11
စဉ်းလဲသောချိန်ခွင်ကို၊ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား၊ နှစ်သက်တော်မူ၏။ စိတ်နေမြင့်သောအခါ၊ အရှက်ကွဲရ၏။ စိတ်နှိမ့်ချသူ၌ကား၊ ဉာဏ်ပညာရှိ၏။ ဖြောင့်မှန်သူတို့၏ ရိုးသားသောစိတ်သည်၊ ကိုယ်ကိုလမ်းပြလိမ့်မည်။ သစ္စာမဲ့သူတို့၏ စဉ်းလဲသောစိတ်မူကား၊ ကိုယ်ကိုဖျက်ဆီးလိမ့်မည်။ အမျက်ဒဏ်ခံရသောကာလ၌၊ ဥစ္စာစည်းစိမ်သည် အကျိုးမဲ့ဖြစ်၏။ ဖြောင့်မတ်ခြင်းမူကား၊ သေဘေးမှကယ်လွှတ်တတ်၏။ စုံလင်သူတို့၏ ဖြောင့်မတ်ခြင်းသည်၊ သွားရာလမ်းကိုညီညွှတ်စေ၏။ လူဆိုးမူကား၊ ကိုယ့်ဆိုးသွမ်းခြင်းအားဖြင့်လဲတတ်၏။ သူတော်ကောင်းတို့၏ဖြောင့်မတ်ခြင်းသည်၊ ကိုယ်ကိုကယ်လွှတ်လိမ့်မည်။ သစ္စာမဲ့သူတို့မူကား၊ ကိုယ့်စွဲလမ်းခြင်းနှင့် ကျော့မိကြလိမ့်မည်။ ဆိုးသွမ်းသောသူသေလွန်ရာကာလ၌၊ ကိုယ့်စောင့်စားခြင်း၊ မတရားသဖြင့် ေမျှာ်လင့်ခြင်းသည် ပျက်စီးတတ်၏။ သူတော်ကောင်းသည်၊ အကျဉ်းအကျပ်မှ ထွက်မြောက်၍၊ သူ့အစား၊ လူဆိုးဝင်ရောက်ရ၏။ လူပျက်လူသွမ်းသည်၊ နှုတ်ဖြင့် အပေါင်းအေဖာ်ကို ဖျက်ဆီးတတ်၏။ သူတော်ကောင်းတို့မူကား၊ အသိပညာအားဖြင့် လွတ်မြောက်တတ်ကြ၏။ 10 သူတော်ကောင်းတို့ကောင်းစားကြသောကာလ၊ တစ်မြို့လုံးအားရတတ်၏။ လူဆိုးတို့ဆုံးရှုံးသောကာလ၌လည်း ကြွေးကြော်ခြင်းရှိ၏။ 11 ဖြောင့်မှန်သောသူတို့ပေးသောမင်္ဂလာကြောင့်၊ တစ်မြို့လုံးထွန်းကား၏။ လူဆိုးတို့၏နှုတ်ဖြင့်ကား၊ ပြိုလဲရ၏။ 12 ပညာမဲ့သောသူသည်၊ အပေါင်းအဖော်ကို မထီမဲ့မြင်ပြုတတ်၏။ ဉာဏ်ရှိသောသူမူကား၊ ဆိတ်ဆိတ်နေတတ်၏။ 13 ကုန်းချော၍ သွားလာသောသူသည်၊ လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဖုံးကွယ်တတ်၏။ 14 နိဿရည်းမရှိသော ပြည်သူပြည်သားတို့သည်၊ ပြိုလဲတတ်၏။ အကြံပေးနိုင်သူများလျှင်မူကား၊ ဘေးလွတ်တတ်၏။ 15 သူစိမ်းအတွက် အာမခံသူသည်၊ အမှန်နစ်နာလိမ့်မည်။ လက်ဝါးရိုက်ခြင်းကို မုန်းထားသောသူကား၊ စိတ်ချလက်ချနေရလိမ့်မည်။ 16 ဣန္ဒြေရှိသောမိန်းမသည်၊ ဂုဏ်အသရေကိုရ၏။ ကြောက်မက်ဖွယ်ယောက်ျားတို့သည်၊ စည်းစိမ်ကိုရကြ၏။ 17 