ဖိလိပ္ပိဩဝါဒကျမ်း
1
ခရစ်တော်ယေရှု၏ကျွန် ပေါလုနှင့်တိမောသေတို့က သင်းအုပ်၊ သင်းထောက်နှင့်တကွ ခရစ်တော်ယေရှု၌တည်သော ဖိလိပ္ပိမြို့ရှိသီးသန့်ထားတော်မူသူအပေါင်းတို့ထံ ရေးလိုက်သည်မှာ၊ ငါတို့အဘဘုရားသခင်နှင့် အရှင်ယေရှုခရစ်အထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တည်ရှိပါစေသော၊
3-6 သင်တို့၌ကောင်းသောအမှုကိုအစပြုသောအရှင်သည် ယေရှုခရစ်၏နေ့တော်မတိုင်မချင်း စုံလင်အောင်ပြုပြင်တော်မူလိမ့်မည်ဟု ယုံကြည်စိတ်ချသည်နှင့်အညီ ငါသည်သင်တို့ကိုအောက်မေ့လေရာရာ၌ တောင်းလျှောက်သည့်အခါတိုင်း ရွှင်လန်းစွာပဌနာပြုလျက် ပဌမနေ့ရက်မှစ၍ယခုတိုင် သတင်းတော်မြတ်တိုးပွားစေခြင်းအမှု၌ ဆက်ဆံပေါင်းသင်းကြသော သင်တို့ရှိသမျှအဖို့ ငါ့ဘုရားသခင်ကျေးဇူတော်ကို အစဉ်ချီးမွမ်းပါ၏။ သင်တို့ရှိသမျှနှင့်စပ်လျဉ်း၍ ထိုသို့ငါသဘောထားအပ်သည့်အကြောင်းကား ငါသည်အကျဉ်းခံရာ၌လည်းကောင်း၊ သတင်းတော်မြတ်ကိုထောက်ခံတည်စေရာ၌လည်းကောင်း၊ ငါနှင့်အတူကျေးဇူးတော်ကိုဆက်ဆံသူဖြစ်ကြသော သင်တို့အပေါင်းကို ငါအောက်မေ့သောကြောင့်တည်း။ သင်တို့အပေါင်းကို ခရစ်တော်ယေရှု၏မေတ္တာကရုဏာတော်အလျောက် မည်မျှငါလွမ်းဆွတ်ကြောင်း ဘုရားသခင်သိမြင်တော်မူ၏။ 9-11 ငါပဌနာပြုသည်မှာ ဘုရားသခင့်ဘုန်းတော်ထင်ရှားစေခြင်းနှင့် ချီးမွမ်းစေခြင်းအလို့ငှာ ယေရှုခရစ်အားဖြင့်ရသော ဖြောင့်မတ်ခြင်းအသီးနှင့်သင်တို့ သည်ပြည့်စုံ၍ ခရစ်တော်၏နေ့တော်အဖို့ စိတ်ကြည်ဖြူလျက် တိုက်လဲရန်အကြောင်းနှင့်ကင်းလွတ်စေခြင်းငှာ အထူးအမြတ်ကိုသဘောကျအောင် အသိပညာနှင့်သညာအမျိုးမျိုး၌ ချစ်ခြင်းမေတ္တာတိုးပွားကြွယ်ဝမည့်အကြောင်းတည်း။
12 ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်ရာများသည် သတင်းတော်မြတ်ကိုမမြစ်တားဘဲ တိုးပွားစေသဖြင့်၊ 13 ကိုယ်ရံတော်တစ်တပ်လုံးမှစ၍ အခြားသောသူအပေါင်းတို့တွင်အကျဉ်းခံရခြင်းသည် ခရစ်တော်နှင့်စပ်ဆိုင်ကြောင်း ထင်ရှားသည့်ပြင်၊ 14 ညီအစ်ကိုများတို့လည်း ငါအကျဉ်းခံရခြင်းကြောင့် အရှင်ဘုရားကိုယုံကြည်စိတ်ချ၍ ကြောက်ရွံခြင်းမရှိဘဲ ဘုရားသခင်တရားတော်ကို သာ၍ဟောပြောဝံ့ကြကြောင်း ငါသိစေလို၏။ 15 အချို့တို့သည် ငြူစူရန်လိုသောစိတ်နှင့်လည်းကောင်း၊ အချို့တို့သည်စေတနာစိတ်နှင့်လည်းကောင်း၊ ခရစ်တော့်အကြောင်းကိုဟောပြောကြ၏။ 16 ဤသူတို့ကား ငါသည်သတင်းတော်မြတ်ကိုထောက်ခံရန် ခန့်ထားတော်မူသူဖြစ်ကြောင်းသိ၍ မေတ္တာအလျောက် ခရစ်တော့်အကြောင်းကိုကြော်ငြာကြ၏။ 