5
1-3 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ငါစံနေသောတပ်စခန်း မညစ်ညူးစေခြင်းငှါ နူနာစွဲသူ၊ ရိယိုသူ၊ သူသေအလောင်းကြောင့်မသန့်သူ၊ ယောက်ျားမိန်းမဟူသမျှကို တပ်စခန်းပြင်သို့နှင်ထုတ်ကြရမည့်အကြောင်း ဣသရေလအမျိုးသားတို့အားဆင့်ဆိုလော့ဟု မိန့်တော်မူသည့်အတိုင်း၊ ဣသရေလအမျိုးသားတို့လိုက်နာ၍ တပ်စခန်းပြင်သို့နှင်ထုတ်ကြ၏။
5-6 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ အကြင်သူသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရားအားလွန်ကျူးလျက်၊ သူတစ်ပါးကိုပြစ်မှား၍ ပြစ်ဒဏ်ခံထိုက်အံ့။ ထိုသူသည် ပြစ်မှားသောအပြစ်ကိုဖော်ပြပြီးလျှင် ခံရသူ့အား အဓမ္မရသောဥစ္စာအပြည့်အစုံပြင် ဆယ်ဖို့တစ်ဖို့တိုး၍ပြန်ပေးစေ။ ဥစ္စာကိုခံထိုက်သူအမွေဆိုင်ပြတ်လျှင် ချင့်အပြစ်အဖို့ဖြေခြင်းကိုပြုအပ်သောသိုးထီးမှတစ်ပါး ထိုအဓမ္မဥစ္စာလည်း ထာဝရဘုရားပိုင်ရာတော်၊ ပရောဟိတ်ပိုင်ရာဖြစ်သတည်း။ ပရောဟိတ်အား ဣသရေလအမျိုးသားတို့တင်သွင်းသော သီးသန့်ရာအလှူဒါနတိုင်း၊ ပရောဟိတ်ပိုင်ဖြစ်သည်နှင့် 10 ဒါယကာအသီးအသီးတို့သီးသန့်ထားလျက် ပရောဟိတ်ထံလှူဒါန်းကြသောဝတ္ထုတိုင်း ထိုပရောဟိတ်ပိုင်ဖြစ်ကြောင်း ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။
11-12 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ လင်ရှိမိန်းမသည် လင့်ဝတ်ကိုသွေဖီ၍ဖောက်ကျော်ရာ၊ 13 သက်သေမရှိ၊ မဖမ်းမိဘဲ၊ သူတစ်ပါးနှင့်လျို့ဝှက်စွာဆက်ဆံသဖြင့် ရှုတ်ချခြင်းခံသည်ကို လင်မသိလျက်ပင်၊ 14 ရှုတ်ချခံသည့်မိန်းမကို မရှုဆိတ်သောသဘောရောက်၍ မသင်္ကာသော်လည်းကောင်း၊ ရှုတ်ချမခံသော်လည်း မိန်းမကိုမရှုဆိတ်သောသဘောရောက်၍ မသင်္ကာသော်လည်းကောင်း၊ 15 လင်သည်မိန်းမကို ပရောဟိတ်ထံပို့သွင်းစေ။ အမှုဆိုင်ရာအလှူဒါန၊ မုယောမုန့်ညက်တစ်စရွတ်ကိုလည်း သင်္ကာရှင်းရာဘောဇဉ်သက္ကာ၊ ဒုစရိုက်ကိုသတိပြုတော်မူဖွယ် ဘောဇဉ်သက္ကာဖြစ်သည်နှင့်အညီ ဆီလောင်းခြင်း၊ လောဗန်တင်ခြင်းမပြုဘဲ တင်သွင်းစေ။ 16 ပရောဟိတ်သည် ထိုမိန်းမကို ထာဝရဘုရားရှေ့သွင်းထားပြီးလျှင်၊ 17 မြေအိုးတွင်ထည့်သောသီးသန့်ရာရေ၌ စံရာတော်တလင်းရှိမြေမုန့်ကိုယူထည့်၍၊ 18 ထာဝရဘုရားရှေ့ထားသော