12
ဆုံးမခြင်းကိုနှစ်သက်သောသူသည်၊ အသိပညာကိုနှစ်သက်၏။ ပဲ့ပြင်ခြင်းကို မုန်းထားသူမူကား၊ ဉာဏ်တုံး၏။ သူတော်ကောင်းသည်၊ ထာဝရဘုရားထံမှ ကျေးဇူးတော်ကိုခံစားရလိမ့်မည်။ အဆိုးကြံစည်သူ့ကိုမူကား၊ အပြစ်စီရင်တော်မူလိမ့်မည်။ ဒုစရိုက်အားဖြင့်လူသည်၊ ဆောက်တည်ရာမရ။ ဖြောင့်မတ်သောသူတို့၏အမြစ်မူကား၊ မရွေ့ရ။ နှလုံးရည်ကောင်းသောမိန်းမသည်၊ လင်၌ဦးရစ်သဖွယ်၊ အရှက်ခွဲသောမိန်းမကား၊ လင်၌အရိုးများဆွေးမြေ့ဖွယ်ဖြစ်၏။ သူတော်ကောင်းတို့၏အကြံအစည်သည်၊ တော်မှန်၏။ လူဆိုးတို့ပေးသောအကြံမူကား၊ လှည့်စားတတ်၏။ လူဆိုးတို့၏စကားသည်၊ အသွေးသွန်းရန် ချောင်းမြောင်းရာအကြောင်းဖြစ်၏။ ဖြောင့်မှန်သူတို့၏နှုတ်မူကား၊ ကိုယ်ကိုလွတ်မြောက်စေလိမ့်မည်။ လူဆိုးတို့သည်၊ လဲပြိုလျင် ပျောက်ပျက်ကြလေပြီ။ သူတော်ကောင်းတို့၏အိမ်မူကား၊ တည်မြဲလိမ့်မည်။ လူသည် သတိပညာရှိသည်နှင့်အမျှ၊ ချီးမွမ်းခြင်းကိုခံရ၏။ မှောက်မှားသောသဘောရှိသူကား၊ မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ စားရန်မရှိလျက် ဂုဏ်လုပ်သောသူထက်၊ ကျွန်ပိုင်ဖြစ်၍ ဂုဏ်မလုပ်သောသူသည် မြတ်၏။ 10 သူတော်ကောင်းသည်၊ ကိုယ်၏တိရစ္ဆာန်ကို ထောက်ညှာတတ်၏။ လူဆိုးတို့၏ကရုဏာဟူသမျှကား၊ ရက်စက်ခြင်းတည်း။ 11 လယ်ယာလုပ်သောသူသည်၊ အစာနှင့်ရောင့်ရဲရ၏။ အလဟဿနောက်သို့လိုက်သွားသောသူမူကားဉာဏ်နှင့်ကင်း၏။ 12 လူဆိုးသည်၊ မသူတော်တို့၏ကျော့ကွင်းကိုနှစ်သက်တတ်၏။ သူတော်ကောင်းတို့၏အမြစ်မူကား၊ အပင်ပေါက်တတ်၏။ 13 လွန်ကျူးသောစကားကိုဆိုရာတွင်၊ ဆိုးသောကျော့ကွင်းရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အကျဉ်းအကျပ်မှထွက်မြောက်လိမ့်မည်။ 14 လူသည် နှုတ်၏အသီးနှင့်အညီ၊ အကောင်းနှင့်ရောင့်ရဲရလိမ့်မည်။ လက်ဖြင့်ပြုလုပ်သည်နှင့်အမျှလည်း၊ ဆပ်ပေးခြင်းကိုခံရလိမ့်မည်။ 15 လူမိုက်သည် ကိုယ့်အလေ့လာမှန်သည်ဟု ထင်မြင်တတ်၏။ ပညာရှိမူကား၊ အကြံပေးရာကို ဆင်ခြင်လိမ့်မည်။ 16 လူမိုက်၏အမျက်ဒေါသသည်၊ ရုတ်တရက်ထင်ရှား၏။ လိမ္မာသောသူမူကား၊ အရှက်ကိုဖုံးတတ်၏။ 17 မှန်ကန်ရာကိုပြောဆိုသောသူသည်၊ ဖြောင့်မတ်ရာကိုလည်း‌ေကာင်း၊ မမှန်သောသက်သေသည်၊ လိမ်လည်ရာကိုလည်း‌ေကာင်း၊ ထွက်ဆိုတတ်၏။ 18 သန်လျက်နှင့်ထိုးသကဲ့သို့၊ မစဉ်းစားဘဲပြောဆိုတတ်သောသူရှိ၏။ ပညာရှိတို့လျှာမူကား၊ သန်မာခြင်းသို့ရောက်စေတတ်၏။ 19 သစ္စာနှုတ်ခမ်းသည်၊ အစဉ်မြဲ၏။ မုသာလျှာမူကား၊ ခဏမျှသာတည်၏။ 20 အဆိုးကိုကြံစည်သူတို့၏စိတ်ထဲ၌၊ လှည့်စားခြင်းရှိ၏။ ရန်ငြိမ်းရန်အကြံပေးသူတို့၌မူကား၊ ရွှင်လန်းရာအကြောင်းရှိ၏။ 21 သူတော်ကောင်းသည်၊ ဒုက္ခနှင့်ကြုံကြိုက်ရမည်မဟုတ်။ လူဆိုးတို့မူကား၊ ဘေးဥပဒ်နှင့်ပြည့်လျက်ရှိ၏။ 22 မုသာသုံးသောနှုတ်ခမ်းသည်၊ ထာဝရဘုရားမျက်မှောက်တော်၌ စက်ဆုပ်ရွံရှာဖွယ်၊ သစ္စာစောင့်သောသူတို့သည်၊ နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏။ 23 လိမ္မာသောသူသည်၊ ကိုယ်၏အသိပညာကိုပင် သိုဝှက်တတ်၏။ မိုက်မဲသောသူတို့မူကား၊ ကိုယ်၏မိုက်မဲခြင်းကိုဖော်ပြတတ်၏။ 24 လျင်သောလက်ဖြင့်လုပ်ကိုင်သူသည်၊ အစိုးရလိမ့်မည်။ ပျင်းရိသောသူမူကား၊ အမှုထမ်းရ၏။ 25 စိုးရိမ်သောစိတ်သည်၊ ကိုယ်ကိုညှိုးငယ်စေတတ်၏။ ကျေးဇူးစကားမူကား၊ ရွှင်လန်းစေတတ်၏။ 26 သူတော်ကောင်းသည်၊ အပေါင်းအဖော်အားလမ်းပြတတ်၏။ လူဆိုး၏အလေ့အလာမူကား၊ ကိုယ်ကိုမှောက်မှားစေတတ်၏။ 27 ပျင်းရိသောသူသည်၊ ကိုယ့်အဖို့အမဲဟင်းလျာကိုမရှာ။ လုံ့လဝိရိယမူကား၊ လူ၌ အဖိုးထိုက်သော ဘဏ္ဍာဖြစ်၏။ 28 ဖြောင့်မတ်ခြင်း တရားလမ်း၌ အသက်တည်၍၊ သေဘေးနှင့်လွတ်ကင်းချမ်းသာရ၏။