17 ထိုသူတို့မူကား ကြည်လင်သောစိတ်မရှိ။ ငါအကျဉ်းခံရသည်တွင် စိတ်ဒုက္ခထပ်ရောက်စေရန်အကြံနှင့် ဖီဆန်လိုသောစိတ်အလျောက် ကြော်ငြာကြ၏။ သို့ဖြစ်လျင်မည်သို့နည်း။ 18 ပရိယာယ်နှင့်ဖြစ်စေ၊ သစ္စာနှင့်ဖြစ်စေ၊ အနည်းနည်းအားဖြင့် ခရစ်တော်၏အကြောင်းကို ကြော်ငြာခြင်းရှိပြီဖြစ်၍ ငါရွှင်လန်း၏။ နောင်၌လည်းရွှင်လန်းဦးမည်။ 19-20 အသို့ဆိုသော် ငါသည်မည်သည့်အရာ၌မျှအရှက်မကွဲရဘဲ အခါခပ်သိမ်းနည်းတူ ယခုလည်းရဲရင့်ခြင်းနှင့်ပြည့်စုံ၍ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ့ကိုယ်ခန္ဓာဖြင့်ခရစ်တော်၏ ဘုန်းတော်ကိုထင်ရှားစေမည်ဟု အားကြီးစွာတောင့်တမျှော်လင့်သည်နှင့်အညီ သင်တို့တောင်းလျှောက်ခြင်း၊ ယေရှုခရစ်၏ဝိညာဉ်တော်မစခြင်းများကြောင့် ဆိုခဲ့သောအကြောင်းအရာသည် ငါ့ကိုကယ်တင်သောအကြောင်းအရာဖြစ်မည်ဟု ငါသိ၏။ 21 ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေသည့်အရာမှာ အမြတ်အစွန်းဖြစ်၏။ 22 သို့ရာတွင် ကိုယ်ခန္ဓာ၌အသက်ရှင်ခြင်းသည် ငါ့အလုပ်၏အသီးဖြစ်မည်ဆိုလျှင် မည်သည်ကိုရွေးယူရမည်ဟုငါမသိ။ 23-24 ငါ့ဆန္ဒအလျောက်ထွက်သွား၍ ခရစ်တော်နှင့်အတူနေသော် အလွန်သာယာမည်ကိုသော်လည်းကောင်း၊ ရုပ်ခန္ဓာ၌ရှိနေသော် သင်တို့အကျိုးမြတ်မည်ကိုလည်းကောင်းထောက်၍ ဒွိဟ၌ကျဉ်းကျပ်လျက်နေစဉ်၊ 25-26 ငါသည်သင်တို့နှင့်အတူ နေပြန်ခွင့်ရသည့်အလျောက် ငါ့အတွက်ကြောင့် ခရစ်တော်ယေရှုအားဖြင့် ကြွယ်ဝစွာဂုဏ်တင်ရကြေစခြင်းငှာလည်းကောင်း၊ ယုံကြည်ခြင်းတရား၌သင်တို့တိုးပွား၍ ရွှင်လန်းရခြင်းငှာလည်းကောင်း၊ ငါရှင်သေးလျက် သင်တို့နှင့်အတူတည်နေမည်ဟု စိတ်ချစွာသိလေ၏။ 27-28 သို့ရာတွင် သင်တို့ထံငါလာ၍ တွေ့မြင်ရသည်ဖြစ်စေ၊ ကွဲကွာလျက်ကြားရသည်ဖြစ်စေ၊ သင်တို့သည်တစ်စိတ်တည်း၌တည်ကြည်လျက် သတင်းတော်မြတ်ကို ယုံကြည်ခြင်းတရားအဖို့ တစ်သဘောတည်းနှင့်လုံ့လထုတ်လျက် ဆန့်ကျင်ဘက်ပြုသူတို့အား ကြောက်ရွံခြင်းအလျဉ်းမရှိဘဲနေကြကြောင်း ငါသိရအံ့သောငှာ ပြည်တော်သားချင်းတို့အဖြစ် ခရစ်တော်၏သတင်းတော်မြတ်နှင့်ထိုက်လျော်စွာ ပြုမူကြလော့။ ထိုသို့သောသဘောသည် ရန်သူတို့၌ပျက်စီးခြင်း၊ သင်တို့၌ကယ်တင်ခြင်းအကြောင်း ဘုရားသခင့်အထံတော်မှ သက်သေဖြစ်၏။ 29-30 အသို့ဆိုသော် ခရစ်တော်ကိုယုံကြည်ခွင့်သာမဟုတ်။ ငါ၌မြင်ရဖူးသည့်၊ ယခုလည်းကြားရသည့် တိုက်လှန်ခြင်းမျိုးကို တွေကြုံလျက် ခရစ်တော်အတွက်ကြောင့် ဒုက္ခခံခွင့်ကို သင်တို့အားပေးသနားတော်မူလေပြီ။