ကရုဏာရှိသောသူသည်၊ ကိုယ်ကို ကျေးဇူးပြုရာ၊ ရက်စက်သောသူမူကား၊ ကိုယ်ကိုနှောင့်ရှက်ရာရောက်တတ်၏။ 18 လူဆိုးတို့သည် လုပ်ကိုင်သော်လည်း၊ မှောက်မှားသောအခကိုသာရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား၊ မှန်သောအခကို ရတတ်၏။ 19 ဖြောင့်မတ်ခြင်းတရား၌တည်မြဲသောသူသည်၊ အသက်ချမ်းသာကိုလည်း‌ေကာင်း၊ အဆိုးကိုလိုက်ရှာသောသူသည်၊ သေခြင်းကိုလည်း‌ေကာင်း၊ ခံစားရ၏။ 20 စိတ်ကောက်သောသူတို့သည်၊ ထာဝရဘုရား၏ မျက်မှောက်တော်၌ စက်ဆုပ်ရွံ့ရှာဖွယ်၊ အလေ့အလာစုံလင်သူတို့သည်၊ နှစ်သက်တော်မူဖွယ်ဖြစ်၏။ 21 လူဆိုးတို့သည်၊ အပြစ်ဒဏ်နှင့်မုချမကင်းမလွတ်ရကြ။ သူတော်ကောင်းတို့အမျိုးအနွယ်မူကား၊ လွတ်မြောက်ခွင့်ရရှိကြလိမ့်မည်။ 22 အသိဉာဏ်ကင်းသောမိန်းမ၏အဆင်းလှခြင်းသည်၊ ဝက်၌ဆင်ယင်သောရွှေနှာကွင်းနှင့်တူ၏။ 23 သူတော်ကောင်းတို့သည် ကောင်းရာကိုသာအလိုရှိကြ၏။ လူဆိုးတို့မူကား၊ အမျက်ဒဏ်ကို စောင့်စားရကြ၏။ 24 စွန့်ကြဲ၍ ဥစ္စာတိုးပွားသူရှိ၏။ ပေးသင့်ရာကိုချုပ်ချယ်၍ဆင်းရဲခြင်းသို့ ရောက်သူလည်းရှိ၏။ 25 ပေးကမ်းတတ်သောသူသည်၊ ကြွယ်ဝလိမ့်မည်။ ရေတိုက်သောသူသည်၊ ရေသောက်ခွင့်ရှိရလိမ့်မည်။ 26 စပါးကိုချုပ်ချယ်သောသူ့အား၊ ပြည်သူပြည်သားတို့ဆဲဆိုကြလိမ့်မည်။ ရောင်းချသောသူ၏ဦးခေါင်း၌၊ မင်္ဂလာတည်လိမ့်မည်။ 27 ကောင်းရာကိုကြိုးစားရှာဖွေသောသူသည်၊ ကျေးဇူးကိုရှာဖွေရာရောက်၏။ မကောင်းရာကို လိုက်ရှာသောသူ၌၊ အဆိုးသင့်ရောက်လိမ့်မည်။ 28 ကိုယ့်စည်းစိမ်၌ အားကိုးသောသူသည်၊ လဲရလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား၊ သစ်ရွက်ကဲ့သို့ စိမ်းလန်းကြလိမ့်မည်။ 29 ကိုယ့်အိမ်သူအိမ်သားတို့ကို နှောင့်ရှက်သောသူသည်၊ လေကိုအပိုင်ရလိမ့်မည်။ လူမိုက်လည်း၊ နှလုံးရည်ကောင်းသူ့ထံ၌ ကျွန်ခံရလိမ့်မည်။ 30 သူတော်ကောင်း၏ အကျိုးသည်၊ အသက်ပင်သဖွယ်ဖြစ်၏။ ပညာရှိလည်း၊ သူတစ်ထူးတို့အသက်ကိုကယ်၏။ 31 သူတော်ကောင်းသည်၊ မြေပထဝီပေါ်တွင် ဆပ်ပေးခြင်းခံရသည်မှန်လျှင်၊ လူဆိုးနှင့်အပြစ်သားတို့သည်၊ သာ၍ခံရကြလိမ့်တကား။