မိန်းမ၏ဦးဆံကိုဖြည်လျက် သင်္ကာရှင်းရာဘောဇဉ်သက္ကာ၊ သတိပြုတော်မူဖွယ်ဘောဇဉ်သက္ကာကို ထိုမိန်းမလက်သို့အပ်ပြီးနောက် အမင်္ဂလာဖြစ်စေသောနစ်နာခြင်းရေကို ကိုင်ယူသောပရောဟိတ်သည် မိန်းမအားသစ္စာမူစေ၍ဆိုရမည်မှာ၊ 19 သင်သည် လင့်ဝတ်အောက်နေလျက် ညစ်ညူးရာသို့မသွေဘဲ သူတစ်ပါးနှင့်မဆက်ဆံသည်မှန်လျှင် အမင်္ဂလာဖြစ်စေသော ဤနစ်နာခြင်းရေဘေးကင်းလွတ်စေ။ 20 လင့်ဝတ်အောက်နေလျက် သွေဖီ၍တစ်ပါးယောက်ျားနှင့်ဆက်ဆံသဖြင့် ရှုတ်ချခံသည်မှန်လျင်မူကား၊ 21-22 ထာဝရဘုရားသည် သင်၌ပေါင်သိမ်ခြင်း၊ ဝမ်းဖောခြင်းဖြစ်စေသဖြင့် ဆွေမျိုးသားချင်းတို့ဘောင်တွင်ကျိန်ဆိုရာ၊ ဆဲရေးရာ၊ ရောက်စေတော်မူပါစေသော။ အမင်္ဂလာဖြစ်စေသော ဤရေသည် သင့်ဝမ်းတွင်းသို့ရောက်၍ ဝမ်းဖောခြင်း၊ ပေါင်သိမ်ခြင်းဖြစ်စေလိမ့်မည်ဟုဆိုလျက် အမင်္ဂလာအကျိန်ထိုက်သည့်အတိုင်း မိန်းမက အာမင်၊ အာမင်ဟုဝန်ခံစေ။ 23 ပရောဟိတ်သည် ဤအမင်္ဂလာစကားများကိုပုရပိုက်တွင်ရေး၍ နစ်နာခြင်းရေသို့ဖျက်ထည့်ပြီးလျှင်၊ 24 အမင်္ဂလာဖြစ်စေသောထိုရေကို မိန်းမအားတိုက်ရာ ရေဝင်၍နစ်နာစေလိမ့်မည်။ 25 ပရောဟိတ်သည် သင်္ကာရှင်းရာဘောဇဉ်သက္ကာကို မိန်းမလက်မှယူ၍ ထာဝရဘုရားရှေ့ဦးတိုက်လျက် ပူဇော်ရာပလ္လင်တော်သို့ဆောင်သွင်းပြီးလျှင်၊ 26 မှတ်သားတော်မူဖွယ်အဖြစ် သဲ့ယူသောတစ်လက်ဆွန်းကို ပလ္လင်တော်ပေါ်တွင်မီးဖြင့်ပူဇော်ပြီးနောက် ထိုရေကိုမိန်းမအားတိုက်စေ။ 27 မိန်းမသည် လင့်ဝတ်ကိုဖောက်ကျော်၍ ရှုတ်ချခံသည်မှန်လျှင် သောက်ပြီးအမင်္ဂလာဖြစ်စေသော ထိုရေဝင်၍နစ်နာစေသဖြင့် ဝမ်းဖောခြင်း၊ ပေါင်သိမ် ခြင်းခံရသည့်အလျောက် ဆွေမျိုးသားချင်းတို့ဘောင်တွင် ကျိန်ဆဲရာရောက်လိမ့်မည်။ 28 ရှုတ်ချမခံ၊ စင်ကြယ်လျှင်မူကား ဘေးလွတ်၍ သန္ဓေတည်ခွင့်ရလိမ့်မည်။ 29 သင်္ကာရှင်းရာတရားကား ထိုသို့တည်း။ လင်ရှိမိန်းမသည် လင့်ဝတ်အောက်နေလျက် သွေဖီ၍ရှုတ်ချခံသော်လည်းကောင်း၊ 30 လင်သည် မယားကိုမရှုဆိတ်သောသဘောရောက်၍ မသင်္ကာသော်လည်းကောင်း၊ ထာဝရဘုရားရှေ့ထားပြီးလျှင် ထိုမိန်းမ၌ဤတရားကို ပရောဟိတ်အပြည့်အစုံစီရင်ရမည်။ 31 ယောက်ျားသည် ဒုစရိုက်နှင့်ကင်းလျက် မိန်းမသည် ကိုယ့်ဒုစရိုက်ဝန်ကိုထမ်းလျက်နေကြရကြောင်း ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။