4
မောရှေနှင့်အာရုန်တို့အား ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ 2-3 လေဝိအနွယ်သားတို့အနက် ကောဟတ်သားတို့တွင် အသက်သုံးဆယ်ကငါးဆယ်အထိ တွေ့ဆုံရာတဲတော်ကံကျွေးအလုပ်ဝင်၍ ဆောင်ရွက်သူတို့ကို အဆက်အနွယ်၊ အိမ်ထောင်များအလိုက် စာရင်းကောက်ကြလော့။ တွေ့ဆုံရာတဲတော်မှစသော အထူးသန့်ရှင်းရာများနှင့်စပ်လျဉ်း၍၊ ကောဟတ်သားတို့တာဝန်မှာ အာရုန်နှင့်သားတို့သည် တပ်တော်ထွက်ချီတိုင်းဝင်၍ ဖြုတ်ချသောကာရန်ကန့်လန့်ကာဖြင့် သက်သေတော်သေတ္တာကိုထုတ်ပြီးလျှင်၊ ဖျံရေဖုံးလျက် အပြာထည်ထပ်မံခင်းအုပ်၍ ထမ်းပိုးများလျှိုခြင်း၊ တင်မြဲတင်သောမုန့်တော်ပါ ရှေ့တော်မုန့်တင်စားပွဲပေါ်တွင် အပြာထည်ခင်းပြီးလျှင် လင်ပန်း၊ ခွက်၊ ဖလား၊ သွန်းလောင်းရန်တကောင်းများကိုတင်၍၊ အနီထည်ခင်းထုပ်လျက်၊ ဖျံရေထပ်မံဖုံးအုပ်လျက်၊ ထမ်းပိုးများလျှိုခြင်း၊ မီးခုံတော်နှင့်ဆိုင်ရာ မီးခွက်၊ မီးညှပ်၊ မီးစာခံ၊ ဆီအိုးများကို အပြာထည်ဖြင့်ထုပ်ပြီးလျှင် အသုံးအဆောင်ဟူသမျှပါ၊ 10 ဖျံရေအိတ်တွင်ထည့်လျက် ထမ်းပိုးလျှိုခြင်း၊ 11 ပူဇော်ရာရွှေပလ္လင်တော်ပေါ်တွင် အပြာထည့်ခင်းပြီးလျှင် ဖျံရေအုပ်လျက်၊ ထမ်းပိုးများလျှိုခြင်း၊ 12 သန့်ရှင်းရာဌာနတော်တွင် သုံးသောကိရိယာများကိုယူပြီးလျှင် အပြာထည်အိတ်တွင်ထည့်လျက် ဖျံရေဖြင့်ဖုံး၍ထမ်းပိုးလျှိုခြင်း၊ 13 ပူဇော်ရာပလ္လင်တော်မှပြာကို ကော်ယူ၍ အမောင်းထည်ခင်းထုတ်ပြီးလျှင်၊ 14 ပလ္လင်တော်၌ သုံးရာမီးကျီးခံ၊ ခက်ရင်း၊ ကော်ပြား၊ အင်တုံ အစရှိသောကိရိယာဟူသမျှကိုတင်၍ ဖျံရေခင်းအုပ်လျက် ထမ်းပိုးများလျှိုခြင်းကိုပြုကြရမည်။ 15 ထိုသို့တပ်တော်ထွက်ချီတိုင်း သန့်ရှင်းရာဌာနတော်နှင့် ဆိုင်ရာကိရိယာရှိသမျှကို အာရုန်နှင့်သားတို့ထုပ်ပိုးပြီးမှ ကောဟတ်သားတို့ထမ်းဆောင်ရန် ချဉ်းကပ်ကြစေ။ သို့ရာတွင် သေမည်စိုးသဖြင့် သန့်ရှင်းရာများကို မထိမကိုင်ကြရ။ တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်း၍ ကောဟတ်သားတို့တာဝန်ကား ထိုသို့ပင်တည်း။ 16 ပရောဟိတ်အာရုန့်သား ဧလာဇာ၏ဝတ္တရားကား မီးပူဇော်ရန်ဆီ၊ တင်ရှို့ရာအသင်းအထုံ၊ ဆက်မြဲဘောဇဉ်သက္ကာ၊ ဘိသိက်သွန်းရန်ဆီများတည်း။ ၎င်းပြင်စံရာတော်နှင့်ပါရှိသမျှသောသန့်ရှင်းရာများ၊ ကိရိယာများကိုကြီးကြပ်ရမည်ဟု မိန့်တော်မူ၏။
