရှိဟူ၍လည်းေကာင်း၊ နှုတ်ပိတ်လျက်နေသော်၊ ဉာဏ်ကောင်းသည်ဟူ၍လည်းေကာင်း၊ ထင်မှတ်တတ်ကြ၏။