6
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ အကြင်သူသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရားအဖို့ ကိုယ်ကိုသီးခြားထားလျက်ပရဗိုဇ်ဂိုဏ်းဆိုင်ရာအထူးသစ္စာဝတ်ထားအံ့။ ထိုသူသည် စပျစ်ရည်၊ သေရည်သေရက်ကိုပယ်လျက် သေရည်သေရက်ချဉ်၊ စပျစ်ရည်ချဉ်၊ စပျစ်ရည်ချို၊ စပျစ်သီးအစိုအခြောက်ကိုမသုံးဆောင်ရဘဲ၊ သီးခြားနေသမျှကာလပတ်လုံး အစေ့အခွံမှစ၍ စပျစ်ပင်နှင့်စပ်လျဉ်းသမျှကို မသုံးဆောင်ရ။ သစ္စာဝတ်အတိုင်း သီးခြားနေသမျှကာလပတ်လုံး ဦးဆံမရိတ်ရ။ ထာဝရဘုရားအဖို့ကိုယ်ကို သီးခြားထားသောအဓိဋ္ဌာန်ရက်မစေ့မချင်း သီးသန့်သဖြင့်ဦးဆံရှည်လျားစေ။ ထာဝရဘုရားအဖို့ ကိုယ်ကိုသီးခြားထားသမျှကာလပတ်လုံး သူသေအလောင်းရှိရာမဝင်ရသည်နှင့်၊ မိဘ၊ ညီအစ်ကို၊ မောင်နှမသေသော်လည်း ဦးခေါင်းပေါ်တွင်ဘုရားသခင့်အဖို့ သီးခြားခြင်းလက္ခဏာရှိသောကြောင့် ကိုယ်ကိုမသန့်အောင်မပြုရ။ သီးခြားနေသမျှကာလပတ်လုံး ထာဝရဘုရားအဖို့ သီးသန့်သည့်အလျောက်၊ အနီးတွင်တစ်စုံတစ်ယောက်ရှောင်တခင်သေသဖြင့် သီးခြားသောဦးခေါင်းမသန့်ရာရောက်ခဲ့လျှင် သန့်ရာရောက်သောသတ္တမနေ့တွင် ဦးဆံရိတ်လျက်၊ 10 အဌမနေ့၌ ချိုးနှစ်ကောင်ဖြစ်စေ၊ ခိုနှစ်ကောင်ဖြစ်စေ၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီး ပရောဟိတ်ထံဆောင်သွင်းစေ။ 11 ပရောဟိတ်လည်း အပြစ်ဖြေရာသက္ကာအဖြစ်တစ်ကောင်၊ မီးရှို့ရာသက္ကာအဖြစ်တစ်ကောင်ဆက်ကပ်၍ သူသေအလောင်းကြောင့် ပြစ်မှားမိသောအပြစ်အဖို့ဖြေခြင်းကိုပြုရမည်။ ထိုသူသည် နေ့ချင်းပင်ဦးခေါင်းကို သီးသန့်ထားပြန်၍၊ 12 မသန့်ရာရောက်သည့်အတွက် သီးခြားနေခဲ့သောအဓိဋ္ဌာန်ရက်ပျက်သောကြောင့် ပြစ်ဒဏ်ပြေရာသက္ကာအဖြစ် အခါလည်သောသိုးသားငယ်တစ်ကောင်ကို ဆောင်သွင်းလျက် ထာဝရဘုရားအဖို့ပျက်ခဲ့သော အဓိဋ္ဌာန်ရက်နှင့်အမျှ သီးခြားထားရဦးမည်။
13 သီးခြားနေသောကာလစေ့သော် ပရဗိုဇ်ဂိုဏ်းသားဝတ္တရားကား၊ တွေ့ဆုံရာတဲတော်မုတ်ဝသို့ ခေါ်ဆောင်သောထိုသူသည်၊ 14 မီးရှို့ရာသက္ကာအဖြစ် ကြန်အင်စုံလျက် အခါလည်သောသိုးသားငယ်အထီးတစ်ကောင်၊ အပြစ်ဖြေရာသက္ကာအဖြစ် ကြန်အင်စုံလျက် အခါလည်သောသိုးသားငယ်မတစ်ကောင်၊ မိတ်သဟာယသက္ကာအဖြစ် ကြန်အင်စုံသောသိုးထီးတစ်ကောင်များကိုလည်းကောင်း၊ 15 ဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ မုန့်ညက်နှင့်လုပ်၍ ဆီရောသောတဆေးမဲ့မုန့်ပေါက်၊ ဆီလူးသောတဆေးမဲ့မုန့်ချပ်များနှင့်ပြည့်သော တောင်းတစ်လုံးကိုလည်းကောင်း ထာဝရဘုရားထံဆောင်သွင်းလှူဒါန်းရာ၊ 16 ပရောဟိတ်သည် ထာဝရဘုရားထံတင်သွင်းပြီးလျှင် အပြစ်ဖြေရာသက္ကာ၊ မီးရှို့ရာသက္ကာဆက်ကပ်ခြင်း၊ 17 တဆေးမဲ့မုန့်နှင့်တကွ မိတ်သဟာယပူဇော်ရာသက္ကာအဖြစ် သိုးထီးကိုထာဝရဘုရားထံဆက်ကပ်ခြင်း၊ ဆိုင်ရာဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာဆက်ကပ်ခြင်းများကို ပြုရမည်။ 18 ပရဗိုဇ်ဂိုဏ်းသားသည် တွေ့ဆုံရာတဲတော်မုတ်ဝအနီး သီးခြားခြင်းဆိုင်ရာဦးဆံကိုရိတ်ပြီးလျှင် မိတ်သဟာယပူဇော်သက္ကာအောက်မီးတွင် ထည့်ရမည်။ 19 ပရောဟိတ်လည်း ပြုတ်ပြီးသိုးထီးလက်၊ တောင်းရှိတဆေးမဲ့မုန့်ပေါက်တစ်လုံး၊ မုန့်ချပ်တစ်ချပ်များကိုယူ၍ သီးခြားခြင်းဆိုင်ရာဦးဆံရိတ်ပြီးသူ၊ ပရဗိုဇ်ဂိုဏ်းသားလက်ပေါ်တွင် တင်ထားပြီးနောက်၊ 20 ဦးတိုက်ရာရင်ထူး၊ မြှောက်ဆက်ရာပေါင်များနည်းတူ ပရောဟိတ်အဖို့သီးသန့်ရာအပိုင်ဖြစ်သော ထိုဝတ္ထုများကို ဦးတိုက်ရာအလှူအဖြစ် ထာဝရဘုရားရှေ့ဦးတိုက်ပြီးမှ ပရဗိုဇ်ဂိုဏ်းသားသည် စပျစ်ရည်သောက်ခွင့်ရလိမ့်မည်။ 21 သစ္စာဝတ်ထားသောပရဗိုဇ်ဂိုဏ်းသားဝတ်တရား၊ လက်ဝယ်ရှိသောအခြားဝတ္ထုမဆိုဘဲ သီးခြားခြင်းကိုရည်လျက် ထာဝရဘုရားအားလှူဒါန်းရသောတရားကား ထိုသို့တည်း။ သစ္စာထားသည့်အတိုင်း သီးခြားနေခြင်းဆိုင်ရာတရားနှင့်အညီ ပြည့်စုံရမည့်အကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
22-23 တစ်ဖန်မောရှေအား ထာဝရဘုရားက ဣသရေလအမျိုးသားတို့အား ကောင်းကြီးမင်္ဂလာပေးကြရသောနည်းကား၊ 24 ထာဝရဘုရားသည် သင့်ကိုကောင်းကြီးပေး၍ စောင့်ထိန်းတော်မူပါစေသော။ 25 ထာဝရဘုရားသည် မျက်နှာတော်ရောင်ခြည်လွှတ်၍ ကရုဏာသက်တော်မူပါစေသော။ 26 ထာဝရဘုရားသည် မျက်နှာသာပေး၍ ချမ်းသာသနားတော်မူပါစေသောဟူသောမင်္ဂလာစကားကို အာရုန်နှင့်သားတို့အားဆင့်ဆိုလော့။ 27 ဣသရေလအမျိုးသားတို့၌ ငါ၏နာမကိုထိုသို့တည်စေကြလျှင် ငါလည်းကောင်းကြီးပေးမည်ဟု မိန့်တော်မူ၏။