17 တစ်ဖန်မောရှေနှင့်အာရုန်တို့အား ထာဝရဘုရားက၊ 18 လေဝိအနွယ်သားတို့တွင် ကောဟတ်အဆက်အနွယ်များကို မပြတ်စေရ။ 19 အထူးသန့်ရှင်းရာများသို့ ချဉ်းကပ်ကြသည့်ကာလ၊ သေဘေးကင်း၍ အသက်ရှင်နေခွင့်ရစေခြင်းငှါစီရင်ရမည်မှာ အာရုန်နှင့်သားတို့ဝင်နှင့်လျက် အသီးအသီးလုပ်ငန်းတာဝန်ကိုစီမံကြစေ။ 20 ထိုသူတို့မှာမူ သေကြမည့်စိုး၍ သန့်ရှင်းရာများကို ကြည့်ရုံမျှမဝင်မကြည့်ကြရဟု မိန့်တော်မူ၏။
21 မောရှေအား ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ 22-23 ဂေရရှုံ့သားတို့တွင်လည်း အသက်သုံးဆယ်ကငါးဆယ်အထိ တွေ့ဆုံရာတဲတော်ကံကျွေးအလုပ်လုပ်ရန် ဝင်အပ်သူတို့ကို အဆက်အနွယ်၊ အိမ်ထောင်များအလိုက် ရေတွက်စားရင်းကောက်လော့။ 24 ဂေရရှုံ့အဆက်အနွယ်တို့သည် အစေခံလျက်၊ ထမ်းလျက်၊ ဆောင်ရွက်ရသောတာဝန်ကား၊ 25 စံရာတော်တင်းတိမ်ရံ၊ တွေ့ဆုံရာတဲတော်အမိုး၊ ထပ်ဆင့်မိုး၊ အထက်ထပ်ဖျံရေမိုး၊ တွေ့ဆုံရာတဲတော်မုတ်ဝကန့်လန့်ကာ၊ 26 စံရာတော်နှင့် ပူဇော်ရာပလ္လင်တော်ပတ်လည်တံတိုင်းတင်းတိမ်ရံ၊ တံတိုင်းမုတ်ဝကန့်လန့်ကာ၊ ကြိုးများမှစသော သုံးရာကိရိယာများကို ထမ်းဆောင်ရသည့်ပြင် အသုံးပြုလေရာရာတွင်ပင် ဆောင်ရွက်ကြရမည်။ 27 ၎င်းတို့တာဝန်ကို သင်တို့သေချာစွာစီမံသည့်အလျောက် ဂေရရှုံ့သားတို့သည် အာရုန်နှင့်သားတို့အမိန့်အတိုင်း ထမ်းလျက်၊ အစေခံလျက်၊ အလုံးစုံဆောင်ရွက်ကြရမည်။ 28 တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်း၍ ဂေရရှုံ့အဆက်အနွယ်တို့တာဝန်ကား၊ ထိုသို့ဖြစ်၏။ ၎င်းတို့လုပ်ငန်းမှာ ပရောဟိတ်အာရုန့်သား ဣသမာ့လက်အောက်ဖြစ်သတည်း။
29-30 မေရာရိသားတို့တွင်လည်း အသက်သုံးဆယ်ကငါးဆယ်အထိ၊ တွေ့ဆုံရာတဲတော်ကံကျွေးအလုပ်ဝင်၍ ဆောင်ရွက်သူတို့ကို အဆက်အနွယ်၊ အိမ်ထောင်များအလိုက် ရေတွက်လော့။ 31 တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်း၍ အစေခံရသည့်အတိုင်း ထမ်းဆောင်ရန်လုပ်ငန်းကား စံရာတော်ဘောင်ခွေ၊ ကန့်လန့်ကျင်၊ တိုင်၊ အောက်ခံခုံ၊ 32 ပတ်လည်တံတိုင်းတိုင်၊ အောက်ခံခုံ၊ ကြက်ဆူး၊ ကြိုးများမှစသောသုံးရာကိရိယာများတည်း။ ၎င်းတို့တာဝန်ကို ကိရိယာအမည်သညာသေချာစွာ သင်တို့စီမံကြရမည်။ 33 ပရောဟိတ်အာရုန့်သား ဣသမာ့လက်အောက်တွင် တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်း၍ အစေခံရသည့်အတိုင်း မေရာရိအဆက်အနွယ်တို့တာဝန်ကား၊ ထိုသို့ပင်တည်းဟုမိန့်တော်မူ၏။
34-35 ထိုသို့မောရှေနှင့်အာရုန်တို့သည် ပရိသတ်အကြီးအကဲတို့ပါ ကောဟတ်သားတို့တွင် အသက်သုံးဆယ်ကငါးဆယ်အထိ တွေ့ဆုံရာတဲတော်ကံကျွေးအလုပ်ဝင်၍ ဆောင်ရွက်သူတို့ကို အဆက်အနွယ်၊ အိမ်ထောင်များအလိုက် ရေတွက်ကြသော်၊ 36 အဆက်အနွယ်အလိုက် စာရင်းရလူပေါင်းကား၊ နှစ်ထောင့်ခုနစ်ရာ့ငါးဆယ်ဖြစ်၏။ 37 မောရှေဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကောဟတ်အဆက်အနွယ်တို့တွင် တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်း၍အစေခံသူ၊ မောရှေနှင့်အာရုန်တို့ရေတွက်ရလူပေါင်းကား ထိုမျှပင်တည်း။
38-39 ဂေရရှုံ့သားတို့တွင်လည်း အသက်သုံးဆယ်ကငါးဆယ်အထိ၊ တွေ့ဆုံရာတဲတော်ကံကျွေးအလုပ်ဝင်၍ ဆောင်ရွက်သူတို့ကို အဆက်အနွယ်၊ အိမ်ထောင်များအလိုက် ရေတွက်သော်၊ 40 အဆက်အနွယ်၊ အိမ်ထောင်များအလိုက် စာရင်းရလူပေါင်းကား နှစ်ထောင့်ခြောက်ရာ့သုံးဆယ်ဖြစ်၏။ 41 ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဂေရရှုံ့အဆက်အနွယ်တို့တွင် တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်း၍ အစေခံသူ၊ မောရှေနှင့်အာရုန်တို့ရေတွက်ရလူပေါင်းကား ထိုမျှပင်တည်း။
42-43 မေရာရိအဆက်အနွယ်တို့တွင်လည်း အသက်သုံးဆယ်ကငါးဆယ်အထိ၊ တွေ့ဆုံရာတဲတော်ကံကျွေးအလုပ်ဝင်၍ ဆောင်ရွက်သူတို့ကို အဆက်အနွယ်၊ အိမ်ထောင်များအလိုက်ရေတွက်သော်၊ 44 အဆက်အနွယ်အလိုက် စာရင်းရလူပေါင်းကား၊ သုံးထောင့်နှစ်ရာဖြစ်၏။ 45 မောရှေဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မေရာရိအဆက်အနွယ်တို့တွင် မောရှေနှင့်အာရုန်တို့ရေတွက်ရလူပေါင်းကား ထိုမျှပင်တည်း။
46-47 မောရှေနှင့်အာရုန်တို့သည် ဣသရေလလူမျိုးအကြီးအကဲတို့ပါ လေဝိအနွယ်သားတို့တွင် အသက်သုံးဆယ်ကငါးဆယ်အထိ တွေ့ဆုံရာတဲတော်တွင်အစေခံလျက်၊ ထမ်းလျက်၊ ဆောင်ရွက်ရန်ဝင်အပ်သူတို့ကို အဆက်အနွယ်၊ အိမ်ထောင်များအလိုက်ရေတွက်ကြသော်၊ 48 စာရင်းရလူပေါင်းကား၊ ရှစ်ထောင့်ငါးရာ့ရှစ်ဆယ်ဖြစ်၏။ 49 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောပညတ်တော်နှင့်အညီ အသီးအသီးတို့တာဝန်အငန်းအတာအလိုက် မောရှေရေတွက်သတည်း။